ဖက်ရှင်ဆိုတာ မိန်းကလေးတွေအတွက် လှပဖို့ တစ်ခုတည်းအတွက်သာမကဘဲ သက်တောင့်သက်သာရှိဖို့နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့အတွက်ပါ ထည့်စဉ်းစားသင့်တဲ့အရာတစ်ခုပါ။
ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်နဲ့ပတ်သက်တဲ့ အယူအဆတွေ ရှုမြင်ပုံတွေပြောင်းလဲသွားပေမယ့်လည်း အမြဲတမ်း မပြောင်းလဲပဲရှိနေမယ့်အချက်တစ်ခုကတော့ ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ဖက်ရှင်ဟာ ကိုယ့်နဲ့လိုက်ဖက်ညီတဲ့အတွဲအစပ်ဖြစ်နေဖို့ပါပဲ။
ဒါကြောင့် မိန်းကလေးတွေအတွက် ဖက်ရှင်ကျလှပဖို့ စဉ်းစားရာမှာ အရေးပါဆုံးအခန်းကဏ္ဍကနေ ပါဝင်နေမယ့် ဖက်ရှင်ကျကျတွဲစပ်ဝတ်ဆင်ခြင်းနဲ့ပတ်သက်ပြီး ကိုယ်နဲ့လိုက်ဖက်သင့်တော်ရာကို ရွေးချယ်နိုင်ဖို့အတွက် အာရှတစ်လွှားကမိန်းကလေးတွေကြားမှာ ရွေးချယ်မှုများနေတဲ့ ရိုးရှင်းပေါ်လွင်တဲ့ ဖက်ရှင်အတွဲအစပ်လေးတွေကို ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။
Midi Skirt နဲ့ T shirt
Midi Skirt နဲ့ တီရှပ်အတွဲအစပ်ဟာ ရိုးစင်းသလောက် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျစေတဲ့ ချစ်စရာအတွဲအစပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ထသွားထလာအတွက်လည်းအဆင်ပြေသလို ရုံးသွားကျောင်းသွားအတွက်ပါ သင့်လျော်ပြီး လူငယ်ဆန်ဆန် လှပတက်ကြွတဲ့အသွင်ကိုရရှိစေမှာပါ။ ရာသီဥတုအလိုက် အပေါ်ကတီရှပ်အစား pullover , sweater လေးတွေနဲ့လည်း အလိုရှိသလို ပေါင်းစပ်ဝတ်ဆင်နိုင်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ရဲ့ type ကို ပိုပေါ်လွင်စေပါလိမ့်မယ်။
Sweater အောက်က Shirt
ခုတလောခေတ်စားနေတဲ့ pullover တို့ ၊ဆွယ်တာတို့ ၊Vest တို့အောက်မှာ shirt အင်္ကျီကို ကော်လာလေးအပြင်ထုတ်ပြီး ဝတ်တဲ့ဖက်ရှင်ကို တော်တော်များများ သတိထားမိကြမှာပါ။ အဲဒီလို shirt နဲ့ pullover ဖက်ရှင်လေးမှာမှ Tennis skirt လို့ ခေါ်တဲ့ Pleated mini skirt လေးကို ပေါင်းစပ်လိုက်မယ်ဆိုရင် Vintage ဆန်ဆန်တဲ့ ချစ်စရာကောင်းပြီး ရိုးရှင်းပေါ်လွင်တဲ့ ဖက်ရှင်အတွဲအစပ်လေးကိုရနိုင်ပါတယ်။ ရာသီဥတုပူလို့နှစ်ထပ်မဝတ်နိုင်ဘူးဆိုရင် တချို့ online shop တွေမှာရောင်းနေတဲ့ fake shirt collar လေးတွေရှာဝယ်ပြီး ဝတ်ဆင်လို့ရပါတယ်။
