What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူဈေးကွက်ဝေစုရရန် အထည်ချုပ်နိုင်ငံများ ကြိုးပမ်း

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ချုပ်ထည်တင်ပို့သူများကို ဥရောပမှ အမှာစာများ ရှာဖွေရယူရန် တိုက်တွန်းအားပေးခြင်းကို ကုန်သွယ်ရေးသဘောတူညီချက်များ၊ အစိုးရမူဝါဒများ၊ ပြည်ပအကူအညီများတို့ဖြင့် အမျိုးမျိုးအဖုံဖုံ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားကိုလည်း သုညဟု သတ်မှတ်ပေးထားသည့်အပြင် မည်ရွေ့မည်မျှသာ သွင်းရမည်ဟူသော ခွဲတမ်းသတ်မှတ်ချက်လည်း မထားရှိချေ။

ပါရီမှ အရေးပါသည့် ကုန်သွယ်မှုပြပွဲ
===================
ယခုနှစ်အစောပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပေသော Apparel Sourcing ကုန်သွယ်မှု ပြပွဲတွင် ဥရောပမှ အမှာစာများ ရယူနိုင်ရန် အာရှမှ ချုပ်ထည်တင်ပို့သည့် လုပ်ငန်းများတို့က ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဥရောပ အ၀တ်အစားဈေးကွက်သို့ ၀င်လမ်းတစ်ခုဖြစ်သော Apparel Sourcing ပွဲသို့ ရာချီသော အထည်ချုပ်လုပ်ငန်းများ တက်ရောက်ခဲ့ကြသည်။
အထည်ချုပ် အမှာစာများ ပိုမိုရရှိခြင်းသည်အလုပ်အကိုင်များ ပိုမိုရရှိခြင်း ဖြစ်သည်။ ထိုအတွက် လုပ်ငန်းရှင်တစ်ဦးချင်းအရ ကြိုးပမ်းကြရသည်။ သို့သော် သူ့ကြိုးပမ်းမှုသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ အစိုးရ၏ စီးပွားရေးမူဝါဒများအပြင် နိုင်ငံရေးမူဝါဒများ၊ ပြည်ပအကူအညီများအပေါ် များစွာမူတည်နေပေသည်။
တရုတ်နှင့် အိန္ဒိယ နိုင်ငံများမှ လာရောက်ပြသသူများသည် အီးယူဈေးကွက်တွင် အကောက်ခွန်မဲ့ တင်သွင်းခွင့်ရရှိထားသည့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် မြန်မာတို့ကဲ့သို့သော ချုပ်ထည်တင်ပို့သည့် နိုင်ငံများက ယခုလို အကောက်ခွန်မဲ့ တင်သွင်းခြင်း အခွင့်အရေး ဆက်လက်ရရှိနေခြင်းအပေါ် မကျေနပ်ချင်စရာ ဖြစ်နေသည်။

အထူးအခွင့်အရေးများ
============
လက်နက်ခဲယမ်းမှအပ ကျန်တာအကုန်လုံးကို အကောက်ခွန်မဲ့၊ ခွဲတမ်းမဲ့ တင်သွင်းနိုင်သည့် အစီအစဉ်ကို အီးယူက မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ least developed countries (LDCs) ၄၉ ခုကို ပေးထားသည်။ ၎င်းအစီအစဉ်တွင် အာရှမှ ကျေးဇူးအများဆုံး ရရှိကြသည့်နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ဖြစ်သည်။ ၎င်းစာရင်းတွင် အာဖရိကမှ နိုင်ငံများ ဖြစ်ကြသည့် အီသီယိုးပီးယား၊ မါဒါဂါစကာနှင့် လီဆိုသိုတို့လည်း ပါဝင်ကြသည်။

