What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဘဏ်အုပ်စု၏ြ မန်မာ့စီးပွားရေးလေ့လာမှုအစီရင်ခံစာ အနှစ်ချုပ်

●မြန်မာနိုင်ငံသည် အာမခံနှင့်ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် ကန့်သတ်ချက် အများဆုံးရှိသည့်နိုင်ငံများတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်ကြောင်းကို OECD 2016 ကဖော်ပြထား
●၂၀၁၇-၁၈ ပထမခြောက်လအတွင်း ငွေဖောင်းပွမှုလျော့ကျ
● ဆန်တင်ပို့မှုသည် သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိ


● အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နှေးကွေးလာသည်ဟု ယူဆမှုများ ရှိနေ
● ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ ဒုတိယနှစ်ဝက်ကာလတွင် ဈေးနှုန်းများ ပိုမိုလျင်မြန်စွာ မြင့်တက်ခဲ့
● “Doing Business” လွယ်ကူမှုအဆင့်ကို ၁၇၁ (စုစုပေါင်း ၁၉၀ နိုင်ငံ) မှ ၁၀၀ သို့ ရောက်ရှိစေရန် နိုင်ငံတော်အစိုးရ ကြိုးစားလျက်ရှိ

မြန်မာနိုင်ငံ၏မက်ခရိုစီးပွားရေးသည် ၂၀၁၆-၁၇ တွင် နှေးကွေးခဲ့ရာ၊ စီးပွားရေး တိုးတက်နှုန်းသည် ၂၀၁၇-၁၈တွင် အတိုင်းအတာတစ်ခုအထိ အားကောင်း လာခဲ့သည်ဟု ခန့်မှန်းထားသည်။
ရှေ့စီးပွားရေးအလားအလာအနေနှင့် တိုးတက်ကောင်းမွန်လာမည်ဟု မျှော်မှန်းထားသော်လည်း မက်ခရိုစီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်တိုးပွားလျက် ရှိပါသည်။

GDP တိုးနှုန်း
*******
GDP တိုးနှုန်းသည် ၂၀၁၆/၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း မှ ၂၀၁၇/၁၈ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိလာသည့်အတွက် မြန်မာ့စီးပွားရေးသည် ကဏ္ဍစုံမှ တိုးတက်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းပါသည်။

ငွေဖောင်းပွမှု
*********
ငွေဖောင်းပွမှုသည် ၂၀၁၆/၁၇ ခုနှစ်က ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ၂၀၁၇/၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ အသင့်အတင့် ကျဆင်းသွားသည်။

ငွေလဲနှုန်း
*******
ငွေကြေးလဲလှယ်မှုနှုန်းမှာ တည်ငြိမ်နေပြီး ဒီဇင်ဘာလမှစ၍ မြန်မာကျပ်ငွေတန်ဖိုးတက်လာခဲ့သည်။

လိုငွေပြခြင်း လျော့ကျ
**************
ပို့ကုန်မြင့်တက်လာမှုကြောင့် ကုန်သွယ်ရေးလိုငွေအနည်းငယ် ကျဆင်းသွားခဲ့သည်။
ဘတ်ဂျက်လိုငွေသည်လည်း ဘဏ္ဍာနှစ်ပထမ ၉ လအတွင်းလည်း ကျဆင်းသွားခဲ့သည်။

ဆွဲဆောင်နိုင်စွမ်း
********
စီးပွားရေးစွမ်းဆောင်မှု အားကောင်းနေမြဲဖြစ်သော်လည်း ပြုပြင်ပြောင်းလဲမှု
နှေးကွေးခြင်း၊ ငွေရေးကြေးရေး ကဏ္ဍတွင်အားနည်းချက်များရှိနေခြင်း၊ ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှုနည်းပါးခြင်း တို့နှင့် ပတ်သက်ပြီး စိုးရိမ်စရာများရှိနေခြင်းသည် စီးပွားရေး လာရောက်လုပ်ကိုင်လိုမှုကို ထိခိုက်စေပြီး စွမ်းဆောင်မှုကိုလည်း အားနည်းသွားစေမည့် အရိပ်လက္ခဏာများ ရှိနေပါသည်။
ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးမူဝါဒ မသေချာမှု၊ ကုန်စည်ဈေးနှုန်းများ အတက်အကျမငြိမ်မှုစသည့် ပြင်ပအကြောင်းခြင်းရာများကလည်း စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို ထိခိုက်စေနိုင်ပါသည်။

