What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်ရှင်များ လူမှုဖူလုံရေးထည့်ဝင်ကြေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက် (၇)ချက်ကြေညာ

လူမှုဖူလုံရေးထည့်ဝင်ကြေးများကို ၆ လထက်နောက်မကျစေဘဲ ပေးသွင်းခွင့်ပြုခြင်းနှင့် အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များကြေညာပါသည်။

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း၏ သက်ရောက်မှုအကြောင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ ရင်ဆိုင်နေရသော အခက်အခဲများ လျော့ပါးသက်သာစေရန်နှင့် လုပ်ငန်းဆက်လက် လည်ပတ်နိုင်စေရန် ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် (၃၄၁/၂၀၂၁) ကိုထုတ်ပြန်၍ အာမခံအလုပ်သမားများ၏ ၅/၂၀၂၁ လ လုပ်ခလစာအတွက် ပေးသွင်းရမည့်ထည့်ဝင်ကြေးမှစ၍ သက်ဆိုင်ရာလကုန်ဆုံးပြီး ၆ လထက်နောက်မကျစေဘဲ ပေးသွင်းခြင်းအပေါ် ပျက်ကွက်ကြေးများကို ကင်းလွတ်ခွင့်ပြုထားပါသည်။ ထိုသို့ကင်းလွတ်ခွင့်ရရှိခြင်းနှင့် စပ်လျဉ်း၍ အလုပ်ရှင်များအနေဖြင့် ပိုမိုရှင်းလင်းစွာ နားလည်၍ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လူမှုဖူလုံရေးအဖွဲ့မှ ဩဂုတ်လ ၆ ရက်နေ့ရက်စွဲပါစာအမှတ် - ၀၆၂၀/၁/လမဖ(အာမခံ) ၂၀၂၁ (၆၀၅၀) ဖြင့် အောက်ပါလိုက်နာဆောင်ရွက်ရန် အချက်များကို အကြောင်းကြားလာပါသည်။

