What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင် ဈေးကွက် ပျောက်နိုင်ဟု ဆို

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင် ဈေးကွက် ပျောက်နိုင်ဟု ဆို google

ကိုဗစ် ဒုတိယလှိုင်းတွင် လက်ခစား ကုန်ထုတ်ဝန်ဆောင်မှု (CMP) စက်ရုံများကို နှစ်ပတ်ကြာ ရပ်နားခိုင်းခဲ့ခြင်းက ရေရှည် တွင် ဈေးကွက် ပျောက်နိုင်မည့် အခြေအနေ ရှိကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ 


စက်ရုံများကို ပြင်ဆင်ချိန် ၃ ရက်သာ ပေးခဲ့ရာ လက်ရှိ အော်ဒါများကို ပြီးစီးခြင်း မရှိပါက အော်ဒါများ ပျက်သည့်အပြင် အခြားနိုင်ငံများသို့ပါ ဈေးကွက်ရွှေ့သွားနိုင်သည့် အခြေအနေ ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟို အလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်း က ပြောသည်။

 

“ချက်ချင်းကြီး လုပ်လိုက်တဲ့ အချိန်မှာ ကျနော်တို့ Customer တွေနဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူး။ Customer ကတော့ ရှင်းရှင်းလေးပဲ ဒီနိုင်ငံမှာ မရရင် တခြားနိုင်ငံကို သွားမှာပဲ။ စက်ရုံတွေကနေ ကူးပါမယ် ဆိုတဲ့ သံသယ တခုတည်းနဲ့ ပိတ် လိုက်တဲ့အချိန်မှာ ကျနော်တို့ရဲ့ အထည်ချုပ် ဈေးကွက်ကြီးတခုလုံးက တခြားနိုင်ငံကို ရွှေ့သွားဖို့ ရှိတယ်” ဟု ဦးအောင် မျိုးဟိန်းက ဆိုသည်။

 

ကိုဗစ်ကူးစက်မှု အရှိန်အဟုန်နှင့် မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တခုလုံး (ကိုကိုးကျွန်း မပါ)ကို Stay at Home အိမ်တွင်သာနေရန် ညွှန်ကြား ချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်အရ ခြွင်းချက် ခွင့်ပြုထားသည့် ငွေကြးဝန် ဆောင်မှု၊ အစားအသောက်၊ ပြည်သူ့ ဝန်ဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှအပ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်းများ အားလုံးမှာ စက်တင်ဘာလ ၂၁ ရက် နံနက် ၈ နာရီမှ စတင်ပြီး နေအိမ်မှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပါရှိသည်။

 

ထို့ပြင် CMP စက်ရုံများ အနေဖြင့်လည်း စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ၂ ပတ်တာ ပိတ်ထားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

အစိုးရမှ တရားဝင် ပိတ်ခိုင်းသည့် ကိစ္စဖြစ်သဖြင့် Customer များဖြင့် ညှိနှိုင်းရမည် ဖြစ်ပြီး အချိန်မီ မပြီးသည့်အတွက် လျော်ကြေးပေးရခြင်းမျိုး မဖြစ်နိုင်ဟု ယူဆထားကြောင်း လှိုင်သာယာမြို့နယ် အထည်ချုပ်လုပ်ငန်း အလုပ်ရှင်အဖွဲ့ အစည်း ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးက ပြောသည်။

 

“နိုင်ငံတော်အနေနဲ့ ဒီလို ကြေညာတာမျိုး ဖြစ်တဲ့အတွက်ကြောင့် Force Majeure ပေါ့။ ကျနော်တို့မှ မတတ်နိုင်တဲ့ ကိစ္စပဲ။ ဆိုင်ရာနဲ့ ပြန်ညှိရမှာပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ ကျနော်တို့ကို လျော်ကြေး တောင်းလို့ရတော့ မရလောက်ဘူးလို့ ယူဆတယ်” ဟု၎င်းက ပြောသည်။

ဆက်လက်ပြီး ဒေါက်တာ ခင်မောင်အေးက “ဒါပေမယ့် Buyer က နောက်အော်ဒါ ချပေးတာ မချပေးတာကတော့ နောက် တပိုင်းပေါ့” ဟု ဆိုသည်။

 

အလုပ်သမားများဘက်ကလည်း အဆိုပါ ၂ ပတ်တာ စက်ရုံပိတ်ထားသည့် ကာလအတွင်း လုပ်ခလစာ ရ မရနှင့် ပတ်သက် ပြီး အစိုးရကို စာပေးပို့ မေးမြန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောသည်။

 

ယခု ဒုတိယလှိုင်း အလုပ်ပိတ်ရသည့် အခြေအနေနှင့် ပတ်သက်ပြီး လုပ်ခလစာ ပေးနိုင်မည် မဟုတ်ကြောင်း လုပ်ငန်းရှင် များဘက်က ပြောဆိုလျက် ရှိသည်။

 

