What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သောကပွေတဲ့ စိုင်းထွန်းရွှေ

စိုင်းထွန်းရွှေဟာ သောကများနေတဲ့ လူတစ်ယောက်ပါ။ ထိုင်းမှာ နေထိုင်လုပ်ကိုင်လာတာ ၁၃ နှစ် ကြာပြီ။

အထည်ချုပ်စက်ရုံတစ်ခုမှာ ၉ နှစ်တိုင်တိုင် လုပ်ခဲ့တယ်။ အခု သူ့ရဲ့ work permit က သက်တမ်းကုန်တော့မယ်။ သက်တမ်းအသစ် လုပ်လို့ ရမရ မသေချာတဲ့အဖြစ်ကို သူ ပထမဆုံးအကြိမ် ကြုံနေရတယ်။ ‘‘အဲဒါကို ကျနော် အချိန်မီ မလုပ်နိုင်ရင် ကျနော် ပြဿနာ အကြီးအကျယ်တက်ပြီ’’ လို့ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား စိုင်းထွန်းရွှေက ပြောပြပါတယ်။

စိုင်းထွန်းရွှေ တစ်ယောက်တည်း အခုလို ကြုံနေရတာ မဟုတ်ဘူး။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ၂ သန်းဟာလည်း သူတို့ရဲ့ work permit ကို အခုမတ်လ မကုန်ခင်မှာ သက်တမ်းအသစ်တိုးဖို့ ကြိုးပမ်းနေကြရတယ်။ မတ်လကုန်ပြီးရင် ဥပဒေအသစ်အရ အရေးယူတဲ့အခါ ငွေဒဏ်အပြင် ထောင်ပါ ချနိုင်တယ်။ စာရွက်စာတမ်းတွေ ပုံစံတကျ ကျကျနန မလုပ်ထားရင် အရေးယူခံရလိမ့်မယ်။

အလုပ်ရှင်တွေ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာ လာတဲ့ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေကို မတ်လ ၃၁ ရက် မတိုင်ခင် စာရွက်စာတမ်း လုပ်ထားဖို့ အကြံပေးပါတယ်။ ပျက်ကွက်ရင် ဥပဒေအရ အရေးယူခံရမယ်လို့ ဒီလထဲမှာ အစိုးရက ကြေညာခဲ့တယ်။

ပြောင်းရွှေ့လုပ်သားတွေဟာ လာမယ့်ဇွန်ကုန် မတိုင်ခင်မှာ မိမိအစိုးရရဲ့ နိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုချက်ကို ရယူထားဖို့လည်း လိုတယ်။

ကြောက်ရွံ့စိုးရိမ်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ ထပ်ဖြည့်ထည့်လိုက်တာကတော့ အာဏာသိမ်းအစိုးရရဲ့ ၀န်ကြီးချုပ်က မှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ပြည်ပလုပ်သားတွေကို စေခိုင်းတာနဲ့ပတ်သက်လို့ နာမည်ပျက်နေတာကို ရှင်းထုတ်ဖို့ အစပြုလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကဏ္ဍမှာ ခေတ်သစ်ကျွန် ပုံစံဖြင့် လုပ်ကိုင်နေကြရတာကို နိုင်ငံတကာမှ ဝေဖန်ပြစ်တင်နေကြပါတယ်။ အီးယူမှ စီးပွားရေး ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတယ်။ အဲဒါကြောင့် အလုပ်သမားဥပဒေကို ပိုမိုကောင်းမွန်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်။
တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းသုံးစွဲရင် အလုပ်ရှင်ကိုပါ အရေးယူ အပြစ်ပေးမှာ ဖြစ်ပါတယ်။ သက်တမ်းရှိတဲ့ work permit ရှိဖို့ လိုတယ်။ မနှစ်တုန်းက အဲဒီလို ကြေညာခဲ့ပြီးတဲ့နောက်မှာ ထောင်ချီတဲ့ ဦးရေ ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ပြည်တော်ပြန်ခဲ့ကြတယ်။

