What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မန္တလေး stay home ကာလအတွင်း စက်ရုံ၊ အလုပ်ရုံမှအလုပ်သမားများ အလုပ်မဆင်းပါက လစာမဲ့ခွင့်ယူရန် ဖိအားပေးခံနေရ

မန္တလေးခရိုင်အတွင်း COVID -19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လာနေသဖြင့် ရောဂါကူးစက်ပြန့်ပွားနေမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at home ကာလသတ်မှတ်ကြေညာထားရာတွင် ဖွင့်ခွင့်မပြုထားသည့် အထည်ချုပ်လုပ်ငန်းများ ဖွင့်လှစ်နေကြပြီး အလုပ်သမားများ အလုပ်ပျက်ကွက်ပါက လစာမဲ့ခွင့်ဖြင့် စက်ရုံပိတ်ထားမည်ဟု ဖိအားပေးခံနေရကြောင်း အလုပ်သမားတွေထံက သိရပါတယ်။

 

"အထည်ချုပ်စက်ရုံက ဖွင့်ခွင့်ပေးတဲ့အထဲ မပါဘူး။ ပိတ်ထားရမယ်လို့ဘဲ သိထားတာလေ။ အခု စက်ရုံက ပထမလှိုင်းတုန်းက A အဆင့်ရလို့ဖွင့်ခွင့်ပေးတဲ့အထဲ ပါတယ်ဆိုပြီး ဖွင့်တယ်။ အလုပ်သမားတွေက မြို့နယ်ဖြတ်ကျော်ပြီး လာရမှာတွေဆိုတော့ မြို့နယ်ထွေအုပ်က ခွင့်ပြုမိန့်ပြပါဆိုတော့လည်း မပြဘူး။ နှုတ်နဲ့ဘဲပြောတာက ကျွန်မတို့လာတဲ့အခါလည်း အခုက ဒဏ်ငွေဆောင်ရမဲ့အပြင် Q Center မှာလည်း လူမှုရေးပြစ်ဒဏ်နဲ့ လုပ်ရမှာဆိုတော့ ကြောက်ကြတယ်။ဒီပြည်ကြီးတံခွန်မြို့နယ်ထဲကလူတွေတောင် အလုပ်ဆင်းဖို့မလွယ်ဘူးလေ။အခြားမြို့နယ်တွေကလာမဲ့လူတွေဆို ပိုဆိုးမှာ ကြောက်ကြတာပေါ့။ အဲ့ဒါနဲ့ဘဲ လစာမဲ့ခွင့်ယူပြီးနားနေရတာပေါ့။တချို့စက်ရုံတွေလည်းကျွန်မတို့စက်ရုံလိုဘဲ လာဆင်းနိုင်ရင်ဆင်း မဆင်းနိုင်ရင်နေ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး" လို့ ပြည်ကြီးတံခွန်မြို့နယ်ရှိအထည်ချုပ်စက်ရုံတစ်ရုံမှအလုပ်သမတစ်ဦးက ပြောပါတယ်။

 

မန္တလေးခရိုင်အတွင်း နေထိုင်သူများအနေဖြင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိအချက်(၁၇) ချက်ပါ စည်းကမ်းချက်များကို မဖြစ်မနေလိုက်နာကြရန်နှင့် နေအိမ်တွင်သာ နေပေးကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူများသိရှိစေရန်အတွက် နိုဝင်ဘာ ၂ ရက်နေ့ကပင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ရပ်အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်းတို့အတွက် မန္တလေးခရိုင်အတွင်း နေထိုင်သူများ လိုက်နာရမည့် တားမြစ်ကန့်သတ်ချက်(၁၇)ချက် ပါရှိပြီး ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ စက်သုံးဆီဆိုင် စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေး ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ရေသန့်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆက်သွယ်ရေးလုပ်ငန်းများနှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းထုတ်လုပ်ရးလုပ်ငန်းများ
စသည့် မဖြစ်မနေ ဖွင့်လှစ်ရန် လိုအပ်သော လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများ ပိတ်သိမ်းထားရမယ်လို့ ယင်းကြေညာချက်တွင် ပါရှိပါတယ် ။

 

"တချို့စက်ရုံတွေက အမိန့်စာအရဆို စားသောက်ကုန်နဲ့ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေက ပိတ်ရမှာဖြစ်ပါတယ်။ သို့သော် အချို့သောချည်မျှင်စက်ရုံတွေကဖွင့်ချင်တော့ သက်ဆိုင်ရာထွေအုပ်ခွင့်ပြုစာလည်းမပြနိုင် မြို့နယ်ဖြတ်ကျော်လာရမဲ့အလုပ်သမားတွေအတွက်မြို့နယ်ဖြတ်ကျော်ခွင့်ကတ်ကိုလည်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူး။ အလုပ်သမားတွေအနေနဲ့က ဆင်းလို့မရတဲ့အခြေအနေဖြစ်အောင် တမင်လုပ်တာပေါ့။ ပြီးတော့မှသူတို့်တွေအနေနဲ့ စက်ရုံယာယီပိတ်ထားမယ်၊ လစာမဲ့ခွင့်ယူရမယ်ဆိုပြီးလုပ်တာ၊ လစာမပေးချင်လို့လုပ်တဲ့အကွက်တွေပါ" လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က ပြောပါတယ်။

 

မန္တလေးခရိုင်အတွင်းရှိ ဈေးများကိုလည်း အချိန်အကန့်သတ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး မြို့နယ်ကျော်၍ ဈေးဝယ်ရောင်းချခြင်းများကို ခွင့်မပြုကြောင်း မန္တလေးခရိုင်အတွင်းသို့ လာရောက်သည့် မော်တော်ယာဉ်များအနက် ကုန်တင်ယာဉ်များမှလွဲ၍ ကျန်ယာဉ်များကို ညအိပ်ရပ်နားခွင့် ပြုမည်မဟုတ်ကြောင်း ညအိပ်လာရောက်သူများအနေဖြင့် ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ ထောက်ခံချက်ပါရှိရန် လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။

 

#MyanmarLabourNews

Read 773 times
Rate this item
(0 votes)