“နိုင်ငံတော်က ပိတ်ခိုင်းတဲ့ကိစ္စပဲ။ နိုင်ငံတော်က ပိတ်ခိုင်းတယ်ဆိုရင် ကျန်းမာရေး အကြောင်းပြချက်နဲ့ ပိတ်ရတာ ဖြစ် တယ်။ ဒါကြောင့် လူမှုဖူလုံရေးနဲ့ပဲ တိုက်ရိုက် ပတ်သက်မှု ရှိမှာ။ ကျနော်တို့ လုပ်ငန်းရှင်တွေနဲ့ ဘာမှ အငြင်းပွားစရာ မရှိ ဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။

လုပ်ခလစာနှင့် ပတ်သက်ပြီး အစိုးရဘက်က ဖြေရှင်းပေးမည်ဟု အလုပ်သမား အဖွဲ့အစည်းများကလည်း မျှော်လင့်လျက် ရှိသည်။

 

“လုပ်အားခနဲ့ ပတ်သက်ပြီးတော့ အစိုးရက အစည်းအဝေးတွေ လုပ်နေပါတယ်။ သူတို့မပြတ်သေးလို့ပါ။ ပေးမယ်ဆိုတာ ကိုတော့ သိရတယ်။ ဘယ်ပုံစံနဲ့ ပေးမယ် ဆိုတာကို မသိရသေးတာပါ။ ညွှန်ကြားချက် ဆက်ပြီး ထွက်ပါမယ်။ စောင့်ပေးပါ ပြောလို့ စောင့်နေတာပါ” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

 

၂ ပတ်နှင့် ထိန်းချုပ်မရ၍ ထို့ထက်ပိုကြာလျှင် ဈေးကွက် ပျက်စီးပြီး အလုပ်သမား သိန်းနှင့်ချီ အလုပ်ပြုတ်ရမည်ကို ထည့် တွက်ရန်လည်း လိုအပ်ကြောင်း ဦးအောင်မျိုးဟိနု်းက ပြောသည်။

 

“ဈေးကွက်တခုလုံး ပျက်သွားရင် ဒီလူတွေက အလုပ်ပြုတ်ဖို့ သေချာနေပြီ။ ဒီ ရိုက်ခတ်မှုက အစကတည်းကမှ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အထည်ချုပ်ကို ထိုးနှက်ချက် အရမ်းကြီးတယ်။ ကျနော်ထင်တယ် ပြန်ဖွင့်မယ့် ရုံက ၅၀ ရာခိုင်နှုန်း မကျော်ဘူး” ဟု ၎င်း က ပြောသည်။

 

မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၆၀၆ ရုံ ရှိပြီး အထည်ချုပ်လုပ်သား ၆ သိန်းနီးပါး ရှိသည့်အနက် ၈၀ ရာခိုင်နှုန်း အထက်မှာ ရန်ကုန်မြို့တွင် ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ၏ CMP လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်းများ အပြင် မိုလ်ဘိုင်းဖုန်း အပိုပစ္စည်းလုပ်ငန်း၊ အိတ်ချုပ်လုပ် ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်လုပ်ငန်း၊ ဖိုင်ဘာနှင့် အသက်ကယ်သင်္ဘောလုပ်ငန်း၊ မီးဖိုချောင်သုံး ကုန် ပစ္စည်းလုပ်ငန်း၊ ဆံပင်အတု လုပ်ငန်း၊ မှန်ဘီလူးနှင့် ကင်မရာလုပ်ငန်း၊ စက်မှုပစ္စည်း လုပ်ငန်းများလည်း ရှိနေသည်။

 

စီးပွားရေးအရ စိုးရိမ်ရသော်လည်း ယခုကဲ့သို့ ကျန်းမာရေးအရ မလွှဲမရှောင်သာ အခြေအနေတွင် လုပ်သင့်လုပ်ထိုက်သည် ကိုတော့ လုပ်ရမည် ဖြစ်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

 

“ဒီအချိန်မှာ စက်ရုံ တရုံရုံမှာ Breakdown ထပ်ဖြစ်ခဲ့မယ်ဆိုရင် Health System တခုလုံး မပေါက်ကွဲသွားခင် တချို့ကိစ္စ တွေမှာ ဘယ်လောက်ပဲနာနာ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမယ်လို့ ထင်တယ်”ဟု ဦးခင်မောင်အေးက ဆက် ပြော သည်။

 

ကိုဗစ် ဒုတိယလှိုင်း ဖြစ်သည့် သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါပိုး တွေ့ရှိ မှုသည် ရန်ကုန်တိုင်း ဒေသကြီးတွင် ၃,၆၇၂ ဦး၊ ရခိုင်ပြည်နယ်တွင် ၉၇၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၆၃ ဦး၊ မွန် ပြည်နယ်တွင် ၁၆၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၄၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၂၉ ဦး၊ နေပြည်တော်တွင် ၇၆ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် ၂၇ ဦး ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၀ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၆ ဦးနှင့် တွေ့ရှိ ထားခြင်း ဖြစ်သည်။

 

မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၅,၈၀၅ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၉၇ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁,၂၆၀ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Source: burma.irrawaddy.com

Read 893 times
Rate this item
(0 votes)