What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရေးပါတဲ့ ချည်အကြော Grainline နဲ့အညီ Patternတွေကို နေရာချခြင်း

အ၀တ်အစား ချုပ်ဖို့ အထည်စတစ်စမှာ အရေးပါတဲ့ ချည်အကြောကို ဂရုပြုကြရတယ်။

အထည်သား ဖြစ်လာအောင် ချည်မျှင်တွေနဲ့ ရက်လုပ်တာမှာ အထည်အလိပ်ကို ဖြေချလိုက်ရင် အလျားလိုက် ပြေးထားတဲ့ ချည်မျှင်တွေ ရှိသလို အဲဒီချည်တွေကို ထောင့်မှန် ကိုးဆယ်ဒီဂရီကျကျဖြင့် အနံလိုက် ပြေးထားတဲ့ ချည်တွေလည်း ရှိတယ်။
အခေါ်သညာ ပြုကြတဲ့အခါ ချည်ပြေးတဲ့အကြောကို grain လို့ ခေါ်တယ်။
အဲဒီတော့ အကြောနှစ်မျိုး ရှိနေတယ်။
အလျားလိုက်အကြောကို တိုင်ချည်အကြော wrap လို့ ခေါ်ပြီး အနံလိုက်အကြောကို ဖောက်ချည်အကြော weft လို့ ခေါ်တယ်။
ရက်ကန်းရက်တဲ့ သဘာဝအရ အဲဒီအကြောနှစ်ခုက တစ်ခုကို တစ်ခုက ထောင့်မှန်ကျနေကြတယ်။

Warp and weft

နောက်ထပ် အကြော မာမာကြောကြော တစ်မျိုးရှိနေသေးတယ်။ အဲဒါက ကလနား။ အနံနှစ်ဖက်အစွန်းမှာ ချည်စမထွက်အောင် အနားသိမ်းပေးထားတဲ့ ကလနား ပါတယ်။ အဲဒါကိုတော့ စဲဗေ့ခ်ျ selvage လို့ ခေါ်ကြတယ်။
ဥပမာ ပြောရရင် ပုဆိုးမှာဆိုရင် ထက်အောက် ကလနားတစ်ခုစီ ပါနေလို့ အနားလုံးပြီး ချုပ်ပေးဖို့ မလိုဘူး။ ထောင်လိုက်ပဲ နှစ်ခြမ်းစပ် ချုပ်ပေးလိုက်ရင် ကိစ္စပြီးပြီ။
ဖက်ရှင်အ၀တ်အစား ချုပ်တဲ့အခါကျတော့ ကလနား ပါနေရင် တောင့်တောင့်ကြီး လာဖြစ်နေတော့ ကိုယ်ခန္ဓာရဲ့ အမို့အမောက် အကွေးအကောက်တွေမှာ အလိုက်သင့် ပျော့ပြီး ကွေးမပေးတော့ဘူး။ ဒီတော့ ကြည့်ရဆိုးနေစေတယ်။

bias ထောင့်တန်း
************
အ၀တ်အစားရဲ့ အထည်သားက ၀တ်ထားတဲ့ ကိုယ်ခန္ဓာကို အလိုက်သင့်လေး ပုံဖော် ပေးဖို့အတွက် ဂရုစိုက်ကြရတယ်။ ဒါမှ ၀တ်လိုက်ရင် fit အံကိုက်ဖြစ်တယ်လို့ ခံစားမိမယ်။ ဒီတော့ အကြော grain ကို ထည့်စဉ်းစားကြရလေ့ ရှိပါတယ်။
အဲဒီအတွက် bias ထောင့်တန်းဖြတ်ခြင်းဆိုတဲ့ နိဿယကို သုံးကြပါတယ်။

