What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Knitwear Designer စတီဗင်ဦး အပိုင်း(၄)

၁၉၄၅ ခုနှစ်မှာ ဖက်ရှင်ဒီဇိုင်နာ စတီဗင်ဦး Steven Oo ရဲ့ ဖခင်ဘက်မှ အဘိုးအဘွားတို့က ဇာတိမြို့ကို ကျောခိုင်းခဲ့ကြတယ်။ မြန်မာပြည်ကို ရောက်လာခဲ့ကြတယ်။

“အဲဒီတုန်းက သူတို့ အရမ်းဆင်းရဲတယ်။ ဒီတော့ သူတို့ရဲ့ သားငယ်ဖြစ်တဲ့ ကျွန်တော့ ဦးလေးကိုပဲ သူတို့နဲ့အတူ ခေါ်သွားတယ်။ သမီးအကြီးကို တရုတ်ပြည်မှာပဲ ထားရစ်ခဲ့တယ်”
ပဒေသရာဇ်ခေတ်ရဲ့ အစဉ်အလာအရ သားတွေကို သမီးတွေထက် ပိုလိုချင်ကြတယ် ဆိုတော့ သမီးကို ထားရစ်ခဲ့ကြတယ်။
အဲဒီနှစ်မှာပဲ အမေဘက်မှ အဖွားကလည်း မြန်မာပြည်ကို ပြောင်းရွှေ့တယ်။ မြန်မာပြည်မှာ စတီဗင်ဦးရဲ့အဖိုးကို လက်ထပ်တယ်။ အဖိုးကလည်း တရုတ်ပဲ။ ဒါပေမဲ့ သူက မြန်မာပြည်မှာ နေထိုင်နေနှင့်သူ ဖြစ်ပါတယ်။

အဲဒီမိသားစုနှစ်ခုက ၁၉၅၀ ပြည့်လွန်နှစ်တွေကနေ ၁၉၀၆ ပြည့်လွန်နှစ်အထိ တရုတ်မှ ပန်းကန်ခွက်ယောက်တွေကို မြန်မာပြည်ထဲ တင်သွင်းရောင်းချတဲ့ လုပ်ငန်းငယ်တစ်ခုကို စတင်လုပ်ကိုင်ကြတယ်။
၁၉၇၀ ပြည့်လွန်နှစ်မှာတော့ အမေဘက်မှ အဘိုးအဘွားတို့က ပင်အပ်ထုတ်တဲ့ စက်ရုံတစ်ခုကို စတင်လုပ်ကိုင်ခဲ့ကြတယ်။
“ကျနော့အဖိုးက နည်းပညာတွေကို တရုတ်ပြည်မှာ သင်ယူခဲ့ပြီး မြန်မာပြည်ကို ယူလာတယ်”
Steven Oo ရဲ့ မိဘတွေက အိမ်သုံးပစ္စည်းအရောင်းဆိုင် ဖွင့်တယ်။ နေ့စဉ်သုံး ပလတ်စတစ်ပန်းကန်ခွက်ယောက်တွေနဲ့ စာရေးကိရိယာတွေ ရောင်းတယ်။
သူ့အဖေဘက်မှ အဘိုးက ၁၉၈၀ ပြည့်လွန်နှစ်မှာ တရုတ်စီးပွားရေးအသင်းတစ်ခုကို စတင်ခဲ့ပြီး တခြားတရုတ်မျိုးနွယ်တွေနဲ့အတူ တရုတ်ပြည်နဲ့ ကုန်သွယ်တာ၊ ကုန်စည် ဖလှယ်တာတွေ လုပ်ကိုင်တယ်။

၁၉၉၅ ခုနှစ်မှာ သံထည်ပရိဘောဂ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုကို စတီဗင်ဦးရဲ့ ဖခင်က ထူထောင်လုပ်ကိုင်တယ်။ သူက တရုတ်ပြည်အဆက်အသွယ်နဲ့ လုပ်ကိုင်တာ ဖြစ်ပါတယ်။ တခြား တရုတ်မိဘတွေလိုပဲ စတီဗင်ဦးရဲ့ မိဘတွေကလည်း သူတို့ရဲ့ ကလေးတွေကို ပညာရေးအခွင့်အလမ်းကောင်းတွေ ရစေလိုတယ်။ ဒါကြောင့် စတီဗင်ဦးကို စင်ကာပူမှာ ပညာသင်စေခဲ့တယ်။ သူက ရန်ကုန်မြို့ ဒဂုံ(၁)မှာ ကိုးတန်းအောင်တော့ မိဘတွေက သူ့ကို စင်ကာပူပို့ပြီး ပညာဆက်သင်စေခဲ့တယ်။
“ ကျွန်တော် ရန်ကုန်မှာ ကျောင်းတက်ပြီး ကိုးတန်းအောင်တော့ ကျွန်တော့် မိဘတွေက ပညာဆက် သင်ဖို့ စင်ကာပူကို ပို့ထားခဲ့ ကြတယ်။ စင်ကာပူမှာ တစ်နှစ်ခွဲ ကြာတော့ အမေ DV ပေါက်တာပဲ။ အမေရိကန် ဗီဇာထီလို့ ပြောကြတဲ့ ဒီဗီ ပေါက်တာကြောင့် မိသားစုလိုက် အမေရိကကို ပြောင်းရွှေ့ခဲ့ကြတယ်။ ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ခဲ့တာ ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာပါ”


အဲဒီမှာ ဘ၀သစ်တစ်ခုကို ထူထောင်ကြရတယ်။ အဲဒီအတွက် ငွေလိုတယ်။ ဒီတော့ မြန်မာပြည်မှ ပိုင်ဆိုင်မှုတချို့ကို ထုခွဲရောင်းချရတယ်။ မြန်မာပြည်က စီးပွားရေးကို ပြန်ကြည့်ရတာမို့ အမေရိကနဲ့ မြန်မာပြည် သွားချီလာချီ လုပ်နေရတယ်။ မိခင်ကတော့ အမေရိကမှာ တည်ရှိတဲ့ တရုတ်ပိုင်စက်ရုံတစ်ခုမှာ ငွေစာရင်းကိုင်အဖြစ် အချိန်ပြည့်အလုပ်ကို လုပ်ကိုင်တယ်။

“လူအများအပြား အနောက်တိုင်းကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ကြတာ ပိုကောင်းတဲ့ဘ၀ကို ရဖို့အတွက် ဖြစ်ပါတယ်။ အဲဒီလို လုပ်ရတာဟာ သူတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်အတွက်ပါ။ ဘာလို့လဲဆိုတော့ အနောက်တိုင်းမှာ ပိုကောင်းတဲ့ ပညာရေး အရင်းအမြစ်တွေ ရနိုင်တယ်”

စတီဗင်ဦးက အာရှကို ပြန်လာမယ်လုပ်တော့ ဖခင်က သဘောမတူဘူး။

“ဒါပေမဲ့ တရုတ်မှာ အခုအခါ ပြောင်းလဲနေတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော် ဆုံးဖြတ်တာ မှန်တယ်လို့ ယုံကြည်သွားတယ်”

 

အပိုင်း(၅) ဖတ်ရှုရန် (နောက်ဆုံးအပိုင်း)

http://www.textiledirectory.com.mm/articles/item/948-knitwear-designer-steven-oo-part-5.html

steven oo

Read 1167 times
Rate this item
(0 votes)