ပိုးထည်ဆိုတာ ရှေးခေတ်အခါက ဘုရင့်အထည်အလိပ်လို့ ခေါ်ဆိုရတဲ့ အထိ တန်ဖိုးကြီးတဲ့ အထည်အမျိုးအစားဖြစ်ပါတယ်။
ပိုးထည်တွေအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ ပိုးခြည်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တရုတ်လူမျိုးတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပိုးထည်ဆိုတာနဲ့ တရုတ်လူမျိုးတွေကို ပြေးမြင်မိကြမှာဖြစ်ပါတယ်။
ပိုးခြည်စတင်တွေ့ရှိပုံနဲ့ပတ်သက်လို့ ရှေးဟောင်းပုံပြင် အများအပြားရှိခဲ့ပြီး မိဖုရားဆီလင်ရှီနဲ့ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်ကိုတော့ အများကလက်ခံထားကြတယ်လို့ သိရပါတယ်။ အဲဒီပုံပြင်ကတော့ လွန်ခဲ့တဲ့ ဘီစီ ၂၇၀၀ ခန့်က တရုတ်ဧကရာဇ်တစ်ပါးရဲ့ မိဖုးရားကြီးဖြစ်သူ ဆီလင်ရှီမိဖုရားကြီးဟာ ဥယျာဉ်အတွင်း လက်ဖက်ရည်ကြမ်းသောက်နေစဉ် ပိုးစာပင်တစ်ပင်ကို မော့ကြည့်မိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ဖြူဖြူတုတ်တုတ် ပိုးကောင်တစ်ကောင်က ပါးစပ်ကနေ တောက်ပတဲ့ ခြည်မျှင်လေးတွေကို ထုတ်ပြီး ကိုယ့်ဘာသာပတ်နေတာကို မြင်တဲ့အတွက် အံ့သြစွာကြည့်နေမိပါတယ်။
အဲဒီနောက်မှာတော့ မိဖုရားကြီးက အဲဒီပိုးအိမ်ကို ဖြုတ်ယူပြီး သူသောက်နေတဲ့ လက်ဖက်ရည်ကြမ်းထဲမှာ စိမ်လိုက်ပါတယ်။ ပိုးအိမ်က ရေနဲ့ထိပြီး ပျော့သွားတဲ့အချိန်မှာ ပိုးမျှင်တွေကို ဖြည်နေရင်း ပိုးမျှင်နဲ့ အထည်ရက်လိုတဲ့ စိတ်ကူးပေါ်လာတယ်လို့ ပုံပြင်ထဲမှာ ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ မိဖုရားကြီးက ဘုရင့်ထံကနေ မြေကွက်တောင်းယူပြီး ပိုးမျှင်ကောင်တွေကို မွေးကာ အဲဒီပိုးမျှင်တွေကနေ အထည်တွေ ၊ အ၀တ်အစားတွေချုပ်လုပ်ရာက ပိုးထည်တွေ ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။ မိဘုရားကြီးဆီလင်ရှီကို အစွဲပြုပြီးတော့လည်း ပိုးထည်တွေကို “ဆီ’’လို့ခေါ်လာကြပါတယ်။ တရုတ်လူမျိုးတွေအနေနဲ့ ပိုးခြည်ထုတ်လုပ်နည်းကို အထူးလျှို့ဝှက်ခဲ့ပြီး ပိုးကောင်နဲ့ ဥတွေ ခိုးယူသူကို သေဒဏ်အထိ အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပိုးခြည်တွေကို အနောက်နိုင်ငံတွေထံ ကုန်းလမ်းနဲ့ တင်ပို့ရောင်းချရာကနေ အဲဒီလမ်းမကြီးကို “ပိုးလမ်းမ” လို့ခေါ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံကနေ ပိုးဥမျှင်အနည်းငယ်ကို ခိုးယူနိုင်ခဲ့တဲ့ ပါရှန်းဘုန်းကြီး ၂ ပါးကနေ တစ်ဆင့် ပိုးမွေးမြူရေးလုပ်ငန်းက တရုတ်နိုင်ငံပြင်ပကို ပျံ့နှံ့ခဲ့ပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်လူမျိုးတွေကနေ စတင်ခဲ့တဲ့ ပိုးမွေးမြူရေးလုပ်ငန်းနဲ့ ပိုးခြည်ထုတ်လုပ်မှုတွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပြီး လက်ရှိမှာ ဂျပန်နိုင်ငံက ပိုးခြည်ရိုင်းအထွက်ဆုံး နိုင်ငံဖြစ်သလို တရုတ်နိုင်ငံက ဒုတိယအများဆုံးထွက်တဲ့ နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။
Source:wikipedia