ဘိုင်ရပ်စ် bias လို့ ဆိုတာမှာ သာမန်အားဖြင့် ပိတ်စကို ထောင့်တန်း ဖြတ်တောက်တာ၊ ထောင့်တန်း ချုပ်ရိုး ချုပ်တာကို ဆိုလိုတယ်။ တကယ့် ဘိုင်ရပ်စ် true bias ဆိုရင်တော့ ချည်ကြောကို ၄၅ ဒီဂရီတိတိ အစောင်းဖြင့် ဖြတ်တောက်တာ ချုပ်ရိုးချုပ်တာကို ဆိုလိုတယ်။ true bias ဟာ အ၀တ်အစားရဲ့ အသားက ကိုယ်ခန္ဓာရဲ့ ပုံပန်းအတိုင်း အလိုက်သင့်ဖြစ်အောင် အလိုက်လျောဆုံး၊ ဆန့်အထုတ်ပေးနိုင်ဆုံးသတ္တိကို ရစေပါတယ်။ bias ထောင့်တန်းက ပညာခန်းတစ်ခုမို့ သီးခြားတစ်ပုဒ်ရေးဖို့ လိုတာမို့ ယခု ချန်လှပ်ခဲ့ပါတယ်။

wrap weft bias

အကြောစွေနေရင် တည့်ပေးပါ
******************

အစတစ်စကို မချုပ်ခင်မှာ ချည်ကြောကို စစ်ဆေးကြတယ်။ ကလနား တစ်ဖက်ကနေ အခြားတစ်ဖက်ကို ကန့်လန့်ဖြတ်ပြေးထားတဲ့ ဖောက်ချည် weft က ပိတ်စရဲ့ အနားစွန်းကို ထောင့်မှန်ကျနေရမယ်။ အဲဒီလို မဖြစ်ဘဲ စွေစောင်းနေတာမျိုး ရှိတတ်တယ်။ အဲဒီလိုမျိုး ကြုံရရင် ဖြေဖျောက်တဲ့နည်းက ပိတ်စရဲ့ ကန့်လန့်ဖြတ် အစွန်းထိပ်တစ်ခုကို လက်တစ်ဖက်စီမှာ ဆုပ်ကိုင်ပြီး ဆွဲဆန့်ပြီး တည့်ပေးတာ ဖြစ်ပါတယ်။ ကန့်လန့်ဖြတ် အစွန်းထိပ်နှစ်ခုကို ဆွဲပေးပြီးရင် ကျန်တဲ့ ကန့်လန့်ဖြတ် အစွန်းထိပ်နှစ်ခုကိုလည်း အလားတူပင် ဆွဲပေးပါတယ်။
အဲလို ဆွဲပေးပြီးရင် မီးပူနဲ့ ဖိပေးတယ်။ မီးပူနဲ့ ပွတ်တိုက်တာ မလုပ်ဘဲ လိုက်ဖိပေးတာကို ဆိုလိုတယ်။

bowsjing


ဒါက တစ်ယောက်ချင်းစီအတွက် ပိတ်စကို ကိုင်တွယ်ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ အထည်ချုပ်စက်ရုံမှာ အစကို အလိပ်ဖြေ အလွှာလွှာထပ်ပြီး ဖြတ်စက်နဲ့ လိုက်ထိုးဖြတ်တာမို့ အခုလို လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ လက်ခံရရှိတဲ့ အထည်စ အလိပ်တိုင်းသာ ချုပ်ကြတယ်။

