What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတက်အကျများနှင့် အထည်ချုပ်လုပ်ငန်းခရီး

မေလအတွင်းက အနည်း ဆုံး လုပ်ခလစာတိုး မြှင့်ပေးရေး အပါအဝင် လုပ်ငန်းခွင် ရပိုင်ခွင့်များအတွက် စက်ရုံဂိတ်ပေါက်ကိုပိတ်ဆို့ကာ သပိတ်စခန်းဖွင့်လှစ်ခံရသည့်

လှိုင်သာယာမြို့နယ်ရှိ ပုလဲအထည်ချုပ်စက်ရုံသည် ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့် ပိတ် သိမ်းမည့် စက်ရုံများစာရင်းတွင် ပါဝင်ခဲ့သည်။

နာမည်ကြီးသွားတဲ့ ပုလဲ
***************
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ခဲ့သည့် နှစ်လအတွင်း ပိတ်သိမ်းမည့် စက်ရုံများဆိုသည့် စက်ရုံ ၁၄ ရုံစာရင်း၌ လုပ်သား အင်အား ၆၀၀ ခန့် လုပ်ကိုင်နေသော ပုလဲအထည်ချုပ်စက်ရုံအမည် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံများစာရင်း၌ ပုလဲအထည်ချုပ်စက်ရုံအပြင် အလုပ်သမားအင်အား ၅၀၀ ခန့်စီရှိသည့် အခြားအထည်ချုပ်စက်ရုံ သုံးရုံ၏အမည်များလည်း ပါဝင်ခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက် မြင့်မားစွာရှိနေသည့် စီးပွားရေးမြို့တော် ရန်ကုန် လူထုကို စိုးရိမ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ခုမှာ ဇူလိုင် ၁ ရက်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံ ရန် အခက်အခဲရှိခြင်းကြောင့်ဟု ဆိုကာ ပိတ်သိမ်းပြီးနောက် ယခု ကဲ့သို့စက်ရုံများ ပိတ်သိမ်းမည့် သတင်း ထွက်ပေါ်လာသဖြင့် စိုး ရိမ်မှုကို ပိုမိုဖြစ်စေခဲ့သည်။

‘‘စက်ရုံတွေ ဆက်တိုက်ပိတ်မယ့်သတင်းကြောင့် ဘယ်တော့ ကိုယ်လည်း အလုပ်လက်မဲ့ဖြစ် လာမလဲဆိုတာ တွေးပူမိတယ်’’ဟုလှိုင်သာယာစက်မှုဇုန်ရှိ အထည် ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေ သည့် မဇင်မာစိုးကပြောသည်။

ထိုသို့ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမည့်သတင်း ကျယ်ပြန့်စွာ ထွက်ပေါ်လာနေသော်လည်း ပုလဲ အထည်ချုပ်စက်ရုံသည် လက်ရှိတွင် လုပ်ငန်းလည်ပတ် လျက်ရှိသည်။

ယင်းစက်ရုံ၏ အကြီးအကဲ တစ်ဦးဖြစ်သည့် မတိုးတိုးက စက် ရုံပိတ်သိမ်းမည်ဆိုသည့် သတင်းကို ငြင်းဆိုပြီး နားလည်မှုလွဲမှား ခြင်းဖြစ်သည်ဟု ထွက်ပေါ်နေသည့် သတင်းစကားများအပေါ် ပြန်လည်ရှင်းလင်းသည်။

