What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘောဒီးယားမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်မယ့် ဥပဒေကြမ်းကို အမျိုးသမီးတွေ ကန့်ကွက်

ကမ္ဘောဒီးယားမှာ ခန္ဓာကိုယ် ဖော်လှစ်တဲ့ အဝတ်အစား ဝတ်ဆင်သူ အမျိုးသမီးတွေကို ဒဏ်ငွေ ချမှတ်နိုင်ဖို့ ဥပဒေကြမ်း တစ်ခု အစိုးရက ရေးဆွဲနေပြီဆိုတာ ကြားလိုက်မိတာနဲ့ အသက် ၁၈ နှစ်အရွယ် မိုလီကာတန် အကြီးအကျယ် စိုးရိမ်သွားခဲ့ပါတယ်။ 

ဒါ့ကြောင့် ဒီဥပဒေကြမ်းကို ကန့်ကွက်တဲ့ ပန်ကြားလွှာတစ်ခုကို အွန်လိုင်းပေါ်ကနေ ဝိုင်းလက်မှတ်ရေးထိုး  ကြဖို့ သူ စ လုပ်ခဲ့ပါတယ်။

 

ဒီဥပဒေကြမ်းအရ ကမ္ဘောဒီးယား အမျိုးသမီးတွေအနေနဲ့ အင်္ကျီ၊ စကတ်တိုတို ဒါမှမဟုတ် ခန္ဓာကိုယ် ဖော်လှစ်တာ များတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခွင့် ပိတ်ပင်ခံရမယ့် အခြေအနေ ရှိနေသလို အမျိုးသားတွေလည်း ကိုယ်အထက်ပိုင်း အင်္ကျီမဝတ်ဘဲ လူကြားထဲ သွားခွင့် မရှိတော့မယ့်သဘောပါ။ အစိုးရက ရိုးရာယဉ်ကျေးမှုနဲ့ လူမှုရေး သိက္ခာတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီဥပဒေကြမ်းကို ရေးဆွဲတာ ဖြစ်ပေမဲ့ ဒီဥပဒေအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီဥပဒေဟာ အမျိုးသမီးတွေအပေါ် စော်ကား တိုက်ခိုက်လိုက်တာလို့ မိုလီကာက ရှုမြင်ပါတယ်။

 

"ကမ္ဘောဒီးယား လူငယ်တစ်ဦးအနေနဲ့ ကျွန်မဟာ ကိုယ် သက်တောင့်သက်သာရှိတဲ့ အဝတ်ကို ဝတ်ပြီး အပြင်ကို စိတ်ချလက်ချ ထွက်ချင်ပါတယ်။ "ကျွန်မ ဝတ်တဲ့ အဝတ်ကနေ ကျွန်မ ဘယ်လိုလူလဲဆိုတာ ဖော်ပြခွင့် ရနိုင်ရပါမယ်။ အစိုးရကနေ လာကန့်သတ်တာမျိုး မလိုချင်ပါဘူး၊ အမျိုးသမီးတွေ စကတ်တို ဝတ်တာကို လိုက် ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်နေမယ့်အစား ရိုးရာယဉ်ကျေးမှု ထိန်းသိမ်း နိုင်မယ့် တခြားနည်းတွေ အများကြီး ရှိတယ်လို့ ယူဆပါတယ်" လို့ မိုလီကာက ပြောပါတယ်။

 

သူ့ရဲ့ အွန်လိုင်း ပန်ကြားလွှာကို ပြီးခဲ့တဲ့လက စခဲ့တာ ဖြစ်ပြီး အခု လောလောဆယ် လက်မှတ်ရေးထိုးသူပေါင်း နှစ်သောင်း တစ်ထောင် ကျော်သွားပါပြီ။ မိုလီကာရဲ့အမြင်ကို တခြားအမျိုးသမီးတွေကလည်း ပြန်ဝေမျှခဲ့ကြသလို သူတို့ဝတ်စားဆင်ယင်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ပြီး ဒီလို ဝတ်ရင် ဒဏ်ငွေ ဆောင်ရမှာလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ နူးညံ့သိမ်မွေ့ရမယ်ဆိုတဲ့ ရှေးရိုးစွဲကျင့်ဝတ်အတိုင်း ပုံသွင်းခံနေရတယ်လို့ မိုလီကာ က ယုံကြည်နေပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် အစိုးရက အဖေါ်အချွတ်ကြမ်းတယ်လို့ ယူဆတဲ့ အမျိုးသမီးတွေကို နှိပ်ကွပ်တာမျိုး၊ ဝတ်စားပုံ မသင့်တော်တဲ့ တေးသံရှင်တွေနဲ့ ရုပ်ရှင်ဇာတ်ဆောင်တွေကို သရုပ်ဆောင်ခွင့် ပိတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဧပြီလတုန်းကလည်း တဏှာရာဂစိတ် ကြွစေတဲ့ အဝတ်တွေဝတ်ပြီး ဆိုရှယ်မီဒီယာမှာ အဝတ်အစား ရောင်းတဲ့ အမျိုးသမီးတစ်ဦးကို ညစ်ညမ်းမှု၊ မလျော်မကန် ဖော်ချွတ်ပြမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။

 