အကြောဖော်ခြင်း
*******
အထည်သားရဲ့ wrap နဲ့ weft အကြောတွေကို ထည့်စဉ်းစားကြရတာမို့ မြင်သာအောင် လုပ်ထားလေ့ရှိတယ်။ ဒီတော့ အမှုမဲ့အမှတ်မဲ့ မှားပြီး အရာပေးမိတာ၊ ဖြတ်မိတာတွေ မဖြစ်တော့ဘူး။
လုပ်ပုံလုပ်နည်းက wrap ချည်တစ်စကို ဆွဲထုတ်လုပ်ပြီး အဲဒီချည်နေရာမှာ အထည်သားရဲ့ ချည်နဲ့ အရောင်မတူတဲ့ချည်ကို အပ်မှာတွဲပြီး လွတ်သွားတဲ့နေရာတစ်လျှောက် အပ်နဲ့ ဆွဲခေါ်ပြီးလိုက်ဖြည့်ပေးထားလိုက်တာ ဖြစ်ပါတယ်။
wrap ချည်တစ်ကြောင်းနဲ့ weft ချည်တစ်ကြောင်းစီ အခုလို လုပ်ထားလိုက်ကြတယ်။

weft wrap trhread

 

Pattern နဲ့ Grainline

*****************

Pattern အပိုင်းတွေပေါ်မှာ Grainline ချည်အကြောမျဉ်း ဆိုတဲ့ မျဉ်းဖြောင့်တစ်ကြောင်း ပါတာလည်း ရှိတယ်။ မပါတာလည်း ရှိတယ်။

အဲဒီ Grainline မှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် အစွန်းမှာ မြားခေါင်း ပါတာ ရှိသလို အစွန်းတစ်ဖက်ထိပ်မှာပဲ မြားခေါင်းပါတာလည်း ရှိတယ်။

ဘယ်ဘက်မှာမှ မြားခေါင်း မပါတာလည်း ရှိတယ်။

Grainline ကို အမှတ်အသား ပြုပေးထားတဲ့အခါ Pattern ရဲ့ တစ်ဖက်ထိပ်ကနေ နောက်တစ်ဖက်ထိပ်အထိ အပြည့်ဆွဲပြကြတယ်။

အဲဒီမျဉ်းဖြောင့်က အထည်သားရဲ့ selvage ကလနားနဲ့ အပြိုင်ပြုနေတဲ့ အနေအထားဖြင့် ဖြတ်တောက်မယ့်အ၀တ်ပေါ်မှာ အဲဒီ pattern ကို နေရာချပေးရမှာ ဖြစ်ပါတယ်။

Grainline ကို Pattern ရဲ့ ဘယ်နားမှာ ဆွဲထားထား selvage ကလနားနဲ့ Grainline အပြိုင်ပြုနေအောင် အမြဲတစေ ထားကို ထားပေးရမှာ ဖြစ်ပါတယ်။

Grainline က အထည်သားရဲ့ အလျားလိုက်ချည်အကြောအတွက် ဆွဲထားတာဖြစ်ဖြစ်၊ အထည်သားရဲ့ အနံလိုက်ချည်အကြောအတွ ဆွဲထားတာ ဖြစ်ဖြစ်၊ ချည်ကြောကို ၄၅ ဒီဂရီတိတိ အစောင်းဖြင့် ဖြတ်တောက်ဖို့ bias ထောင့်တန်းဖြတ်ခြင်းအတွက် ဆွဲထားတာဖြစ်ဖြစ် ကလနား selvage နဲ့ Grainline အပြိုင်ပြုနေအောင် အမြဲတစေ ထားကို ထားပေးရမှာ ဖြစ်ပါတယ်။ ဖော်ပြပေးထားတဲ့ ပုံကို ကြည့်လိုက်ရင် ပိုသဘောပေါက်သွားမယ် ထင်ပါတယ်။

 