ပိုကောင်းလာစေဖို့
*******
မြန်မာအစိုးရအနေနှင့်လည်း စီးပွားရေးအလားအလာများကောင်းမွန်လာစေရန်အတွက်- MSDP (Myanmar Sustainable Development Plan) ကို စတင်
ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိပါသည်။
အစိုးရသစ်အနေနှင့် နိုင်ငံတော်အခွန်ငွေကောက်ခံခြင်း ၊ အသုံးစရိတ်များကို ပိုမိုအကျိုးရှိစွာ အသုံးပြုခြင်း၊ ပိုမိုသေချာသည့်ပေါ်လစီများချမှတ်ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် လွယ်ကူသင့်တော်သည့် အခြေအနေများ ဖန်တီးပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည်သာမက စီးပွားရေး မျှော်မှန်းချက်များ တိုးတက်ကောင်းမွန်လာစေနိုင်မည်။

လတ်တလော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ
******************
မြန်မာနိုင်ငံသည် ၂၀၁၇/၁၈ ဘဏ္ဍာအတွင်း စီးပွားရေးကဏ္ဍတွင် တိုးတက်မှုကို ကြုံတွေ့ခဲ့ရသည်။
ထုတ်လုပ်မှုအပိုင်းကို ကြည့်လျှင် လယ်ယာကဏ္ဍ ပြန်ဦးမော့လာခဲ့ခြင်း၊ စက်မှုနှင့် အထူးအားဖြင့် အထည်ချုပ်လုပ်ငန်းများဆက်လက် အားကောင်းမှုများရှိခဲ့သည်။ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် မရေရာမှုများကြောင့် အနည်းငယ်ကျဆင်းခဲ့လင့်ကစား ဝန်ဆောင်မှုဏ္ဍ အားကောင်းခဲ့ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပြုခဲ့သည်။
၂၀၁၇-၁၈ ပထမခြောက်လအတွင်း ငွေဖောင်းပွမှုလျော့ကျခြင်းကြောင့် ပုဂ္ဂလိက စားသုံးမှု တိုးတက်ခဲ့သည်။
ထို့အပြင် မြန်မာကျပ်ငွေတည်ငြိမ်ခြင်းနှင့် စက်မှုထုတ်ကုန်ထုတ်လုပ်မှုတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံတိုးမြှင့်လာခြင်းတို့၏အထောက်အပံ့ကြောင့် စုစုပေါင်းဝယ်လိုအားမှာ တိုးတက်လာခဲ့သည်ဟု ခန့်မှန်းရပါသည်။
ပို့ကုန်တိုးမြင့်လာမှုကြောင့် ကုန်သွယ်မှုလိုငွေလျော့ကျလာခဲ့သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်ပေးနှုန်းမှာ မနှစ်ကနှင့် ယှဉ်လျှင် လျော့ကျ လာသော်လည်း တစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ FDI ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်လာမည်ဟု ခန့်မှန်းသည်။