အီးယူ၏ လူသိများသော မက်လုံးတစ်ခုမှာ Generalised System of Preferences Plus (GSP+) အစီအစဉ် ဖြစ်သည်။ လူ့အခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများ အတွက် နိုင်ငံတကာ သဘောတူချက်များကို လက်မှတ်ရေးထိုးထားသော နိုင်ငံများကို ၎င်း အစီအစဉ် ပေးအပ်သည်။
ထိုမျှဖြင့် မပြီးသေး။ အီးယူသည် သတ်မှတ်ထားသော အခြေအနေအကြောင်းခြင်းရာများနှင့် ကိုက်ညီပါက အထူးကုန်သွယ်မှု သဘောတူညီချက်များကို စိတ်တိုင်းကျ သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ပေးသည်။
သာဓကတစ်ခုမှာ ၂၀၁၇ ခုနှစ် ဧပြီလတွင် ဥရောပသမဂ္ဂ European Union ၊ အိုင်အယ်လ်အို International Labour Organization တို့သည် ဂျော်ဒန်နိုင်ငံ အလုပ်သမားဝန်ကြီးနှင့် ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ ၎င်းသည် အထူးသဘောတူညီချက်ဖြစ်သည်။ ထိုသဘောတူညီချက်အရ မူရင်းနိုင်ငံ သတ်မှတ်ချက်ဆိုင်ရာ နည်းဥပဒေများကို လျော့ပေါ့ပေးထားသည်။ သို့ဖြစ်ရာ ဂျော်ဒန်ကုမ္ပဏီများသည် ဆီးရီးယားမှ ရောက်လာသော စစ်ဘေးဒုက္ခသည်များကို အနည်းဆုံးဦးရေသတ်မှတ်ချက်အရ အလုပ်ခန့်ထားပြီး ထုတ်လုပ်ထားသော ထုတ်ကုန်များကို အီးယူသို့ ဤသဘောတူညီချက်ဖြင့် ပေးပို့ခွင့်ကို ရရှိကြသည်။

USAID, CBI, ILO အကူအညီများ
===================
အာရှအလယ်ပိုင်းရဲ့ ဆွစ်ဇာလန်ဟု ခေါ်ဝေါ်ကြသည့် တောင်တန်းထူထပ်သည့် ကီယာဂစ္စတန်နိုင်ငံမှ တင်ပို့သော ချုပ်ထည်များ အလားလုံးနီးပါးတို့သည် အစဉ်အလာအရ ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ကြသည်။ လတ်တလောနှစ်ကာလတွင် ရုရှားမှ ချုပ်ထည် ၀ယ်လိုအား ကျဆင်းခဲ့ရာ အစိုးရက ဥရောပမှ အမှာစာများကို ရှာဖွေစေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကီယာဂစ္စတန်မှ ချုပ်ထည်ထုတ်လုပ်မှု ပမာဏစုစုပေါင်းသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၅ သန်း ရှိသည်။ ယခင် ရုရှားနိုင်ငံသည် ဆိုဗီယက်ယူနီယံအဖြစ် တည်ရှိခဲ့ပြီး မပြိုကွဲခင်က အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ဖိုး ရှိခဲ့ပေရာ များစွာလျော့ကျခဲ့ခြင်း ဖြစ်သည်။
ကီယာဂစ္စတန်သည် EU GSP+ အခွင့်အရေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် စတင်ရရှိခဲ့သည်။ အီးယူအနေဖြင့်လည်းကောင်း၊ ဂျာမနီအပါအ၀င် အခြားဥရောပမှ ဖွံ့ဖြိုးမှု အဖွဲ့အစည်းများ၏ ထောက်ကူမှုများကို ကီယာဂစ္စတန်မှ ချုပ်ထည်တင်ပို့သည့် လုပ်ငန်းများ ရရှိခဲ့သည်။