အဲဒီတုန်းက ဝန်ကြီးချုပ် ဟွန်ဆန် က အမျိုးသမီးတွေ ဆိုရှယ်မီဒီယာပေါ်မှာ လိုက်ဗ် လွှင့်ပြတာဟာ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာကို ချိုးဖေါက်ရာ ရောက်တယ်လို့ ပြောခဲ့ပြီး ဒီလို လုပ်ဆောင်မှုတွေကြောင့် အမျိုးသမီးတွေအပေါ် လိင် ပိုင်းဆိုင်ရာ စော်ကားမှုတွေ ၊ အကြမ်းဖက်မှုတွေ ဖြစ်လာတာလို့ ဆိုခဲ့ပါတယ်။ မိုလီကာရဲ့ ပန်ကြားလွှာ လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုထဲ ပါလာတဲ့ အသက် ၁၈ နှစ်ရွယ် အေလင် လင်းက ကမ္ဘောဒီးယားမှာ အစော်ကားခံရသူတွေအပေါ် အပြစ်ပုံချလေ့ ရှိတတ်တဲ့ အလေ့အထကို သူ့အနေနဲ့ မီးမောင်းထိုးပြလိုတယ်လို့ ပြောပါတယ်။ 

 

"ဒီဥပဒေသာ အတည်ဖြစ်လာခဲ့ရင် အမျိုးသမီးတွေကို နှောင့်ယှက်စော်ကားချင်သူတွေ ပိုလက်ရဲဇက်ရဲ ဖြစ်လာစေပြီး သူတို့ အပြစ်မရှိတဲ့ ပုံမျိုးနဲ့ ကိုယ်လွတ်ရုန်းနိုင်မှာကို စိုးရိမ်တယ်"လို့ အေလင်လင်း က ပြောပါတယ်။

 

"ကမ္ဘောဒီးယားမှာ ကြီးပြင်းလာရတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ အိမ်ကို ည ၈ နာရီအရောက် အမြဲပြန်ရလေ့ ရှိပြီး လုံလုံခြုံခြုံ အမြဲဝတ်ခဲ့ရတယ်"လို့ အေလင်လင်း က ပြောပြပါတယ်။ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေအကြောင်း အွန်လိုင်းမှာ လူတွေ အာရုံစိုက်နေကြချိန်မှာ ဒီဥပဒေမူကြမ်းထဲမှာ ပါတဲ့ တခြားအချက်တွေနဲ့ ပတ်သက်လို့လည်း တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

 

အစိုးရတင်သွင်းတဲ့ ဒီဥပဒေကြမ်းထဲမှာ စိတ်ဝေဒနာသည်တွေ အများပြည်သူတွေကြား လွတ်လွတ်လပ်လပ် သွားလာမှုကို တားမြစ်တာ၊ တောင်းစားမှုအားလုံးကို ပိတ်ပင်တာ၊ အများပြည်သူပိုင်နေရာမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြရင် အာဏာပိုင်ဆီက ခွင့်ပြုချက် တောင်းခံရမှာတွေ ပါဝင်နေလို့ ဖြစ်ပါတယ်။

 

ဒီဥပဒေသာ အတည်ဖြစ်သွားရင် လူ့အသိုင်းအဝိုင်းထဲက အဆင်းရဲဆုံး လူတန်းစားကို ထိခိုက်လာနိုင်တယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေးဌာနရဲ့ အမှုဆောင် ဒါရိုက်တာ ချက်ဆိုဖိလို လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။ "ဒီဥပဒေကြောင့် ဆင်းရဲမွဲတေမှုတွေ ၊ မမျှမတ ဖြစ်အောင် အကွက်ချလုပ်နေမှုတွေကို ပိုအမြစ်တွယ်သွားစေလိမ့်မယ်"လို့ သူက ပြောပါတယ်။ တကယ်လို့ အစိုးရ ဝန်ကြီးဌာနတွေနဲ့ အမျိုးသား လွှတ်တော်ကသာ ခွင့်ပြုလိုက်ရင် ဒီဥပဒေက လာမယ့်နှစ်မှာ အတည်ဖြစ်လာမှာပါ။

 

ဒီဥပဒေကြမ်းအကြောင်းနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ ဘီဘီစီရဲ့ ပန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီး မစ္စတာ အုခ်ကင်လက်ခ် က ငြင်းခဲ့ပြီး အခုအနေအထားက ပထမအဆင့် ဥပဒေကြမ်းပဲ ရှိပါသေးတယ် လို့ ပြောခဲ့ပါ တယ်။

 

ဒါပေမယ့် အများပြည်သူရဲ့ ဆက်တိုက် ဖိအားပေးမှု မရှိဘူးဆိုရင် ဒီဥပဒေကြမ်းဟာ အသေအချာ မစိစစ်ဘဲ အတည်ဖြစ်သွားမှာကို ချက်ဆိုဖိက စိုးရိမ်နေတာပါ။ "ကမ္ဘောဒီးယားမှာ ဥပဒေတွေဟာ သက်ဆိုင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးတာမျိုး မရှိပဲ မကြာခဏဆိုသလို အစောတ လျင် ပြဋ္ဌာန်းတတ်လေ့ ရှိတယ်"လို့ သူက ပြောပါတယ်။

 

မိုလီကာကတော့ သူ့ရဲ့ လက်မှတ်ထိုး ပန်ကြားလွှာ တောင်းခံစုဆောင်းမှုဟာ အစိုးရကို သဘောထား ပြောင်းလာနိုင်အောင် အသိပညာပေးနိုင်လိမ့်မယ်လို့ အပြုသဘော ရှုမြင်နေဆဲ ဖြစ်ပါတယ်။

 

"ဒီကိစ္စနဲ့ ပတ်သက်လို့ လူတွေရဲ့ သဘောထား ဘယ်လောက် အခိုင်အမာ ရှိသလဲဆိုတာကို ကျွန်မ ပြချင်နေတာပါ"လို့ မိုလီကာက ပြောပါတယ်။

 

Source: thestartmagazine.com

Read 883 times
Rate this item
(0 votes)