What's new

×

Warning

JUser: :_load: Unable to load user with ID: 845


AGM တွင် MGMA ဥက္ကဋ္ဌ၏ အဖွင့်အမှာစကား

. . .လုပ်သားများအပေါ်မှာ အင်အားသုံးပြီးတော့ ဖြေရှင်းပေးဖို့၊ ရိုက်ဖို့၊ နှက်ဖို့ အရေးယူဖို့ဆိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်တုန်းကမှ မည်သည့်အစိုးရကိုမှ ကျွန်တော်တို့ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။ ယခုလက်ရှိ အစိုးရထံမှာလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ခြင်း မရှိပါဘူး’’

ဟု AGM တွင် MGMA ဥက္ကဋ္ဌက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားပါသည်။

သက်တမ်း ၁၆ နှစ်ပြည့်မြောက်ခဲ့ပြီးပြီဖြစ်သော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း Myanmar Garment Manufacturers Association -MGMA ၏ စတုတ္ထအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး Annual General Meeting (AGM )ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပခဲ့ပါသည်။
ယခုနှစ် AGM ၏ ထူးခြားချက်မှာ ၂၀၁၈ -၂၀၂၀ ခုနှစ် ၃ နှစ်တာကာလအတွက် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်များ CECs နှင့် အလုပ်အမှုဆောင်များ တာဝန်စတင်ခြင်း ဖြစ်သည်။
နောက်ထပ် ထူးခြားချက်မှာ AGM အပြီးတွင် သွင်းကုန်လိုင်စင်အတွက် Fully Online Licence System ကို စတင်သုံးစွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
AGM တွင် အခမ်းအနား အစီအစဉ်အရ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့် အမှာစကား ပြောကြားပါသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် စိန်ခေါ်မှု အခက်အခဲ မြောက်မြားစွာကို ရင်ဆိုင်နေရသည့် အခြေအနေကို ရောက်ရှိနေသည်ဟု ၎င်းက သုံးသပ်ပြပါသည်။ ထိုနောက် ၎င်းက ‘‘ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းရှင် အသင်းအနေဖြင့် ဘယ်ကို သွားမယ်။ ဘာကိုလုပ်မယ်ဆိုတာ တင်ပြပါရစေ’’ ဟု ခွင့်ပန်ပြီး ဆက်လက်ပြောကြားရာ၌ ‘‘ကျွန်တော်တို့ဟာ တပ်မတော် အစိုးရလက်ထက်ကတည်းက အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖွင့်ပေးပြီး ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် လုပ်သားတွေနဲ့ ဒိုးတူဘောင်ဖက် ကြီးစားလာကြတာ ဒီနေ့ အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက်အထိ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်’’ ဟု ပြောကြားပါသည်။
‘‘ဒီလို ဆက်လက်ဆောင်ရွက်နေတာမှာ ကျွန်တော်တို့မှာ မလျော်ကန်တဲ့ တောင်းဆိုမှုတွေ၊ မတရားတဲ့ ဆောင်ရွက်မှုတွေ မရှိဘူးဆိုတာကို တင်ပြလိုပါတယ်။ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် လုပ်သားတွေနဲ့ ကျွန်တော်တို့အကြား ဖြစ်ပွားတဲ့ အဆင်မပြေမှုတွေမှာ လုပ်သားများအပေါ်မှာ အင်အားသုံးပြီးတော့ ဖြေရှင်းပေးဖို့၊ ရိုက်ဖို့၊ နှက်ဖို့ အရေးယူဖို့ဆိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်တုန်းကမှ မည်သည့်အစိုးရကိုမှ ကျွန်တော်တို့ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။ ယခုလက်ရှိ အစိုးရထံမှာလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ခြင်း မရှိပါဘူး’’ ဟု ၎င်းက အတိအလင်း ပြောကြားပါသည်။