‘‘ကျွန်မတို့စက်ရုံကို အရင်က ပုလဲအထည်ချုပ်စက်ရုံနဲ့ မြန်မာ ဧပရယ်ဆိုတဲ့ အမည်နှစ်မျိုးနဲ့ မှတ် ပုံတင်ပြီး လည်ပတ်နေခဲ့တာပါ။ အခုက နာမည်နှစ်မျိုးနဲ့ နေရာတစ် ခုတည်း အသုံးပြုခွင့်မရတော့ဘူး ဆိုပြီး သက်ဆိုင်ရာက အကြောင်း ကြားလာလို့ ‘ပုလဲ’ အမည်ကို ဖျက်သိမ်းလိုက်ပြီး ‘ဧပရယ်မြန်မာ’ အမည်ကိုပဲ အတည်ယူလိုက်တယ်။ စက်ရုံက ဒီအတိုင်းပါပဲ။ အလုပ်သမားတွေလည်း ဒီလူတွေ ပါပဲ’’ ဟု အဆိုပါစက်ရုံ လက် ထောက်မန်နေဂျာ မတိုးတိုးက ပြောသည်။

သို့သော် စက်ရုံများပိတ်သိမ်း မည်ဆိုသည့် သတင်းကသာ လူထု အကြား ပိုမိုပျံ့နှံ့နေပြီး အလုပ်အ ကိုင်အခွင့်အလမ်းများစွာ ဖော် ဆောင်ပေးနိုင်သည့် အထည်ချုပ် လုပ်ငန်းများ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများနှင့်အတူ မေးခွန်း များလည်း ထွက်ပေါ်ခဲ့သည်။

အခွင့်သာခြင်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများ
****************
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့် နှစ်အလွန်ကစကာ အရှိန်ရလာ သည့် အထည်ချုပ်ကဏ္ဍသည် အ ခွင့်အလမ်းကောင်းများဖြင့်အတူ စိန်ခေါ်မှုများပါ ရင်ဆိုင်နေရသည့် လုပ်ငန်းကဏ္ဍဖြစ်သည်။

‘‘ဒီအချိန်မှာ ယှဉ်ပြိုင်မှုတွေ လည်း ပိုပြင်းထန်နေတယ်။ သာ မန်အင်အား၊ သာမန်အနေအထား နဲ့ လုပ်နေသူတွေကတော့ ဆက် လုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်’’ ဟု စက်မှုဇုန်ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ခုနစ်သိန်းခန့်ကို အလုပ်အကိုင်အ ခွင့်အလမ်းပေးထားနိုင်သည့် အ ထည်ချုပ်ကဏ္ဍသည် နိုင်ငံအ တွက် အရေးကြီးသည့် အခန်း ကဏ္ဍတွင် ရှိနေသည်။

မှန်းချက်နဲ့ နှမ်းထွက်
*************
နိုင်ငံတော် အနေဖြင့်လည်း အထည်ချုပ်လုပ်ငန်းများ ပိုမိုတိုး မြှင့်ဝင်ရောက်လာရေးကို မျှော် လင့်ထားပြီး ၂၀၂၀ ပြည့်နှစ်တွင် အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၅ သန်းအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ထူးက ပြောကြားထားသည်။

သို့သော် လက်ရှိတွင် အ ထည်ချုပ်စက်ရုံများ၌ လုပ်ငန်းခွင် မတည်ငြိမ်မှု၊ လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ ချေးငွေအတိုးနှုန်း ကြီးမြင့်မှုနှင့် အခြေခံလိုအပ်ချက် မပြည့်စုံမှုများကြောင့် ရင်းနှီးမြှုပ် နှံထားသူများက ညည်းတွားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ် ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက အထည်ချုပ်လုပ်ငန်းများအနေ ဖြင့် အစိုးရ၏ ပံ့ပိုးမှု အားနည်းမှု ကြောင့် အခက်အခဲများစွာရှိနေ သည်ဟု ဇူလိုင်အတွင်းပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ၌ သတင်းထောက်များအား ပြော ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ အထည်ချုပ်လုပ်ငန်းခွင် များ၌ မကြာခဏဆန္ဒထုတ်ဖော် ခြင်းနှင့် ဆန္ဒထုတ်ဖော်မှုမှတစ် ဆင့် အကြမ်းဖက်မှုများ ပါဝင်လာ ခြင်းက စက်ရုံလုပ်ငန်းအချို့ကို ရပ်ဆိုင်းသွားစေပြီး ရင်းနှီးမြှုပ်နှံမှု များ ထပ်မံဝင်ရောက်လာခြင်းမရှိ အောင် ဖြစ်ပေါ်စေသည့်အဓိကအ ဟန့်အတားဖြစ်သည်ဟု လုပ်ငန်း ရှင်အချို့က ဆိုသည်။

