What's new

×

Warning

JUser: :_load: Unable to load user with ID: 845


sizing နဲ့ grading

အ၀တ်အစားအတွက် ဒီဇိုင်းတွေ စိတ်ကူးဖန်တီးပြီးရင် အထည်သားကို ဖြတ်တောက်၊ ဆက်စပ်ပြီး ချုပ်ပေးတဲ့အခါ တစ်ဦးတစ်ယောက်ချင်း လာအပ်တဲ့သူနဲ့ အံကိုက် fit ဖြစ်အောင် လုပ်ပေးရတာ

ရှိသလို အများအတွက် အရေအတွက် များများချုပ်မယ်ဆိုရင်လည်း ၀တ်ဆင်သူတွေ fit ဖြစ်အောင် အရွယ်အစားအမျိုးမျိုးဖြင့် ချုပ်ပေးဖို့ အထည်ချုပ်တဲ့ဆီမှာ အပ်နှံမယ်။
အဲဒီနှစ်မျိုးစလုံးမှာ အရွယ်အစား sizing နဲ့ အရွယ်ပြောင်းခြင်း grading တို့ဟာ အင်မတန် အရေးကြီးတယ်။ ချုပ်ထားတဲ့ အ၀တ်အစားအသစ်ကို ကိုယ်ပေါ်တင်လိုက်တဲ့အခါ ကြည့်ကောင်းနေပြီး လှတပတ ရှိတဲ့အပြင် အံကိုက် fitting ဖြစ်နေဖို့ မျှော်လင့်ချက်ဖြင့် ဒီဇိုင်နာက ဖန်တီးထားတာကို ပြည့်ဝစေဖို့ sizing နဲ့ grading ကို အသေးစိတ် သိရှိသဘောပေါက်ထားဖို့ လိုတယ်။
ကိုယ်ခန္ဓာ အချိုးအစားတွေကို စာရွက်ပေါ် pattern ဧရိယာတွေ ဆွဲပြီး ထုထည်ပါတဲ့ အ၀တ်အစားအဖြစ် ပုံဖော်ဖို့ လေ့ကျင့်သင်ယူမှုတွေ လုပ်ကြရတယ်။ အသေးစိတ် ဂရုစိုက်ကြရတယ်။ အဲဒီအပေါ်မှာ အခြေတည်ပြီး လှပတင့်တယ်ပြီး အံကိုက်ဖြစ်တဲ့ ဖက်ရှင်ကို ပြုလုပ်ကြရပါတယ်။

တိုင်းပြည်အသီးသီးမှာ အရွယ်အစား သတ်မှတ်ပုံတွေ ရှိနေတယ်။
အမျိုးသမီး အ၀တ်အစားတွေအတွက် အရွယ်အစား သတ်မှတ်ထားတာတွေဟာ ကိုယ်ခန္ဓာရဲ့ အတိုင်းအတာတွေမှာ အရပ်အမြင့်၊ ရင်၊ ခါး နဲ့ တင် ပတ်လည်အတိုင်းအတာတို့အရ သတ်မှတ်ထားကြတယ်။
ယူကေမှာ sizing က size 6 ကနေ စပြီး size 22 မှာ အဆုံးသတ်တယ်။
ဈေးကွက်သုတေသန စစ်တမ်းတွေအရ ရောင်းအကောင်းဆုံး size တွေက 12 ပြီးတော့ 14 နဲ့ 16 တို့ ဖြစ်ပါတယ်။
ဥရောပမှာတော့ size 34 က စတယ်။ size 52 မှာ အဆုံးသတ်တယ်။ ဒီတော့ ဥရောပရဲ့ szie အစ ဖြစ်တဲ့ size 34 က ယူကေရဲ့ size 6 ကို ဆိုလိုတယ်။
အမေရိကမှာလည်း အလားတူ size တွေ ကိုယ်ပိုင် ရှိတယ်။ size 2 ကနေ size 18 အထိ ရှိတယ်။
အဲဒီ ရှေးရိုးစဉ်လာ size တွေအပြင် ယခုအခါ ဖက်ရှင်လောကမှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံ လုပ်ကိုင်လာကြရတဲ့အတွက် တခြား size သတ်မှတ်ချက်တွေကို သုံးလာကြတာ တွေ့ရတယ်။
ဥပမာ ပြောရရင် petite size ဆိုပြီး ပြောတဲ့ဟာက အရပ်ပုတဲ့ အမျိုးသမီးတွေအတွက် ဖြစ်ပြီး အရပ် ၅ ပေ ၃ လက်မ (၁၆၀ စင်တီမီတာ)ထက် ပုတဲ့သူတွေအတွက် ဖြစ်ပါတယ်။ အရပ် ၆ ပေ ၄ လက်မ အထက် မြင့်တဲ့သူတွေအတွက်တော့ tall size ဆိုတာ ရှိတယ်။ ပြီးတော့ Half-Size ဆိုတာ ရှိတယ်။ size နံပါတ်မှာ ၂ပိုင်း တစ်ပိုင်း ပါတယ်။ ဥပမာ 10½
နောက်တစ်မျိုးကတော့ ပိန်တာဝတာ ကျန်းမာရေး တော်အောင် ချုပ်ပေးဖို့က ဖက်ရှင်လုပ်ငန်းတာဝန် ဖြစ်တာမို့ ၀ဖြိုးတဲ့သူတွေအတွက် Plus size တွေ ချုပ်လုပ်ပေးကြတာ ဖြစ်ပါတယ်။ ဥပမာ petite plus size