ဥပဒေမှာ ပြဋ္ဌာန်းထားတာက တရားမ၀င်လုပ်သားကို ဒဏ်ငွေ ဘတ် တစ်သိန်း (ကန်ဒေါ်လာ ၃၂၀၀) ချမယ်။ ထောင်ဒဏ်ကို ၅ နှစ်အထိ ချနိုင်တယ်။ အလုပ်ရှင်က တရားမ၀င်လုပ်သား ငှားရမ်းရင် ဘတ် ၄ သိန်းကနေ ၈ သိန်းအထိ ဒဏ်ငွေ ချနိုင်တယ်။ အဲဒါ တရားမ၀င်လုပ်သား တစ်ဦး ငှားရမ်းတာအတွက် ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။ တရားမ၀င်လုပ်သား ငှားရမ်းစေခိုင်းတဲ့ဦးရေ ပိုများရင် များသလို ဒဏ်ကြေးတွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထောင်ဒဏ်ကိုတော့ ၁၀ နှစ်အထိ ချနိုင်တယ်။

ဒီတော့ အလုပ်သမားတွေရော၊ အလုပ်ရှင်တွေရော ကြောက်ရွံ့ကုန်ကြတယ်။ ဒါပေမဲ့ ဥပဒေကို မတ်လ ၃၁ ရက်မှာ မပြဋ္ဌာန်းခင်မှာ ပြစ်ဒဏ်တွေကို လျော့ပေါ့တဲ့ ပြင်ဆင်ချက်တွေ ရှိမယ်လို့လည်း မျှော်လင့်ကြတယ်။

၂၀၁၄ ခုနှစ်ကစလို့ ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သား မူဝါဒကို ပြန်လည်ဖွဲ့တည်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ကဏ္ဍတွေမှာ ရွှေ့ပြောင်းလုပ်သား ဦးရေ ၃.၂၅ သန်း လုပ်ကိုင်ပေးနေကြတယ်။ အဲဒီမှာ လူကုန်ကူးတာ၊ အဓမ္မစေခိုင်းတာနဲ့ အခြား ရက်စက်မှုတွေ ရှိနေတာမို့ ဝေဖန်ပြစ်တင်ခံနေရတယ်။

ရွှေ့ပြောင်းလုပ်သာေးတွက စာရွက်စာတမ်းတွေ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို နားမလည်ကြဘူး။ အလုပ်ရှင်တွေကလည်း အဆင့်ဆင့်တွေ ရှိနေတာ နားမလည်ကြဘူး။ ဒီတော့ ပွဲစားတွေ သုံးပြီး စာရွက်စာတမ်းကိစ္စတွေကို လုပ်ကြရတယ်။

စိုင်းထွန်းရွှေ အဖို့မှာတော့ သူ့ရဲ့ work permit သက်တမ်းအသစ်တိုးဖို့အတွက် စာရွက်စာတမ်း ၀င်္ကပါထဲ သွားရတဲ့အခါ ပွဲစားတွေက သေရေးရှင်ရေးတမျှ အရေးကြီးတယ်။ သူက ပြောတယ်။ ‘‘ကျွန်တော် ပွဲစားတစ်ဦး ခေါ်မယ်။ သူနဲ့ အမြဲ လုပ်နေကျ။ ကိုယ့်ဘာသာကိုယ် လုပ်မယ်ဆိုရင် အချိန်အရမ်းကြာတယ်။ ပြီးတော့ လုပ်ရတဲ့အဆင့်ဆင့်က ရှုပ်ယှက်ခတ်နေတယ်’’

ပွဲစားခ တောင်းမယ့် ပွဲစားခကို ဘယ်ဈေးပဲဖြစ်ဖြစ် သူ ပေးမယ်။ ကုန်ကျစရိတ်ကို အလုပ်ရှင်က ပေးစရာမလိုဘူး။ အလုပ်သမားကပဲ ပေးရတယ်။ အဲဒီတော့ မရှိရတဲ့အထဲ အကြွေးတင်ပြီး ဆင်းရဲခြင်းသံသရာထဲ နစ်နေစေပါတယ်။