ဆန်တင်ပို့မှုသည် သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အထည်ချုပ်ကဲ့သို့သော ကုန်စည်များမှာလည်း ဈေးကွက်အသစ်များ ဆက်လက်ရရှိနေဆဲဖြစ်သည်။ ဓာတ်ငွေ့တင်ပို့မှုကို ကြည့်လျှင်လည်း သက်တမ်းပြည့်တွင်းများမှ ထုတ်လုပ်မှု ကျဆင်းလာသော်လည်း တစ်ဖက်တွင် ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးနှုန်းများမှာ (ထိုသို့ဆက်ဖြစ်ပါမည်ဟု မသေချာသော်လည်း) သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် သဘာဝဓာတ်ငွေ့တင်ပို့မှုကို ကျားကန်ထားနိုင်ဆဲဖြစ်သည်။ အခြေခံသွင်းအားစုတင်သွင်းမှုများ တိုးတက်လာမှုက စက်မှုကဏ္ဍတိုးတက်မှု ဆက်လက်ဖြစ်ပေါ်မည့် အလားအလာများကိုလည်း ထောက်ပံ့လျက်ရှိသည်။ ကျပ်ငွေနှင့် နိုင်ငံခြား ငွေကြေးအရန်ပမာဏတို့လည်း အနည်းငယ်အားကောင်းခဲ့သည်။
FDI ခွင့်ပြုသည့်ပမာဏမှာ ၂၀၁၆-၁၇ နှင့် နှိုင်းယှဉ်လျှင်ကျဆင်းခဲ့သည်။
ဖြစ်နိုင်ဖွယ်ရာအကြောင်းမှာ အစိုးရ၏ပြုပြင်ပြောင်းလဲမှုများ နှေးကွေးလာသည်ဟု ယူဆမှုများ ရှိနေခြင်းနှင့် ရခိုင်အကျပ်အတည်းကို အခြေပြု၍ ထွက်ပေါ်လာသော
မရေရာမှုများရှိနေခြင်း တို့ကြောင့်ဟု ယူဆရသည်။
သို့ရာတွင် FDI စီးဝင်မှုများသည် လက်ရှိ ကုန်သွယ်ရေး လိုငွေကွာဟမှုကို ကာမိသည်ဟု ခန့်မှန်းသည်။
ပြည်ပရောက်များထံမှ ငွေပြန်လွှဲ ပို့ငွေများအပါအ၀င် အခြားကဏ္ဍများကြောင့် ၂၀၁၇/၁၈ ခုနှစ်အတွင်း ကျဆင်းခဲ့ခြင်းကြောင့် ငွေပေးငွေယူရှင်းတမ်းကို
ထိခိုက်မှုရှိခဲ့သည်။
ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ငွေကြေးဖောင်းပွမှုနှုန်းမှာလျော့ကျသွားသည်ဟု ခန့်မှန်းရပါသည်။
မြန်မာကျပ်ငွေတန်ဖိုးမှာ ၂၀၁၇-၁၈အတွင်း အနည်းငယ် တန်ဖိုးတက်လာသော်လည်း နှစ်နိုင်ငံ နှိုင်းယှဉ်ငွေလဲလှယ်နှုန်းမှာ mix ဖြစ်နေသည်။
၂၀၁၇/၁၈ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဈေးနှုန်းများသည် အသင့်အတင့်သာ မြင့်တက်ခဲ့သော်လည်း ဒုတိယနှစ်ဝက်ကာလတွင် ပိုမိုလျင်မြန်စွာ မြင့်တက်ခဲ့သည်။
အစားအသောက်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ရခြင်းမှာ အထူးသဖြင့်ကမ္ဘာ့ လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့၍ဖြစ်သည်။ ဥပမာ-အစားအသောက်မဟုတ်သော အုပ်စု၏ ၃၅%ပါဝင်သော သယ်ယူပို့ဆောင်ရေးစရိတ်များမှာ ဇန်န၀ါရီ ၂၀၁၈ တွင် မြင့်တက်ခဲ့သည်။
ဘဏ္ဍာရေးလိုငွေအတွက် ဗဟိုဘဏ်၏ဖြည့်ဆည်းပေးမှုမှာ ယခင်လောက်
မမြင့်မားတော့သည်ကို တွေ့ရှိရသည်။
၂၀၁၇/၁၈ ဘဏ္ဍာနှစ် တစ်လျှောက်တွင် နိုင်ငံခြားသုံးငွေနှင့်ယှဉ်လျှင် ပြည်တွင်းကျပ်ငွေတန်ဖိုးမြင့်တက်ခဲ့သော်လည်း ကျပ်ငွေ၏ ပကတိတန်ဖိုးမှာမူ ကျဆင်းခဲ့သည်။
