ရန်ကုန်၊ အထည်ချုပ်လုပ်ငန်း အထည်ချုပ်ကဏ္ဍတွင် လက်ခစားစနစ် (CMP)မှ ကိုယ်တိုင်ထုတ်လုပ် တင်ပို့ သည့်စနစ် (FOB) သို့ ပြောင်းလဲဆောင်ရွက်ရန် နည်းပညာလိုအပ်မှုအတွက် အခိုင်အမာ လျှောက်ထားလာသည့် လုပ်ငန်းရှင်များကို ခွင့်ပြုရန်လိုအပ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တချို့၏ ပြောပြချက်အရ သိရသည်။
“CMP စနစ်က လက်ခကိုပဲယူရတာပါ။ ကိုယ်တိုင်ချုပ်၊ ကိုယ်တိုင်ထုတ်လုပ်နိုင်မယ့် တကယ့် ကုမ္ပဏီကြီး တွေက ကမ္ဘာ့ဘဏ်အထောက်အပံ့တွေနဲ့ လျှောက်ထားလာတာတွေကို ခွင့်ပြုသင့်ပါတယ်။ ဒါမှလည်း နည်းပညာတွေလေ့လာနိုင်မယ်၊ သင်ယူနိုင်မယ်၊ အလုပ်အကိုင်တွေ ပေါများလာမယ်” ဟု အထည်ချုပ် လုပ်ငန်းရှင် ဦးအေးသောင်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်ကဏ္ဍကို CMP စနစ်ဖြင့် ဆောင်ရွက်နေပြီး FOB စနစ်ဖြင့် ရေရှည် ဆောင်ရွက်နိုင်ရန် အထည်ချုပ်နည်းပညာရှင်များ၊ ချည်မျှင်နှင့် အထည်အလိပ် အင်ဂျင်နီယာများအတွက် အဆင့်မြင့်နည်းပညာများ လိုအပ်ချက်ရှိနေသည်။
ယင်းအတွက် CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းရန် မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်နေကြောင်း၊ အလုပ်သမားများကို ကျွမ်းကျင် လုပ်သားဖြစ်စေရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းသတင်း