What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်သမားများ ရာနဲ့ချီ ကိုဗစ်ရောဂါပိုး ကူးစက်

ကိုဗစ်ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံ တရုံမှာ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေမှာ ရောဂါပိုးရှိနေတာ တွေ့ရတဲ့အကြောင်း သတင်းကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

 

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရန်ကုန်တိုင်းအတွင်း ယာယီပိတ်ထားရတဲ့ စက်ရုံတွေကို ဒီတပတ်ထဲ ပြန်ဖွင့်ပေးလိုက်တဲ့ အချိန်မှာပဲ စက်ရုံတရုံမှာ ရောဂါကူးစက်သူ ရာဂဏန်းအထိ တွေ့ရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မင်္ဂလာဒုံစက်မှုဇုန်က မှန်ဘီလူးစက်ရုံမှာ အလုပ်သမား ရာဂဏန်းအထိ ရောဂါကူးစက်နေတာ တွေ့ရတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အလုပ်ရှင်ရော၊ အလုပ်သမားတွေပါ တိတိကျကျလိုက်နာဖို့ လိုအပ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

 

“အဲ့မှာ စက်ရုံတစ်ရုံမှာဆိုရင် ရောဂါပိုး ကူးစက်တဲ့သူက ရာနဲ့ချီရှိတယ်ပေါ့နော်။ ၁၀၀၊ ၂၀၀ ကျော် ဝန်းကျင် ရှိနေတယ် ၊ ဖြစ်နေတဲ့အပိုင်းမှာ ဆိုလို့ရှိရင် ဒါဟာ အထူးဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။ အဓိကတော့ တစ်ယောက်နဲ့ တစ်ယောက်က နီးနီးကပ်ကပ် သူတို့အလုပ်လုပ်တဲ့ နေရာတွေ ဖြစ်မနေရဘူးပေါ့နော်။ သူတို့တွေ လက်ဆေးဖို့အတွက် အလုပ်လုပ်တဲ့နေရာနဲ့ ဝန်းကျင်မှာဆိုရင် လက်သန့်ဆေးရည်တွေ အလွယ်တကူဆေးနိုင်အောင် လုပ်ထားရမယ်၊ Face shield နဲ့ Mask ကို တပ်ထားရမယ်။ လက်ကိုလည်း အများပိုင် ပစ္စည်းလေး ကိုင်တွယ်အသုံးပြုပြီးတဲ့အခါတိုင်းမှာ လက်ကို မကိုင်တွယ်ခင် ဆေးမယ်၊ ကိုင်တွယ်ပြီးရင် ဆေးမယ်။”

 

စက်ရုံအလုပ်သမားတွေထဲမှာ ရောဂါကူးစက်သူအဖြစ် အတည်ပြုထားသူ အရေအတွက် အတိအကျနဲ့ ဘယ်လိုကူးစက်ခံရသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့လည်း ရာဂဏန်းအထိ ကူးစက်သူတွေ တွေ့ရှိခဲ့တဲ့ သတင်းကြောင့် လုပ်ငန်းတွေ ပြန်စတာ ရက်ပိုင်းသာ ရှိသေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်လုံခြုံရေး စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

 

ဒီတပတ်ထဲမှာပဲ ထောင်နဲ့ချီတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ခဲ့ပေမဲ့ ကပ်ရောဂါကူးစက်မှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ အားနည်းတာ တွေ့ရတဲ့အကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

 

“အဓိက ကူးစက်တဲ့ဟာက တချို့ ဒီ တစ်ယောက်ကနေ စပြီးတော့မှပေါ့နော်။ ကူးစက်လိုက်ပြီးဆိုလို့ရှိရင် စက်ရုံ အလုပ်ရုံထဲမှာ ထိန်းသိမ်းရတာ အင်မတန်ခက်သွားတဲ့ အနေအထားပေါ့လေ၊ ဘာလို့လဲဆိုတော့ အလုပ်တွေကို လက်ဆင့်ကမ်းပြီးတော့မှ လုပ်ရတာတွေရှိတယ်၊ နောက်ဌာနတစ်ခုထဲမှာ လုပ်ရတာတွေရှိတယ်၊ အဲ့ဒါအပြင် ကျနော်တို့ ပိုးတွေ့လူနာအလုပ်လုပ်သွားတဲ့ စက်နဲ့ စက်ပစ္စည်းတွေကို ဒီပိုးသတ်ဆေးနဲ့ ဖျန်းတဲ့ဟာတွေ အရမ်းအားနည်းကြတာတွေလည်း တွေ့ရတယ်၊ အဲ့တော့ အဲ့ဒီကနေတဆင့် ကူးစက်ကြတာလို့ ဒီလိုပဲ အကြမ်းဖျင်း သုံးသပ်ရမှာဖြစ်ပါတယ်။”