ထိုင်းနိုင်ငံ၊ မလေးရှားနှင့် တရုတ်နိုင်ငံကဲ့သို့သော အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့်ယှဉ်လျှင် ငွေကြေးလဲလှယ်နှုန်းများ ကျဆင်းခဲ့ပြီး ငွေဖောင်းပွမှုနှုန်း မြန်ဆန်ခဲ့ရာ လက်လီကုန်သည်များနှင့် သွင်းကုန်သုံးစွဲသူများအပေါ် ထိခိုက်မှုရှိခဲ့သည်။
ဘတ်ဂျက်လိုငွေ အမြောက်အမြား ရှိနေခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် အစိုးရ၏ရငွေများ ကျဆင်းနေခြင်းတို့ရှိနေသော်လည်း ဘတ်ဂျက်အကောင်
အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ဘဏ္ဍာရေးနှစ်ပြောင်းလဲမှုနှင့် ဆက်စပ်သော မရေရာမှုများကြောင့် ၂၀၁၇/၁၈ ဘဏ္ဍာရေးလိုငွေ လျော့ကျသွားခဲ့ပုံရသည်။
ဘဏ္ဍာရေးလိုငွေသည် ၂၀၁၆/၁၇ ခုနှစ်က GDP ၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇/၁၈ ဘဏ္ဍာနှစ်တွင် GDP ၏ ၅ ဒသမ ၈ ရာခိုင်နှုန်းသို့
သိသိသာသာ မြင့်တက်မည်ဟု တွက်ချက်ထားသည်။
အစိုးရ၏ အထွေအထွေရငွေများမှာ ၂၀၁၆/၁၇ ဘဏ္ဍာနှစ်တွင် GDP ၏ ၁၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇/၁၈ ဘဏ္ဍာနှစ်တွင် ၁၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု တွက်ချက်ထားသည်။
အထူးသဖြင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း - SEE - များ၏ အကျိုးအမြတ် လျော့နည်းကျဆင်းခြင်းကြောင့် ဖြစ်သည်။
အစိုးရ၏အထွေအထွေအသုံးစရိတ်များမှာမူ ၂၀၁၆/၁၇ ခုနှစ်က GDP ၏ ၂၀ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၁၇/၁၈ ခုနှစ်တွင် GDP ၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းသို့ မြင့်တက်လာမည် ဖြစ်သည်။
အကြောင်းရင်းမှာ ကျန်းမာရေးကဲ့သို့သော အဓိကဦးစားပေး ဝန်ကြီးဌာနများ၏ သာမန် အသုံးစရိတ်များအတွက် ဘတ်ဂျက်လျာထားငွေ မြင့်တက်ခြင်း၊ ဗဟိုဘဏ်တွင် တင်ရှိနေသော အတိုးနှုန်းပေးချေမှုကြောင့်ဖြစ်သည်။
သို့သော်လည်း ဘတ်ဂျက်ရေးဆွဲရာတွင် ရှေးယခင်ကတည်းကရှိလာခဲ့သည့် အခက်အခဲများဖြစ်သည့် ရရှိထားသည့်ဘတ်ဂျက်အပေါ် အပြည့်အ၀အကောင်အထည်မဖော်နိုင်ခြင်း၊ ဝင်ငွေများအပေါ် လျှော့ချခန့်မှန်းခဲ့ခြင်းတို့ကြောင့် ၂၀၁၇/၁၈အတွက် အမှန်တကယ်ဘဏ္ဍာရေးလိုငွေ ခန့်မှန်းသည်ထက် နည်းပါးနိုင်သည်။
ပြည်ထောင်စုအစိုးရ၏ သာမန်အသုံးစရိတ်များ ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ပြီး ငွေလုံးငွေရင်း သုံးစွဲငွေများမှာမူ ဆက်လက်ကျဆင်းနေမည် ဖြစ်သည်။ အစိုးရသည် ပြည်တွင်းကြွေးမြီဈေးကွက်ကို ဆက်လက်ချဲ့ထွင်နေခဲ့သော်လည်း ဈေးကွက်၏ ပါဝင်ဆောင်ရွက်မှုမှာမူ အမှန်တကယ်ဖြစ်သင့်သည့်ပမာဏအောက် ရောက်ရှိနေမြဲဖြစ်သည်။