ထိုဖြစ်ရပ်များက ရင်းနှီးမြှုပ် နှံမှု ပြုလုပ်ထားသူများကို စိတ် ပျက်စေပြီး ဆက်လက်ကြီးထွား လာပါက လုပ်ငန်းများရပ်ဆိုင်း သွားမည့်အခြေအနေတွင် ရှိသည် ဟု နိုင်ငံခြားသားလုပ်ငန်းရှင်အ ချို့က ဇွန်လအတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။

‘‘လုပ်ငန်းရှင်တွေစိတ်အေး လက်အေးလုပ်နိုင်မှ အဆင်ပြေမှာ ပါ။ စိုးရိမ်ပူပန်မှုတွေများနေရင် အလုပ်လည်း မတွင်ကျယ်နိုင်ဘူး’’ ဟု လှိုင်သာယာစက်မှုဇုန်မှတရုတ် နိုင်ငံသား အထည်ချုပ်လုပ်ငန်းရှင် မစ္စတာလီက ဆိုသည်။ထို့အပြင် မေလအတွင်းက အတည်ပြု တိုးမြှင့်သတ်မှတ်ခဲ့ သည့် အနည်းဆုံးအခကြေးငွေ နှုန်းထားကလည်း ရုန်းကန်နေရ သည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ ကို ပို၍အကျပ်ရိုက်စေခဲ့သည်ဟု လုပ်ငန်းရှင်အချို့က ဖွင့်ဟသည်။

အဆိုပါဖြစ်စဉ်များကြောင့် အထည်ချုပ် ဖွင့်လှစ်လုပ်ကိုင်မှု များ ကျဆင်းလာနိုင်သည်ဟု သုံး သပ်မှုများ ထွက်ပေါ်ပြီး မကြာမီ နှစ်လအတွင်း စက်ရုံ ၁၄ ရုံပိတ် သိမ်းမည့်သတင်း ထွက်ပေါ်လာ ခြင်းဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီး၌ ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံလေးရုံ အပါအဝင်ပိတ်သိမ်း ခဲ့သည့် စက်ရုံခုနစ်ရုံရှိပြီး ထပ်မံ ပိတ်သိမ်းရန် တင်ပြထားသည့် စက်ရုံမရှိဟု တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မှတ်တမ်းများကဆိုသည်။

ထို့ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းထံမှ ထွက်ပေါ်ခဲ့သည့် အ ထည်ချုပ်စက်ရုံလေးရုံအပါအဝင် ၁၄ ရုံပိတ်သိမ်းမည်ဆိုသည့် သ တင်းအချက်အလက်နှင့် ကွဲလွဲနေ သည်။ ထိုသို့ပိတ်သိမ်းမည့်စက်ရုံ စာရင်း အချက်အလက်လွဲမှားမှုနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းထံဆက် သွယ်မေးမြန်းရာ မဖြေကြားလို ကြောင်း ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီး၌ ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံလုပ်ငန်း ခုနစ်ခုထက်မနည်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခဲ့ သည်ဟု တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီက ထုတ်ပြန် ထားသဖြင့် ရပ်ဆိုင်းသည့်အရေ အတွက်ထက် ထပ်မံဝင်ရောက် လာသည့်နှုန်းက ပိုများနေကြောင်း တွေ့ရသည်။