PATTERN GRAINLINE

ပုံ

မြားခေါင်း ဆိုလိုချက်
***********
grainline မှာပါတဲ့ မြားခေါင်းတွေက အဓိပ္ပာယ် ရှိတယ်။ မြားမပါတာ ရှိမယ်။ ထိပ်နှစ်ဖက်စလုံးမှာ မြားပါတာ ရှိမယ်။ ထိပ်တစ်ဖက်မှာပဲ မြားပါတာ ရှိမယ်။
grainline လုံးဝမပါတာလည်း ရှိသေးတယ်။

grainline လုံးဝမပါရင် ဖြတ်မယ့် အထည်သားပေါ်မှာ pattern ကို အဆင်ပြေသလို ခင်းလို့ရတယ်။ အဲဒါက ရက်လုပ်ထားတဲ့ အသားမျိုးမဟုတ်တဲ့ အထည်သားအတွက် ထုတ်လုပ်ထားတဲ့ pattern ဖြစ်ပါတယ်။ ဥပမာ ပလတ်စတစ်သားကို မိုးကာချုပ်ဖို့ ဖြတ်တောက်တာမျိုး ဖြစ်ပါတယ်။ ဒီတော့ ချည်အကြော မရှိလို့ grainline ကို ထည့်စဉ်းစားဖို့ မလိုအပ်ဘူး။

 

types of grainlines

 

မြားခေါင်း နှစ်ခုပါတာရယ်။ မြားခေါင်းတစ်ခုမှ မပါတာရယ်ဟာ အတူတူပဲ။ မူကွဲနှစ်မျိုး ဖြစ်ပါတယ်။ အ၀တ်အစား တစ်ထည်စာအတွက် ရေးဆွဲပေးထားတဲ့ pattern တစ်စုံစာမှာ ပါလာတဲ့ pattern တွေ ကို ဇောက်ထိုးနဲ့ အတည့် အဆင်ပြေမယ့် အနေအထားဖြင့် ထားလို့ရတယ်။ အရေးကြီးတာက ကလနားနဲ့ grainline မျဉ်းပြိုင်ပြုနေဖို့ပဲ ဖြစ်ပါတယ်။

မြားခေါင်းတစ်ခုပဲ ပါရင် ပိုဂရုစိုက်ရမယ်။ pattern တွေကို မြားညွှန်ရာ ဦးတည်ချက် တစ်မျိုးတည်းဖြင့် နေရာချပေးရမှာ ဖြစ်ပါတယ်။ မြားခေါင်းတွေ အားလုံး တစ်ဖက်တည်းကိုပဲ ထိုးညွှန်နေရမယ်။
အဲဒါက အမွေးတို nap ပါတဲ့ အထည်သား ဥပမာ ကတ္တီပါသား ကို ဖြတ်တောက်ဖို့အတွက် ရေးဆွဲပေးထားတဲ့ pattern တစ်စုံစာ ဖြစ်ပါတယ်။ အမွေးတိုတွေကို အရောင်တစ်မျိုးပဲ ဆေးဆိုးထားပေမဲ့ မြင်ရတဲ့ ရှုထောင့်မတူရင် အရောင်အရင့်အဖျော့ ကွဲပြားတယ်။ ဒီတော့ တစ်ထည်လုံးကို တစ်ဖက်တည်းမှ မြင်ရသလိုမျိုး ဖြစ်အောင် ဂရုစိုက်ပေးကြရပါတယ်။

direction colour change


ပြီးတော့ အမွေးပါတဲ့ဘက်မှာ pattern ကို တင်ရမှာလား။ အမွေးမပါတဲ့ဘက်မှာ တင်ရမှာလားဆိုတာကိုလည်း ညွှန်ကြားထားတယ်။ ဥပမာ အတိုကောက် RSU ဖြင့် ရေးသားဖော်ပြထားတယ်။
“RSU” ဆိုတာက Right Side Up ကို ဆိုလိုပါတယ်။ တစ်နည်းပြောရရင် အမွေးပါတဲ့ဘက်ကို ဆိုလိုပါတယ်။
အမွေးပါတဲ့ဘက်ကို Right Side အမွေး မပါတဲ့ဘက်ကို wrong side (WS) လို့ သုံးနှုန်းပါတယ်။

rsu right side up

 

 

 

ကျန်းမာရွှင်လန်းပါစေ

ချက္က၀ါ

CKW

Read 3107 times
Rate this item
(2 votes)