What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19 ရိုက်ခတ်မှုနှင့် ဝန်ထမ်းများအတွက် လုံလောက်သည့်အော်ဒါ မရှိခြင်းကြောင့် လှိုင်သာယာမြို့နယ်ရှိ MP Garment အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်း

COVID-19 ရိုက်ခတ်မှုနှင့် ဝန်ထမ်းများအတွက် လုံလောက်သည့်အော်ဒါ မရှိခြင်းကြောင့် လှိုင်သာယာမြို့နယ်ရှိ MP Garment အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ၂၅ ရက်တွင် ယင်းစက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။

 

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက စက်ရုံပိတ်သိမ်းသည်ဟု စာကပ်ကြောင်း၊ ယင်းစာထဲတွင် ဦးရွှေအိုးလမ်း၊ စက်မှုဇုန် (၂)၊ လှိုင်သာယာမြို့နယ်ရှိ MP Garment အထည်ချုပ်စက်ရုံသည် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရသော် လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ COVID-19 ရိုက် ခတ်မှုကြောင့်သော် လည်းကောင်း၊ ဝန်ထမ်း များအတွက် လုံလောက်သည့် အော်ဒါမရှိခြင်းကြောင့်သော် လည်းကောင်း စက်ရုံကို ဒီဇင်ဘာ ၂၄ ရက်မှစ၍ အပြီးပိတ်သိမ်းမည် ဖြစ်ပါသောကြောင့် ဝန်ထမ်းများ၏ လုပ်ခလစာ နှင့် လုပ်သက်အလိုက် နစ်နာကြေးများကို ဝန်ထမ်းများနှင့်ညှိနှိုင်း၍ ပေးချေသွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားကြောင်း သိရသည်။

 

ထိုသို့ စက်ရုံမှ စာကပ်ခြင်းသည် အလုပ်သမားများကို နို့တစ်စာ မပေးဘဲ ကပ်ခြင်းဖြစ်ပြီး နစ်နာကြေးပေးမည့် နှုန်းထားမှာ လုပ်သက် တစ်နှစ်မှ ငါးနှစ်အထိကို နစ်နာကြေး တစ်လစာ၊ လုပ်သက် ငါးနှစ်အထက်မှ ၁၀ နှစ်အထိကို နစ်နာကြေး နှစ်လစာ၊ လုပ်သက် ၁၀ နှစ်အထက်ကို နစ်နာကြေး သုံးလစာဟု သတ်မှတ်ပေးထားကြောင်း၊ ယင်းသတ်မှတ်ပေးခြင်းသည် ဥပဒေနှင့် မညီကြောင်း ယင်းစက်ရုံမှ အလုပ်သမားဖြစ်သူ ကိုအောင်ဇော်မိုးက ပြောကြားသည်။

 

“ကျွန်တော်တို့ကို notice စာ မပေးဘဲနဲ့ မနေ့က ၂၄ ရက်က ကျွန်တော်တို့ စက်ရုံကို သွားသေးတယ်။ စက်ရုံ ပိတ်မလား၊ မပိတ်ဘူးလား ဆိုတဲ့ကိစ္စနဲ့ စက်ရုံရှေ့ကို သွားတယ်။ သွားပြီး ညနေ ၄ နာရီလောက်မှာ ပြန်တယ်။ ပြန်တော့ ၆ နာရီလောက်မှာ စာလာကပ်တယ်။ ကပ်တော့ ကျွန်တော်တို့ သွားကြည့်တော့ ၂၄ ရက်ကစပြီး စက်ရုံကို အပြီးပိတ်သိမ်းပါတယ်ပေါ့။ notice စာ မပေးဘဲနဲ့ပေါ့။ ပြီးတော့ လစာနှုန်းထားကလည်း တစ်နှစ်ကနေ ငါးနှစ်ကို တစ်လ၊ ငါးနှစ်အထက်ကို နှစ်လ၊ ၁၀ နှစ်အထက်ကို သုံးလတဲ့။ အဲဒီစာမှာ နှုန်းထားတွေ ရေးထားတယ်။ အဲဒီနှုန်းထားတွေကလည်း ဥပဒေနဲ့ မညီတဲ့အတွက် ကျွန်တော်တို့က တနင်္လာနေ့ကျရင် လူစုပြီးတော့ အလုပ်သမားရုံးကို သွားဖို့ အစီအစဉ်တော့ ရှိတယ်။ ရေးထားတာကတော့ လုပ်ငန်းလည်ပတ်မှုအတွက် အော်ဒါမရှိတာတို့၊ ပြီးတော့ ကိုဗစ်ကြောင့် စီပွားရေး အဆင်မပြေတာတို့ အဲဒါတွေ အကြောင်းပြပြီးတော့ စက်ရုံကို ပိတ်သိမ်းပါတယ်ပေါ့”ဟု ကိုအောင်ဇော်မိုးက ပြောကြားသည်။

 

ယင်းအပြင် နစ်နာကြေးကို မည်သည့်နေ့တွင် မည်ကဲ့သို့ ပေးမည်ကို တိတိကျကျ မရေးထားသည့်အတွက် ဒီဇင်ဘာ ၂၈ ရက်တွင် အလုပ်သမားရုံးသို့ သွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း၊ စက်ရုံတွင် အလုပ်သမား ၈၀ ကျော်ရှိရာ ၇၀ ကျော်ကို နစ်နာကြေးပေးရန် ကျန်ရှိပြီး ဒီဇင်ဘာ လစာကိုလည်း နစ်နာကြေးပေးသည့်နေ့တွင် တစ်ပါတည်း ပေးရမည်ဟု ကိုအောင်ဇော်မိုးက ဆက်လက် ပြောကြားသည်။

 

“အခက်အခဲကတော့ အများကြီးရှိတယ်။ ဒီအချိန်မှာ စက်ရုံပိတ်တယ် ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေက ခက်ခဲတယ်လေ။ အားလုံးကတော့ အဆင်မပြေဘူး။ တော်တော် စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်း စက်ရုံ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်ခြင်းနှင့် အလုပ်သမားလျှော့ချသည့် စက်ရုံ၊ အလုပ်ရုံ ၂၆၉ ရုံ ရှိပြီး အလုပ်သမား ၆၅၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

 

#eleven.com

Read 686 times
Rate this item
(0 votes)