 

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက စက်တင်ဘာလ နှောင်းပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို သီတင်း ၂ ပတ်ကြာ ရပ်နားထားဖို့ အစိုးရက အမိန့်ထုတ်ခဲ့တာပါ။ သီတင်း ၂ ပတ်ပြည့်ခဲ့ပြီးနောက် ဒီလဆန်းပိုင်းမှာပဲ နောက်ထပ် သီတင်း ၂ ပတ် ရပ်နားထားဖို့ သက်တမ်းထပ်တိုးထားပေမဲ့ သတ်မှတ်ထားတဲ့ရက် မပြည့်ခင်မှာဘဲ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတွေ ပြန်လုပ်နိုင်ကြောင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူစုလူဝေးနဲ့ အလုပ်လုပ်ကိုင်ကြရတဲ့ လုပ်ငန်းခွင်မှာ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အစိုးရက စောင့်ကြည့်စစ်ဆေးဖို့ လိုတယ်လို့လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

 

“နိုင်ငံတော်ကများ ကျနော်တို့ စက်ရုံ အလုပ်ရုံတွေကို ဦးစီးပြီးတော့ စစ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ဘက်က တတ်နိုင်သလောက်ပေါ့နော်... ဝိုင်းပြီးတော့ ကျခံပေးမယ်ဆိုလို့ရှိရင် ဒါ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေ့ါနော်။ ဒါဆိုရင် ကိုယ့်စက်ရုံမှာ စစ်လိုက်တဲ့အခါကျတော့ စစ်လိုက်ရင် ချက်ချင်းသိတဲ့အခါကျတော့ လူတွေက စိတ်ထဲရှင်းသွားတာပေါ့ဗျာ၊ ဒါလေးတွေလည်း လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ဘက်က ပူးပေါင်းပါဝင်ပေးဖို့တော့ အဆင်သင့်ရှိတာပေါ့နော်။”

 

ကုန်ထုတ်လုပ်ငန်းတွေ ပြန်ခွင့်ပြုလိုက်ပြီးနောက်မှာပဲ အလုပ်သမားတွေကြား ရောဂါပိုးကူးစက်သူတွေ ရှိနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထည်ချုပ် အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြနှင်းသက်ကလည်း မှော်ဘီမြို့နယ်က လုပ်ငန်းခွင်မှာ ကူးစက်သူ တချို့ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

 

"အခု မှော်ဘီရုံတွေ စဖွင့်တော့ အခုလက်ရှိကတော့ တစ်ရုံ၊ နှစ်ရုံ၊ သုံးရုံ၊ လောလောဆယ်မှာတော့ ကျမတို့မှာ သုံးရုံ ရှိထားတယ်ပေါ့နော် ပိုးတွေ့တာ။ အခု စက်ရုံဖွင့်ဖွင့်ချင်းမှာပေ့ါ၊ ပိုးတွေ့တဲ့ လူကတော့ သုံးယောက်ပဲ ရှိပါသေးတယ်... အခုချက်ချင်းပေါ့နော်။”

 

ရန်ကုန်တိုင်း အစိုးရကတော့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့နဲ့ ပြန်လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကြပ်မတ် စစ်ဆေးဖို့ ကျန်းမာရေးလမ်းညွှန်ချက်နဲ့ မညီတာတွေ တွေ့ရှိရင် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေးထားတဲ့ အခြေအနေနဲ့ အလုပ်သမားတွေကြား ရောဂါပိုးကူးစက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

 

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုုပ်နှံမှုတွေနဲ့အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း တနင်္လာနေ့တုန်းက အွန်လိုင်းက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

 

#burmese.voanews.com

Read 797 times
Rate this item
(0 votes)