အကြွေးလည်း ကြေရော သူတို့ရဲ့ work permit က သက်တမ်းကုန်လို့ ပွဲခတစ်ခါ ထပ်ပေးပြီး သက်တမ်းတိုးရပြန်တယ်။ ပွဲစားတွေရဲ့ ကဏ္ဍကို အစိုးရက ချုပ်ထိန်းပေးထားခြင်း မရှိဘူး။

ဥပဒေအသစ်က ရွှေ့ပြောင်းလုပ်သားတွေ အလုပ်ပြောင်းလုပ်တာကို ထင်တိုင်း ပြောင်းလို့ မရဘူး။ တားမြစ်ထားတယ်။ ပြောင်းမယ်ဆိုရင် လက်ရှိအလုပ်ရှင်ထံမှ ခွင့်ပြုချက် ရယူဖို့ လိုတယ်။ ဒီတော့ အလုပ်ရှင်ရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေကြမယ်။

ဝင်းရီရဲ့ ဇာတ်လမ်းက ထိုင်းနိုင်ငံရဲ့ လုပ်ခနည်းပါး ပြည်ပလုပ်သားတွေရဲ့ နစ်နာတဲ့ဘ၀တွေအတွက် နမူနာ တစ်ခု ဖြစ်ပါတယ်။ သူက မြန်မာထိုင်း နယ်စပ်အနီးရှိ မဲဆောက်မြို့မှ အထည်ချုပ်စက်ရုံတစ်ရုံမှာပဲ စွဲစွဲမြဲမြဲ လုပ်ခဲ့တာ ၁၂ နှစ် ရှိပြီ။ တစ်နေ့အတွက် အနည်းဆုံးလုပ်ခ ဘတ် ၃၀၀ ရဲ့ တစ်ဝက်ကိုပဲ ရတယ်။ နှစ်တွေကြာပေမဲ့ လုပ်ခက မတိုးလို့ စိတ်ပျက်တယ်။ ဒီတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ခတိုးပေးဖို့ ဆန္ဒပြတာမှာ ပါဝင်ခဲ့တယ်။
ဆန္ဒပြပြီး နောက်တစ်နေ့မှာ စက်ရုံပိတ်ထားတယ်။ စက်ရုံမှ မြန်မာလုပ်သား အများစု ပါဝင်တဲ့ လုပ်သားတွေအကုန်လုံးကို အလုပ်ဖြုတ်လိုက်တယ်။ နောက်ဆုံးလစာကို မပေးဘူး။ နစ်နာကြေးဆိုတာ ဝေးရော။
‘‘ကျမတို့ တစ်နေ့ ဘတ် ၁၄၀ ပဲရတယ်။ အဲဒါ ဥပဒေနဲ့ မညီဘူးဆိုတာ ကျမတို့ မသိခဲ့ဘူး’’ လို့ ၀င်းရီက ပြောပြတယ်။ သူက သူ့အမည်အမှန်ကို မဖော်ပြဖို့ ပြောတယ်။ အရင် အလုပ်ရှင်က အသရေဖျက်မှုနဲ့ တရားစွဲမှာကို သူ ကြောက်တယ်။ အဲဒီအမှုနဲ့ တရားစွဲတာက ထိုင်းနိုင်ငံမှာ လုပ်နေကျ ပိုဖြစ်လာနေတယ်။
သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ထိုင်းစကားကို ရေလည်အောင် မပြောတတ်ကြတော့ တရားစွဲဖို့ မဖြစ်နိုင်ဘူး။ ၀င်းရီက ပြောတယ်။ ‘‘ကျမတို့ ဘယ်တော့မှ တိုင်တန်းတာ လုပ်နိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်ကို ပြန်ဖို့ပဲရှိတယ်’’


ကိုးကား
THAILAND SAYS IT IS TRYING TO PROTECT MIGRANT WORKERS. SO WHY ARE THEY ALL SO WORRIED? by BY LAURA VILLADIEGO (18 MAR 2018)

Read 975 times
Rate this item
(0 votes)