ဥပဒေအရ ကာကွယ်ပေးရန်၊ ဥပဒေအရ အကာအကွယ် ရရှိရန် ကိစ္စကိုတော့ တောင်းဆိုမှုရှိသည်။ သက်ဆိုင်ရာသို့ တင်ပြမှုများလည်း ပြုခဲ့သည်ဟု ၎င်းက ပြောကြားပါသည်။ ‘‘ဘယ်အထိ ကျွန်တော်တို့ တင်ပြခဲ့သလဲ ဆိုရင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မတီအထိကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဥပဒေဘောင် ကျော်လွန်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် လုပ်သားတွေရဲ့ ဆန္ဒပြမှုတွေကို ကျွန်တော်တို့အပေါ်မှာ ဥပဒေအရ အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်’’
ထို့နောက် အသင်းဥက္ကဋ္ဌက လယ်ယာကဏ္ဍဖွံဖြိုးရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့ကို ပြောပြပါသည်။ နိုင်ငံတော်၏ ပကတိအခြေအနေကိုကြည့်လျှင် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစိုးရမှ ဆောင်ရွက်လျက် ရှိသည်။ လယ်ယာကဏ္ဍတွင် ၂၀၁၇-၁၈ ခုနှစ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်ပဆန်တင်ပို့မှု ၃.၃သန်း မက်ထရစ်တန်သို့ ရောက်ရှိခဲ့သည်။ ၁၉၄၅ ခုနှစ်တုန်းက ပြည်ပဆန်တင်ပို့မှု စံချိန်ဖြစ်သည့် မက်ထရစ်တန် ၄ သန်းသို့ နီးကပ်လာနေပြီဖြစ်သည်။ ဆန်တန်ချိန် ၄ သန်းကျော်အထိ တင်ပို့ပြီး နိုင်ငံခြားငွေ ကန်ဒေါ်လာ ၁.၅ ဘီလျံအထိ ရှာရန် စီစဉ်လုပ်ဆောင်နေသည်။
အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အသင်းဝင်ပေါင်း ၅၀၀ ကျော်ရှိပြီး လည်ပတ်နေသည့် စက်ရုံပေါင်း ၄၀၀ ကျော် ရှိသည်။ အခြေခံလုပ်သား ၄သိန်းခွဲကျော်ကို အလုပ်အကိုင်များ ပေးထားသည်။ ထိုသို့ အလုပ်အကိုင်များ ဖန်တီးပေးထားသော အထည်ချုပ်လုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသူများဖြစ်အောင် ကြိုးစားကြရန် အသင်းဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။ ‘‘ဥပဒေနဲ့ အညီ စီမံခန့်ခွဲဖို့၊ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်နေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဖက်ဖြစ်တဲ့ INGO ဖြစ်တဲ့ Smart Myanmar ရှိပါတယ်’’
Smart Myanmar သည် ဥရောပရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနေသည်မှာ ယခုအခါ ၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။ အလားတူပင် ဂျာမနီအစိုးရမှ ထောက်ပံ့ထားသည့် AVE (Foreign Trade Association of German Retailers)နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေသည်။ ယူကေမှ Pyoe Pin ၊ နယ်သာလန်မှ CBI (Centre for the Promotion of Imports from developing countries)အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော၊ ဥပဒေနှင့်အညီ လည်ပတ်နိုင်သော လုပ်ငန်းရှင်များ ဖြစ်အောင် တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ၎င်းက အသိပေးပြောကြားပါသည်။ အစိုးရနှင့်လည်း နိုင်ငံတော်၏ လိုအပ်ချက်အသီးသီးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ထို့နောက် အသင်းဝင်များကို အသင်းဥက္ကဋ္ဌက အထူးမှာကြားသည်မှာ အကာအကွယ် ရမည့်အရာမှာ ဥပဒေဖြစ်သည်။ ‘‘အကာအကွယ်ရမည့် ဥပဒေများကို ကိုယ်ကိုင်တိုင် နားလည်သိကျွမ်းအောင် ဆောင်ရွက်ပါ။ ကိုယ့်ရဲ့ဝန်ထမ်း စီမံခန့်ခွဲသူတွေကိုလည်း ဥပဒေများကို နားလည်သိကျွမ်းအောင် လေ့ကျင့် ပျိုးထောင်ပါ’’ ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

အောက်ပါလင့်ခ်တွင် CEC EC စာရင်းအပြည့်အစုံကို ကြည့်ရှုနိုင်ပါသည်။

၂၀၁၈ -၂၀၂၀ သက်တမ်းအတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်းများအသင်း၏ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် စာရင်း

 

 

AGM တွင် MGMA ဥက္ကဋ္ဌ၏ နိဂုံးချုပ် အမှာစကား ဖတ်ရှုရန်လင့်ခ်

http://www.textiledirectory.com.mm/articles/item/762-mgma-agm-chair-closing-speech.html

 

Read 930 times
Rate this item
(0 votes)