Crop Top နဲ့ Jean Pant
ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ပတ်သက်လို့ သိပ်စိတ်တိုင်းမကျဘူးဆိုရင်တောင်မှ ယုံကြည်မှုရှိရှိ လှပနေစေမယ့် အတွဲအစပ်ကတော့ Puffy ဖြစ်တဲ့ Crop top အင်္ကျီမျိုးလေးတွေနဲ့ Jean pant တွေကို ပေါင်းစပ်ဝတ်ဆင်တဲ့ဖက်ရှင်မျိုးပါပဲ။ Jean pant ကိုတော့ ကိုယ်နဲ့လိုက်ဖက်မယ့် slim fit ကစလို့ အောက်ကား wide leg pant တွေအထိ သင့်တော်သလို ရွေးချယ်နိုင်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင်တော့ Crop top ခပ်ကြပ်ကြပ်လေးတွေနဲ့ အောက်ကားဘောင်းဘီလေးတွေ တွဲဝတ်နိုင်ပါတယ်။ နုပျိုမှုကော smart ကျလှပမှုကြားမှာပါ လိုသလို ချိန်ညှိနိုင်တဲ့ ဖက်ရှင်ဖြစ်တာကြောင့် သင်တန်းသွား၊ကျောင်းသွားကစလို့ ရုံးတက် နဲ့ home party တွေအထိ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်မယ့် ဖက်ရှင်မျိုးပါ။
Cami dress
ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းတဲ့ဖက်ရှင်ကိုဝတ်ဆင်ချင်တယ်ဆိုရင်တော့ Cami dress လေးတွေကို အောက်က လိုက်ဖက်တဲ့အရောင်နုနုအင်္ကျီလေးတွေခံပြီး ဝတ်ဆင်တဲ့ပုံစံကိုရွေးချယ်သင့်ပါတယ်။ ပိုပြီးမိန်းကလေးဆန်ဆန် နုပျိုတဲ့အသွင်ကိုရချင်ရင်တော့ အပေါ်ထပ်ဂါဝန်ကို floral printed လေးတွေကစလို့ pastel color ခပ်နုနုလေးတွေအထိရွေးချယ်နိုင်ပြီး သိပ်မိန်းကလေးဆန်တာမျိုးမကြိုက်ဘူးဆိုရင်တော့ အနက်ရောင်နဲ့နက်ပြာရောင်လို ခပ်ရင့်ရင့်အရောင်တွေသုံးပြီး နှစ်သက်သလို တွဲဖက်ဝတ်ဆင်နိုင်မှာပါ။
Crop top နဲ့ Mini Skirt
Crop top လေးတွေကို mini skirt အကြပ်လေးတွေနဲ့ တွဲဖက်ဝတ်တဲ့ပုံစံမျိုးကတော့ လူငယ်တွေနဲ့ပိုပြီးသင့်တော်သလို နုပျိုမှုနဲ့ မိန်းမသားဆန်မှုတွေကို ပေါင်းစပ်ဖော်ညွှန်းနေစေမယ့် ဖက်ရှင်အတွဲအစပ်လည်းဖြစ်ပါတယ်။ Crop top ကိုမှ လက်တို လက်ရှည်အထူအပါး သင့်တော်သလိုရွေးချယ်နိုင်ပြီး အရောင်ကိုလည်း ကိုယ်ကျွမ်းကျင်သလို တွဲစပ်ကစားလို့ရပါတယ်။ အဲဒီထက်ပိုပြီး ရင့်ကျက်တဲ့ပုံမျိုးလေးလည်းပေါက်ချင်တယ် ရာသီဥတုပေါ်မူတည်ပြီးအပေါ်ထပ်လေးနဲ့လည်းဝတ်ချင်တယ်ဆိုရင်တော့ ဆွယ်တာအပါးလေးတွေ Cardigan အပါးလေးတွေနဲ့ တွဲဖက်နိုင်ပါသေးတယ်။
Myanmar Textile & Garment Guide
Source: MODA