(က) အလုပ်ရှင်များသည် အာမခံအလုပ်သမားများ၏ ၄/၂၀၂၁ လ၏ လုပ်ခလစာအတွက် ပေးသွင်းရမည့် ထည့်ဝင်ကြေးအား ပေးသွင်းပြီးဖြစ်ရန်၊
(ခ) အလုပ်ရှင်များ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်နှင့် မူလလုပ်ငန်းများအား ပုံမှန်လည်ပတ်နိုင်ရန် ဖြေလျှော့ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ပါ၍ အလုပ်ဌာနများအနေဖြင့် သက်ဆိုင်ရာလအလိုက် လစဉ်ပေးသွင်းနိုင်ပါက ပုံမှန်အတိုင်း ဆက်လက်ပေးသွင်းရန်၊
(ဂ) အလုပ်သမားများထံမှ ထည့်ဝင်ခြင်းများကို လစဉ်ဖြတ်တောက်ထားပြီးဖြစ်ပါက အလုပ်သမား ထည့်ဝင်ကြေးကို ပုံမှန်ပေးသွင်းပြီး အလုပ်ရှင်ထည့်ဝင်ကြေးအား (၆) လထက်နောက်မကျစေဘဲ ပေးသွင်းရန်၊
(ဃ) လူမှုဖူလုံရေးဥပဒေ၊ နည်းဥဒေပါ အကျိုးခံစားခွင့်များသည် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလများ ပြည့်မီမှသာ ဥပဒေပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည့်အတွက် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ နစ်နာဆုံးရှုံးမှုများ မရှိစေရန် ၅/၂၀၂၁ လ ၏ လုပ်ခလစာမှစ၍ လစဉ်အလုပ်လုပ်ကိုင်နေသော “အာမခံအလုပ်သမားများအတွက် လစဉ်ထည့်ဝင်ကြေး ပေးသွင်းငွေစာရင်း (ပုံစံ-၁၃/ Contribution Excel File)” နှင့် (၆) လအတွင်း နောက်ကျပေးသွင်းခွင့် ပြုပါရန် လျှောက်လွှာအား လစဉ်သက်ဆိုင်ရာလကုန်ဆုံးပြီး (၁၅) ရက်အတွင်း မြို့နယ်လူမှုဖူလုံရေးရုံးသို့ မဖြစ်မနေ (မပျက်မကွက်) ပေးပို့ထားရန်၊
(င) အထက်အပိုဒ် (ဃ) ပါ လစဉ်ပေးပို့ထားသော ထည့်ဝင်ကြေး ပေးသွင်းငွေစာရင်း (ပုံစံ-၁၃/ Contribution Excel File) ပါအတိုင်း သက်ဆိုင်ရာလကုန်ဆုံးပြီး (၆) လအတွင်း မပျက်မကွက် (မပျက်မကွက်) ပေးသွင်းရန်၊
(ဥပမာ- ၅/၂၀၂၁ လ၏ လုပ်ခလစာအတွက် ပေးသွင်းမည့်ထည့်ဝင်ကြေးကို ၃၀-၁၁-၂၀၂၁ ရက်နေ့အတွင်း၊ ၆/၂၀၂၁ လ၏ လုပ်ခလစာအတွက် ပေးသွင်းမည့်ထည့်ဝင်ကြေးကို ၃၁-၁၂-၂၀၂၁ ရက်နေ့အတွင်း စသည်ဖြင့်ပေးသွင်းကြပါရန်)၊
(စ) အလုပ်ဌာနအနေဖြင့် သက်ဆိုင်ရာလအလိုက် အလုပ်သမားသစ်ခန့်ထားခြင်းနှင့် အလုပ်ဌာနပြောင်းရွေ့ခြင်း၊ အလုပ်သမားနှုတ်ထွက်ခြင်း၊ အငြိမ်းစားယူခြင်းနှင့်သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ ၂၀၂၁ ခုနှစ်၊ လူမှုဖူလုံရေးနည်းဥပဒေ အပိုဒ် ၄၂ (ဂ) နှင့် အပိုဒ် ၄၃ တို့အရ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးများသို့ (၁၀) ရက်အတွင်းအကြောင်းကြားရန်၊
(ဆ) အလုပ်ရှင်မှ အထက်အပိုဒ် (ဃ)နှင့် (စ) ပါ ကိစ္စရပ်များအား အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အာမခံအလုပ်သမားများရရှိခံစားနိုင်မည့် အကျိုးခံစားခွင့်များ ပျက်ပြယ်ဆုံးရှုံးနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာပါက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၆၉ နှင့်အညီ အလုပ်ရှင်မှသာ ပေးလျော်ရန်။

အထက်ပါ အချက်များကိုမပျက်အကွက်လိုက်နာဆောင်ရွက်ခြင်းဖြင့် ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြုသော ၆ လကာလအတွင်း အာမခံအလုပ်သမားအနေဖြင့် ၄င်းတို့ရရှိခံစားနိုင်မည့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ပုံမှန်အတိုင်းရရှိမည်ဖြစ်ပါသည်။ အလုပ်ရှင်များအနေဖြင့်လည်း ဖြစ်နိုင်လျှင် လူမှုဖူလုံရေးထည့်ဝင်ကြေးများကို ၆ လဆိုင်းငံ့ထားခြင်းမပြုဘဲ၊ ပုံမှန်လစဉ်သော်လည်းကောင်း၊ ၆ လအတွင်းစောနိုင်သမျှစော၍သော်လည်းကောင်း ပေးသွင်းကြရန် လူမှုဖူလုံရေးအဖွဲ့မှ တိုက်တွန်းအကြောင်းကြားချက်အား အလုပ်ရှင်အလုပ်သမားများ သိရှိနိုင်ရန် ဆက်လက်ဖြန့်ဝေအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read 1254 times
Rate this item
(0 votes)