 


 

စီးပွားရေးမျှော်မှန်းချက်နှင့်
မက်ခရိုစီးပွားရေးဆိုင်ရာအန္တရာယ်များ
**************************
မြန်မာနိုင်ငံ၏ ယေဘုယျစီးပွားရေးအခြေအနေ မျှော်မှန်းချက်မှာမူ အကောင်းဘက်တွင် ရှိနေဆဲဖြစ်သည်။ ၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုသည် ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ မြင့်တက်မည့် အလားအလာရှိသည်။ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုမှာ ၂၀၁၇/၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၉ အထိ ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းရသည်။
သွင်းကုန်ပို့ကုန် မှန်မှန် ဆက်လက်မြင့်တက်နေသည့်အတွက် ကုန်သွယ်ရေးလိုငွေပြမှုမှာ ၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဆက်လက်တည်ငြိမ်နေမည်ဟု မျှော်မှန်းရသည်။
အစိုးရ၏ဘတ်ဂျတ်လိုငွေမှာ မူလ တွက်ချက်ထားသည်ထက် လက်တွေ့တွင် လျော့နည်းသွားကာ ကာလလတ်တစ်ခုအတွင်း လိုငွေပြမှု လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း ယေဘုယျစီးပွားရေးအခြေအနေ မျှော်မှန်းချက်ကို နှောင့်ယှက်မည့် အကြောင်းများလည်း ကြီးထွားလာနေသည်။ ရခိုင်ပြည်နယ်အရေးအခင်းများနှင့် ဆက်စပ်ပြီး မရေရာမှုများ ဆက်လက်ပေါ်ပေါက်နေခြင်းကြောင့်မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးတိုးတက်စေနိုင်သည်။
ဖြစ်နိုင်ခြေနည်းသည်ဆိုသော်လည်း စီးပွားရေးတိုးတက်မှုနှုန်းကြီးကြီးမားမား လျော့နည်းသွားမည်ဆိုပါက မက်ခရိုစီးပွားရေးမတည်ငြိမ်မှုကြီးထွားလာနိုင်ကာ နိုင်ငံ၏အထွေထွေ မတည်ငြိမ်မှုကိုဖြစ်နိုင်သည်ဟုခန့်မှန်းသည်။
ထို့အပြင် FDI ပြန်မာနိုင်ငံအတွင်းစီးဝင်မှုအလျင်အမြန်ကျဆင်းသွားခြင်းနှင့်နိုင်ငံတ
ကာခရီးသွားလုပ်ငန်းများ အရှိန်နှေးကွေးသွားခြင်းများကလည်း(External Balance)နှင့်ငွေလဲလှယ်နှုန်းများကို ထိခိုက်စေနိုင်သည်။
ဘဏ်လုပ်ငန်းကဏ္ဍအနေဖြင့်ဆိုလျှင်၂၀၁၇ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် Basel I စည်းမျဉ်းများကို လိုက်နာနိုင်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းအသွင်ပြောင်းနေရသည်။
ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးမျှော်မှန်းချက်အမြင်ကို အနှောင့်အယှက် ပေးမည့်အရာများ သိသိသာသာနည်းသွားသော်လည်း အရေးတကြီးကိုင်
တွယ်ရမည့် စီးပွားရေးအန္တရာယ်များ ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးမူဝါဒပိုင်း မငြိမ်သက်မှု မြင့်မားလာနေခြင်းကြောင့် ကမ္ဘာလုံးအတိုင်းအတာ ကုန်သွယ်ရေး ပြန်လည်ဦးမော့နိုင်မှုကိုထိခိုက်နိုင်သကဲ့သို့ မြန်မာနိုင်ငံပေါ်တွင်လည်းမှာမူ ၎င်း၏ဆိုးကျိုးများကအတန်အသင့်အကျိုးသက်ရောက်နိုင်သည်။

ဦးစားပေးဆောင်ရွက်ရမည့်စီးပွားရေးမူဝါဒများ
*********************************
MSDP ကို စတင်အကောင်အထည်ဖော်နိုင်ပါလျှင် ရေရာတိကျသည့် စီးပွားရေး မူဝါဒများကို ချမှတ်နိုင်ရန် အထောက်အပံ့ပေးနိုင်ပါသည်။
အလေးပေး ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ထည့်သွင်းဖော်ပြထားသည့် MSDP သည် မြန်မာနိုင်ငံအနေနှင့်ဦးတည်သွားရမည့်လမ်းကြောင်းကို တစ်စုတစ်စည်းတည်း ရှင်းလင်းစွာထည့်သွင်းဖော်ပြထားသည်။
စီးပွားရေးမူဝါဒ၁၂ချက်ကိုအခြေခံ၍ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် မူဝါဒများကို MSDP ၌ အသေးစိတ် ရှင်းလင်းစွာဖော်ပြထားသည်။

Fiscal Strategy ကိုအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်အတွက်ရငွေနှင့် ပြည်သူ့အသုံးစရိတ်များကိုလိုအပ်သည့်နေရာများတွင် ပို၍သုံးစွဲလာနိုင်သည်။
မြန်မာနိုင်ငံ၏အခွန်ကောက်ခံရရှိမှုနှင့် GDP အချိုးသည်တစ်ကမ္ဘာလုံးနှင့်နှိုင်းယှဉ်လျှင်နိမ့်ကျနေမှုကြောင့် အဓိကလိုအပ်နေသည့် အခြေခံ အဆောက်အဦနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးတို့တွင် ထိရောက်စွာသုံးစွဲနိင်ရန်အတွက် အဟန့်အတားဖြစ်နေသည်။