ကီယာဂစ္စတန်
========
ကီယာဂစ္စတန်မှ အထည်ချုပ်လုပ်ငန်း ၁၅ ခု ပါဝင်သော အုပ်စုတစ်ခုဖြစ်သည့် Bishkek Garment Industry သည် ယခုတင်ပြခဲ့သည့် ပါရီ Apparel Sourcing ပွဲတွင် ပါဝင်ပြသခဲ့ရာ၌ American Development Agency USAID က အကူအညီပေးခဲ့သည်။ ပြခန်းတွင် ၎င်းတို့မှ ဆောင်ရွက်ပေးနိုင်သော “CMT” (Cut, Make & Trim) ၀န်ဆောင်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အားသာချက်များမှာ လုပ်သားခ သက်သာခြင်း၊ အီးယူနှင့် ရုရှားတို့ထံ အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိထားခြင်း၊ ပမာဏသေးငယ်သော အမှာစာများကို လက်ခံဆောင်ရွက်ပေးရန် အသင့်ရှိခြင်း၊ ထုတ်ကုန်ကို တင်ပို့ရာ၌ ရက်တိုတောင်းခြင်း (အနောက်ဥရောပသို့ ၁၀ - ၁၂ ရက်၊ ရုရှားသို့ ၅ ရက်) တို့ဖြစ်သည်။

လူဦးရေ ၆ သန်း ရှိသော နိုင်ငံငယ်တစ်ခု ဖြစ်သည့် ကီယာဂစ္စတန်တွင် အထည်အလိပ် နှင့် အထည်ချုပ်လုပ်သား အများအပြား ရှိနေသည်။ ၎င်းလုပ်သားဦးရေ တစ်သိန်းခွဲမှ သုံးသိန်းအထိ ရှိနေသည်။ ဥရောပနှင့် ရုရှား ဈေးကွက်ကြီးနှစ်ခုကို မျက်စိကျနေသော တရုတ်နှင့် တူရကီမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်တစားဖြင့် လေ့လာဆန်းစစ်ချက် ပြုနေကြသည်။

မြန်မာ
====
နယ်သာလန်မှ CBI သည် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်း ၈ ခုတို့ကို မြှင့်တင်ရန် ဆောင်ရွက်ပေးလျက် ရှိသည်။ ၎င်းတို့သည် နိုင်ငံသားပိုင် လုပ်ငန်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ယခုအခါ အခစားအဖြစ် လုပ်ကိုင်ရသော CMP Cut Make Pack ကို လုပ်ကိုင်နေကြသော်လည်း နောက်နောင်တွင် FOB တင်ပို့သူ ဖြစ်လိုကြသည်။
ပြပွဲတွင် ၀င်ရောက်ပြသသူတစ်ဦးမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း Myanmar Garment Manufacturers Association (MGMA) ဥက္ကဋ္ဌ ဦးမြင့်စိုး ဖြစ်သည်။

ဂျော်ဒန်
====
ဂျော်ဒန်မှ ချုပ်ထည်ထင်ပို့သူများသည်လည်း နိုင်ငံတကာမှ အထောက်အကူကို ရရှိကြသည်။ ဂျော်ဒန်သည် အမေရိက၊ အီးယူ၊ တူရကီ၊ ကနေဒါ တို့နှင့် လွတ်လပ်ကုန်သွယ်ရေး သဘောတူညီချက် ရှိထားသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ ဂျော်ဒန်မှ ပို့ကုန်လုပ်ငန်းများသည် အီးယူဈေးကွက်တွင် အကောက်ခွန်မဲ့ တင်သွင်းခွင့်ကို ရရှိခဲ့ကြသည်။
ထို့အပြင် အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဆီးရီယား ဒုက္ခသည်များကို စက်ရုံလုပ်သား အင်အားစုတွင် အနည်းဆုံး ၁၅ ရာခိုင်နှုန်း ခန့်ထားသည်ဆိုပါက မူရင်းနိုင်ငံ သတ်မှတ်ချက် နည်းဥပဒေများကို လျော့ပေါ့ပေးသည်။ ယခုအခါ ဆီးရီးယား ဒုက္ခသည်များ အသုံးပြုသော အထည်ချုပ်ကုမ္ပဏီ ၁၈ ခု ရှိနေပြီဖြစ်သည်။

 

ကိုးကား just style

Read 1516 times
Rate this item
(0 votes)