ပိတ်သိမ်းမှုများနှင့် အသစ်ဖွင့်လှစ်ခြင်းများ
********************
ယခင်သုံးနှစ်အတွင်း တစ် နိုင်ငံလုံးအနေဖြင့် အထည်ချုပ် စက်ရုံများ ပိတ်သိမ်းမှုကိုကြည့်ပါ က ၂၀၁၅ တွင် ၁၅ ရုံ၊ ၂၀၁၆တွင် ခုနစ်ရုံနှင့် ၂၀၁၇ တွင် ၁၁ ရုံရှိခဲ့ ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှရရှိသော စာရင်းများ က ဆိုသည်။

ထို့ကြောင့် ၂၀၁၅ ထက် ကျန်၂ နှစ်တွင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှု လျော့ကျခဲ့သော်လည်း ၂၀၁၆ ထက် ၂၀၁၇ ၌ ပိတ်သိမ်း သည့်စက်ရုံက ပိုများသည်။

သို့သော် အသစ်ဖွင့်လှစ်လုပ် ကိုင်သည့် အထည်ချုပ်စက်ရုံမှာ ၂၀၁၅ တွင် ၄၇ ရုံ၊ ၂၀၁၆တွင် ၅၁ရုံနှင့် ၂၀၁၇ တွင် ၂၂ ရုံရှိသည်။

အဆိုပါစာရင်းများအရ နှစ် အလိုက် အထည်ချုပ်စက်ရုံပိတ် သိမ်းသည့် အရေအတွက်ထက် အသစ်ဝင်ရောက်လုပ်ကိုင်သည့် အရေအတွက်က ပိုမိုများပြား သည်ကိုတွေ့ရသည်။

တစ်နိုင်ငံလုံး၏ အထည်ချုပ် စက်ရုံနှင့် အခြားစက်ရုံအရေအ တွက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဖွင့် လှစ် လည်ပတ်ထားနိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်းတို့အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း၌ အ ထည်ချုပ် စက်ရုံအသစ် ၄၀၀ ခန့် ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ စက်ရုံ ၆၀၀ ကျော်ရှိလာပြီဟုပြောကြားထားသည်။ သို့သော် ၂၀၁၆ နှင့် ၂၀၁၇ တွင် အမှန်တကယ် ဝင်ရောက်သော အထည်ချုပ်စက် ရုံမှာ ၇၃ ရုံဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ပြောသော အရေအ တွက်နှင့် များစွာကွာဟနေသည် ကို တွေ့ရသည်။ သို့သော်ဝန်ကြီး ချုပ်ပြောသော အရေအတွက် သည် ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွင် ဝင်လာသောစာရင်းဖြစ်ပြီး လက်တွေ့လာရောက်မှု နည်းနေ ခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင် အချို့က ပြောသည်။

‘‘ပိတ်သိမ်းတယ်ဆိုတာ တော်တော်ရှားတယ်။ ပိတ်ခဲ့မယ် ဆိုရင်တောင် အလုပ်သမားတွေ နစ်နာမှုမရှိဖို့အတွက် ဥပဒေအရ လည်း အပြည့်အဝကာကွယ်ထား ပြီးသားပါ’’ ဟု ရန်ကုန်တိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးခင်မောင် သွင်က ပြောသည်။

ထိုသို့ စက်ရုံများပိတ်သိမ်းရ ခြင်းများတွင် လုပ်ငန်းခွင်အတွင်း ဆန္ဒထုတ်ဖော်မှုများကြောင့် ဆို သည့် အချက်တစ်ချက်ပါဝင် သော်လည်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန စာရင်းများအရ အလုပ်သမားများ လုပ်ငန်းခွင် ရပိုင်ခွင့်များအတွက် စုဝေး တောင်းဆိုမှုများ နှစ်အလိုက်ကျ ဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

စုဝေးတောင်းဆိုမှု
************
ထိုသို့အလုပ်သမားများစုဝေးတောင်းဆိုမှုသည် ၂၀၁၅တွင် ၁၃၃မှု၊ ၂၀၁၆ တွင် ၅၇ မှုနှင့် ၂၀၁၇ တွင် အမှု ၄၀ ရှိခဲ့သည်။