အမျိုးသားဝတ် အ၀တ်အစားတွေအတွက်လည်း size သတ်မှတ်ချက်တွေ ရှိတယ်။ ဂျက်ကက်အတွက်ဆိုရင် ရင်ဘတ်အကျယ်ကို အခြေခံပြီး သတ်မှတ်တယ်။ ဘောင်းဘီရှည်အတွက်ဆိုရင် ခြေတံအရှည်နဲ့ ခါးပတ်လည် အတိုင်းအတာတို့ကို အခြေခံပြီး သတ်မှတ်တယ်။ ရှပ်အင်္ကျီကျတော့ လည်ပင်း လုံးပတ်ကို အခြေခံပြီး သတ်မှတ်တယ်။

ကလေးဝတ် အ၀တ်အစားတွေကျတော့ များသောအားဖြင့် အသက်အပိုင်းအခြားကို အခြေခံပြီး size သတ်မှတ်ကြတယ်။

ဖက်ရှင်ဒီဇိုင်းအတွက် လက်လှမ်းမီသမျှ လေ့လာကြရတဲ့အခါ size ဟာ ဘယ်တိုင်းပြည်ရဲ့ size လဲဆိုတာ သတိပြုကြရတယ်။ အထည်အပ်တဲ့သူက သူက ဘယ် szie ပါလို့ size နံပါတ်ကို ပြောလာရင် သူကိုယ်တိုင်က ဘယ်တိုင်ပြည်ရဲ့ စံကို ပြောနေတာလဲ သိချင်မှ သိမယ်။ သိပါတယ်ဆိုရင်လည်း အမှတ်မှားတာ ဖြစ်နေနိုင်ပြန်တယ်။ သူ့ကို ငြင်းနေမယ့်အစား သူ့ကိုယ်ခန္ဓာကိုယ်ကို လက်တွေ့ တိုင်းတာမှတ်သားလိုက်တာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

sizing အကြောင်း ပြောပြပြီးတဲ့အခါ grading ကို အမြည်းလောက် ပြောပြပါဦးမယ်။

 

