What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကျန်းမာရေးအတွက် ဘယ်လိုဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ရမလဲ

တောင်းမှာအကွပ်၊ လူမှာအဝတ် ဆိုတဲ့အတိုင်း ဖက်ရှင်က လူတစ်ယောက်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်တွေကို ပြောင်းလဲ ဝတ်ဆင်ရတာမျိုး ရှိတယ်ဆိုပေမယ့် တချို့ဖက်ရှင်က သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို သတိပြုဖို့တော့ လိုပါတယ်။

 

ဒါ့ကြောင့် ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ကြဉ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အသားမကောင်းတဲ့ အထည်များ

 

တချို့ဝတ်စုံတွေရဲ့ အသား၊ အထည်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် နိုင်လွန်သား၊ ပိုလီအက်စတာလို့ခေါ်တဲ့ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ အမျှင်ထည်များနဲ့ ရေယွန်ပိုးတုအထည်တွေက သင့်ရဲ့အရေပြားနဲ့ ဓာတ်မတည့်မှုတွေဖြစ်ပေါ်စေပြီး အထည်ကိုဆိုးတဲ့ ဓာတုဆိုးဆေးများကလည်း သင့်ရဲ့ကျန်းမာရေးအတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် အဝတ်အစားဝယ်တဲ့အခါ ချည်သား၊ သဘာဝပိုးထည်၊ အမျှင်ထည်တွေကို သေချာရွေးချယ် တတ်ဖို့ လိုပါတယ်။

 

(၂) ဒေါက်ဖိနပ်

 

မိန်းကလေးတွေအတွက် ဒေါက်ဖိနပ်ကလည်း မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတွေထဲက တစ်ခု အပါအဝင်ပါပဲ။ ဒေါက်ဖိနပ်စီးလိုက်ရင် မိမိကိုယ်ကိုယုံကြည်မှု ပိုတိုးလာပြီး စမတ်ကျသွားစေတဲ့ အတွက် ဖက်ရှင်ကျတဲ့ မိန်းကလေးတိုင်း ရှိထားသင့်တဲ့ အရာပါ။ ဒါပေမယ့် ဒေါက်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးတာက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒေါက်ဖိနပ်ကို ၃ နာရီထက်ပိုပြီး စီးထားမယ်ဆိုရင် ခြေထောက်ကြွက်သားများ နာကျင်ကိုက်ခဲလာတာ၊ သွေးလည်ပတ်မှု မကောင်းတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

(၃) စကင်နီဂျင်းဘောင်းဘီ

 

ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေဖို့အတွက် စကင်နီဂျင်းဘောင်းဘီကို ဝတ်ဆင်လာကြပါတယ်။ စကင်နီဂျင်းဘောင်းဘီက ခန္ဓာကိုယ်နဲ့ Fitting ဖြစ်နေတာကြောင့် သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းပါတယ်။ ဒါ့ကြောင့်လည်း လူငယ်တွေ အများအပြား ဝတ်ဆင်လာကြတာပါ။ ဒါပေမယ့် ဒီလို စကင်နီ ဂျင်းဘောင်းဘီက ဝတ်လိုက်ရင် သေသပ်ပြီး လှပသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ တင်းကြပ်လွန်းတာကြောင့် သွေးလည်ပတ်မှု နှောင့်နှေးသွားပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာတာမျိုး ဖြစ်သွားနိုင်ပါတယ်။

 

(၄) အဝတ်လျှော်ဖွပ်တဲ့ ဆပ်ပြာမှုန့်

 

အဝတ်အစားတွေကို လျှော်ဖွပ်တဲ့ ဆပ်ပြာမှုန့်တွေကို အသုံးပြုတဲ့အခါမှာ လက်အိတ်စွပ်တဲ့ သူတွေ လည်း ရှိသလို၊ ဒီတိုင်း လျှော်လိုက်ကြတာ တွေလည်း တွေ့ရပါတယ်။ ဆပ်ပြာမှုန့်အများစုက အရောင်ချွတ်ဆေး၊ ဂျေးချွတ်ဆေးနဲ့ ဓာတုပစ္စည်းများစွာ ပါဝင်တဲ့အတွက် လျှော်ဖွပ်ပြီးတဲ့ အဝတ်ကို သေချာ ရေနဲ့ မလျှော်ဖွပ်ဘူးဆိုရင် အရေပြားရောဂါဖြစ်ပွားတတ်ပါတယ်။ ဆပ်ပြာရေမစင်တဲ့ အဝတ်တွေကို ဝတ်မိမယ်ဆိုရင် အရေပြားယားယံခြင်း၊ နီမြန်းခြင်းအပြင် အလာ့ဂျစ်များ ဖြစ်ပေါ်စေနိုင်တဲ့အတွက် သတိပြု သင့်တဲ့ အချက်ပါပဲ။

 

(၅) လျှော်ဖွပ်ရခက်ခဲသော အဝတ်အစားများ

 

အအေးပိုင်းဒေသမှာ နေထိုင်တဲ့သူတွေ သတိထားရမယ့် အချက်ပါ။ သိုးမွှေးထည်၊ ချည်ထိုးထားတဲ့ အထည်တွေ၊ ဦးထုပ်၊ မာဖလာတွေကို အစဉ်အမြဲလျှော်ဖွပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမှန်တော့ ဒီလိုမလျှော်ဖွပ်ပဲ အချိန်ကြာရှည်စွာ ဝတ်ဆင်အသုံးပြုနေမယ်ဆိုရင် အထည်မှာ ကပ်ငြိနေတဲ့ ဘတ်တီးရီးယားပိုးမွှားများက သင့်ရဲ့ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် မကြာခဏ မလျှော်ဖွပ်ဖြစ်ရင်တောင်မှ နေပူလှမ်းပေးဖို့ မမေ့ပါနဲ့။

 

Myanmar Textile & Garment Guide

source: myanmaplatform

Read 893 times
Rate this item
(0 votes)