‘‘လုပ်ငန်းတွေပိတ်တယ်ဆို ရင် အလုပ်သမားတွေက ဆူပူလို့၊ သမဂ္ဂတွေက သွေးထိုးလို့ဆိုတဲ့ အချက်အကြောင်းပြလေ့ရှိတယ်။ တကယ်ကအလုပ်ရှင်တွေရဲ့ဥပ ဒေကို မလေးစားမှုတွေကြောင့် ဆိုတာကိုလည်းသိဖို့လိုမယ်’’ ဟု အခြေခံအထည်ချုပ်အလုပ်သမား အဖွဲ့အစည်းခေါင်းဆောင် ကိုသီ ဟအောင်က မှတ်ချက်ပြုသည်။

လက်ရှိအထည်ချုပ်စက်ရုံအ ချို့ပိတ်သိမ်းခြင်းဖြစ်စဉ်များသည် လုပ်ငန်းရှင်များစွပ်စွဲထားသည့်အ ခြေအနေများနှင့်ကွဲလွဲမှုများရှိနေသည်ဟု အလုပ်သမားအဖွဲ့အ စည်းများက ယူဆထားသည်။

‘‘ပိတ်တယ်ဆိုတဲ့ စက်ရုံ တော်တော်များများကလည်း ဒီ ဘက်မှာအပိတ်ပဲပြတာပါ။ ပြီးရင် နာမည်ပြောင်းပြီးတော့ တခြား နေရာမှာ ပြန်ဖွင့်ကြတာများတယ်။ သူတို့က ဒီအလုပ်သမားတွေကို မခန့်ချင်တော့တဲ့အခါမှာအပိတ်ပြ ပြီး လုပ်နေတာတွေကို မြင်တွေ့ နေကြတာပဲ’’ ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ် အမှုဆောင် မခိုင်ဇာအောင်က ပြောသည်။

ထို့အပြင် CTUM ၏လေ့လာ တွေ့ရှိချက်များအရ အထည်ချုပ် လုပ်ငန်းကဏ္ဍသည် ကျဆင်းရန် အလားအလာမရှိဘဲ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့်ဝင်ရောက်ရန်အခြေ အနေကောင်းများ ရှိနေကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်မတို့ပြည်ပက Buyer တွေနဲ့ဆက်သွယ်ဆောင်ရွက်နေ တာတွေရှိတယ်။ သူတို့နဲ့စကား ပြောတိုင်းရင်းနှီးမြှုပ်နှံမှု ပိုလုပ်ဖို့ပဲ Plan ရှိကြတယ်’’ ဟု မခိုင်ဇာ အောင်ကပြောသည်။

ပို့ကုန် ၃ ဆ တိုး
************
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် အနေဖြင့် CMP လက်ခစားစနစ် ဖြင့်ချုပ်ထည်များတင်ပို့ရာ ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ် လာ တစ်ဘီလီယံရှိရာမှ ၂၀၁၇- ၁၈ တွင် သုံးဘီလီယံအထိ တိုး တက်ရရှိလာသဖြင့်ငါးနှစ်အတွင်း ပို့ကုန်သုံးဆတိုးမြှင့်နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၁၈ ဧပြီနှင့် မေလအတွင်းပို့ကုန်တန်ဖိုး ကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံရှိရာ CMP စနစ်ဖြင့်ချုပ်ပြီး အထည် တင်ပို့မှုသည် ဒေါ်လာ ၅၃၈ သန်း ရှိခဲ့သဖြင့် ယင်းနှစ်လအတွင်းပို့ ကုန်တန်ဖိုး၏ ပထမနေရာသို့ ရောက်ရှိခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ကျဆင်းနေသည်ဟု ယူဆရန်မ ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများအနေဖြင့် လက်ရှိ တွင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ဈေးကွက်ယှဉ်ပြိုင်နေရသည့်အ ခြေအနေရှိသည်။