grading sample picture
grading ဆိုတာ pattern တစ်ခုကို စကေးကိုက် အရွယ်အစား ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ အရွယ်ပြောင်းပေမဲ့ အချိုးအစားတွေက အရင်အတိုင်းပဲ။ ပုံပန်းကလည်း အရင်အတိုင်းပဲ။
ဒီဇိုင်းနာက ဒီဇိုင်းတစ်ခု ထုတ်ပြီးရင် ပုံကြမ်းဘလောက် ထုတ်ပေးလိုက်တယ်။ အဲဒါကို pattern နမူနာအဖြစ် ရေးဆွဲတယ်။ အဲဒီနမူနာကိုမှ သတ်မှတ်ထားတဲ့ size နံပါတ်တွေအရ အရွယ်အစားဖြစ်အောင် နောက်ထပ် pattern တွေ ထပ်ထုတ်ကြတယ်။
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နဲပါတယ်။ အထူးသဖြင့် အထည်သားတွေကို အထပ်ထပ် ထပ်ထားပြီး ဖြတ်စက်နဲ့ ဖြတ်ကြတဲ့ အထည်ချုပ်လုပ်ငန်းတွေအဖို့ မှားလို့မရဘူး။ မှားလိုက်ရင် အထည်သားတွေ အများကြီး ဆုံးရှုံးကုန်မယ်။ ဒီတော့ grading လုပ်ဖို့ pattern master သီးသန့် ထားရှိပြီး လုပ်ကိုင်စေပါတယ်။ body size အတိုးအလျော့အရ အံကိုက် fit ဖြစ်နေဖို့ pattern တွေကို ဘယ်လို ကစားပေးရမလဲဆိုတဲ့အထာကို သိထားသူ ဖြစ်ပါတယ်။ အတိုးအလျော့ ကွာခြားချက်က size နံပတ်တွေမှာ ၁ လက်မခွဲကနေ ၂ လက်မအထိ ရှိပါတယ်။ ၃ ကနေ ၅ စင်တီမီတာ ရှိပါတယ်။
စံထားဖို့ size အမျိုးအစားကတော့ ချုပ်ထည် ချုပ်ခိုင်းသူရဲ့ သတ်မှတ်ချက် အတိုင်း ဖြစ်ပါတယ်။ သူက ယူကေဆိုရင် ယူကေစံကို ယူတယ်။ ယူအက်စ်ဆိုရင် ယူအက်စ်စံကို ယူတယ်။ တခြားတိုင်းပြည်တွေမှာလည်း ကိုယ်ပိုင်စံ ရှိနေပါတယ်။ ချုပ်ခိုင်းတဲ့သူက ချုပ်ထည်ဖက်ရှင်တွေ ရောင်းချမယ့် နိုင်ငံအရ ဘယ်စံကို သုံးရမလဲဆိုတာ သတ်မှတ်ပေးလေ့ရှိပါတယ်။ သူက အမေရိကန် ကုမ္ပဏီ ဖြစ်ပေမဲ့ အိန္ဒိယနိုင်ငံမှာ ရောင်းချမယ်ဆိုရင် သူက အိန္ဒိယနိုင်ငံရဲ့ size သတ်မှတ်ပုံကို အတည်ယူပြီး pattern တွေ လုပ်ကိုင်စေမှာ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာအချိုးအစားတွေနဲ့ ပုံပန်းတွေက တိုင်းပြည်တစ်ခုမှာ တည်ရှိနေတဲ့ ယဉ်ကျေးမှုနဲ့ အစားအစာ စားသောက်ပုံတွေအရ အနည်းနဲ့ အများ ကွဲပြားကြတယ်။
ဥပမာ ဥရောပတိုက်မှာ လူကောင်ထွားတယ်။ အရပ်မြင့်တယ်။ ကိုယ်ခန္ဓာ ကြီးမားတယ်။ အာရှမှာကျတော့ အရပ်အမောင်းက ဥရောပကို မမီဘူး။
အဲဒါကြောင့် ဖက်ရှင်တိုက်တွေက ဘယ်နိုင်ငံမှာ ရောင်းမှာလဲ ဆိုတာကို ဂရုတစိုက်ဖြင့် ထည့်စဉ်းစားပြီး pattern ထုတ်ကြတယ်။
အလားတူပင် ဖက်ရှင်ဒီဇိုင်နာတစ်ဦးက သူများဆွဲပေးထားတဲ့ pattern ကို အခြေခံပြီး grading လုပ်မယ်ဆိုရင် ကိုယ်ရောင်းချမယ့် ပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့ ပုံပန်းတို့နဲ့ကိုက်ညီအောင် ပြင်ဆင် ရေးဆွဲပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ရောင်းချမယ့် နေရာမှာ လာဝယ်ကြသူတွေရဲ့ ကိုယ်ခန္ဓာ ယေဘုယျ အချိုးအစားနဲ့ အညီ ဖြစ်နေစေရမှာ ဖြစ်ပါတယ်။
pattern တစ်ခုကို grading လုပ်တဲ့အခါ ချုပ်သားတွေ၊ အပေါက်ဖောက်ဖို့ အမှတ်အသားတွေကို စစ်ဆေးဆန်းစစ်ကြတယ်။ ပြီးမှ grading လုပ်တဲ့ အဆင့်ဆင့်ကို စလုပ်ကြတယ်။ grading ကို လက်နဲ့ပဲ ဆွဲကြတာ ရှိသလို ကွန်ပျူတာနဲ့ ဆွဲတာလည်း ရှိတယ်။ အသုံးများကြတာ Lectra နဲ့ Asys တို့ ဖြစ်တယ်လို့ သိရပါတယ်။

Read 1664 times
Rate this item
(0 votes)