အရှေ့တောင်အာရှ ဒေသ တွင်း ကမ္ဘောဒီးယားနိုင်ငံသည် မ ကြာမီက ဥရောပသမဂ္ဂ၏အရေး ယူပိတ်ဆို့မှု ခံထားရသဖြင့် မြန်မာ နိုင်ငံအတွက် ဈေးကွက် အခွင့် အလမ်းကောင်းတစ်ခု ဖြစ်စေခဲ့ ကြောင်း အထည်ချုပ်လုပ်ငန်းရှင် အချို့ကဆိုသည်။

‘‘နိုင်ငံတွင်းပြဿနာတချို့ရှိ ပေမယ့် အထည်ချုပ်ဈေးကွက် အခြေအနေက အခွင့်အလမ်း ကောင်းတွေရှိနေတာတော့ မှန်ပါ တယ်’’ ဟု ရွှေလင်ဗန်းစက်မှုဇုန်မှ အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

‘‘တရုတ်ကြီးနဲ့ အမေရိကန် စီးပွားရေးအားပြိုင်မှုကလည်း မြန် မာနိုင်ငံအတွက် အခွင့်အလမ်း ကောင်းစေတယ်။ တရုတ်ကြီး အ ခက်တွေ့နေချိန်မှာ ဒီဘက်က ဆွဲ ဆောင်ရမယ်။ ဒီဘက်ဈေးကွက် ထဲ ရောက်လာခဲ့ရင် Made in Myanmar အဖြစ်နဲ့ EU ကို တိုက် ရိုက်ပို့နိုင်ပြီ’’ ဟု ၎င်းကပြော သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအခြေအနေ မှာ ပြည်တွင်းလုပ်ငန်းလုပ်ကိုင်မှု အခက်အခဲများနှင့် အတူဈေး ကွက်ပိုမိုတိုးချဲ့နိုင်မည့် အခွင့်အ လမ်းကောင်းများကိုပါ တစ်ပြိုင် တည်း ရင်ဆိုင်ရခြင်းဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်ကဖွင့်ဟ သည်။

‘‘ပြည်တွင်းမှာ လုပ်ငန်းရှင် တွေရင်ဆိုင်နေရတဲ့အခက်အခဲ တွေကို အစိုးရက မျက်ကွယ်ပြုမ နေဘဲ လိုအပ်တဲ့အကူအညီတွေ ပေးမယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ကို မက်လုံးပေးဆွဲဆောင်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့စီးပွား ရေးမြင့်တက်မှုအတွက်ကို အ ထည်ချုပ်ကဏ္ဍကနေ အများကြီး အထောက်အကူပြုပေးသွားနိုင်ပါ လိမ့်မယ်’’ ဟု အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည့် စီးပွားရေးအ ကြံပေးဦးအေးကိုက အကြံပြု သည်။

အတက်ဘက် ပြန်ရောက်
*********
လွန်ခဲ့သည့်နှစ်လကျော်က အလုပ်သမားများ၏ ဆန္ဒပြမှုနှင့် ရင်ဆိုင်ရပြီး ပိတ်သိမ်းမည့်စက်ရုံ စာရင်းထဲတွင်ပါဝင်ခဲ့သည့် ပုလဲ အထည်ချုပ်စက်ရုံကမူ လုပ်ငန်း ခွင်အခြေအနေတိုးတက်လာသ ဖြင့် လုပ်သားအင်အား ထပ်မံတိုး ချဲ့ရန်ပြင်ဆင်နေသည်။

‘‘စက်ရုံကလုပ်သားအင်အား တစ်ထောင်လောက်အထိထားဖို့ မျှော်မှန်းထားတဲ့အတွက် အလုပ် သမားတွေလည်း ထပ်ခေါ်နေ တယ်’’ ဟု မတိုးတိုးကပြောသည်။

source မိုးမင်း ၇ ရက်နေ့စဉ်သတင်းစာ

Read 1125 times
Rate this item
(0 votes)