Fiscal Strategy ကို အကောင်အထည်ဖော်နိုင်ပါက
(၁) ပို၍အရေးကြီးသောနေရာများကို ပြည်သူ့အသုံးစရိတ်များကိုခွဲဝေအသုံးပြုနိုင်ခြင်း၊
(၂)နိုင်ငံတော်အနေနှင့် ၀င်ငွေကိုတိုးပွားအောင် ဆောင်ရွက်ခြင်းနှင့် ရေရှည်တည်တံ့သော ချေးငွေများကို ချေးယူခြင်းမှတစ်ဆင့် တိုင်းပြည်၏ (Fiscal
Envelop) ကိုပိုမိုတိုးပွားအောင် ပြုလုပ်နိုင်ခြင်း၊

အထက်ပါအချက်များကို ဆောင်ရွက်နိုင်ရန်မှာ အောက်ပါအချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။

(က) စီမံကိန်းများကို အကဲဖြတ်စီစစ်ရွေးချယ်ခြင်း (Project Appraisal) ၊ စီမံကိန်းအကောင်အထည်ဖော်မှုများကို စဉ်ဆက်မပြတ် စောင့်ကြပ်လေ့လာခြင်း၊
ရေရှည်မျှော်မှန်းသည့် ဘတ်ဂျက်များ ရေးဆွဲခြင်းဖြင့် Project များကို သေချာစွာစိစစ် ရွေးချယ်ဆောင်ရွက်ရန်လိုအပ်သည်။
(ခ) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ Fiscal performance များကို ကြီးကြပ်စောင့်ကြည့်ရန် လိုအပ်သည်။
(ဂ) နိုင်ငံတော်အခွန်ရငွေ ယိုစီးမှုနှင့် အခွန်ကောက်ခံမှုနှင့်ဆက်နွှယ်နေသော ကုန်ကျစရိတ်ကို လျော့ချရန် လိုအပ်သည်။
ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ပေါ်တွင် မှီခိုနေရမှုကိုလျော့ချသင့်သည်။
(ဃ) ကာလလတ် ကြွေးမြီနည်းဗျူဟာ (Medium Term Debt Stratergy) ကိုအကောင်အထည်ဖော်ခြင်းဖြင့် ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုအတွက် ဗဟိုဘဏ် အပေါ်တွင် မှီခိုနေရမှုကို လျှော့ချနိုင်သည်သာမက အခြား Concessional ချေးငွေနှင့် (ငွေကြေးဖောင်းပွမှု မဖြစ်စေသည့်) ငွေကြေးဖြည့်ဆည်းမှုများကို ရွေးချယ် ပြုလုပ်နိုင်သည်၊ အခွန်ကင်းလွတ်နှင့်စီမံချက်ကိုသေချာစွာ စိစစ်ရန် လိုအပ်သည်ဟု အကြံပြုသည်။

 


 

အခွန်ကင်းလွတ်ခွင့်
************
နိုင်ငံတကာအတွေ့အကြုံအရ “အခွန်ကင်းလွတ်ခွင့်”မှာ ခေတ်စားလျက်
ရှိသော်လည်း အခွန်ကောက်ခံရရှိမှုနှင့်အခွန်လိုက်နာမှုအပေါ် အကျိုးသက်ရောက်မှုအတိုင်းအတာမှာ အောက်ပါအချက်များအပေါ်တွင် မူတည်နေပါသည်။
(က) အခွန်စနစ်တစ်ခုနှင့်တစ်ခုအပြောင်းအလဲကာလအတွင်း ”အခွန်ကင်းလွတ်ခွင့်ကို” အခွန်အာဏာပိုင်များအနေနှင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခြင်း၊
(ခ) အခွန်ကင်းလွတ်ခွင့်ကို ကာလရှည်အခွန်လိုက်နာမှုစီမံကိန်း (Long Term Tax Compliance Program)၏ လုပ်ငန်းတစိတ်တပိုင်းအဖြစ် ဆောင်ရွက်ခြင်း၊
(ဂ) အခွန်လိုက်နာမှု ရှိမရှိကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း Doing Business နှင့် ပတ်သက်သောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခြင်းဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်သာမက စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေနှင့် “Doing Business” လွယ်ကူမှုအဆင့်ကို ၁၇၁ (စုစုပေါင်း ၁၉၀ နိုင်ငံ) မှ ၁၀၀ သို့ရောက်ရှိစေရန် ကြိုးစားလျက် ရှိသည်။
ထိုသို့ ရောက်ရှိနိုင်ရန်မှာ အောက်ပါအချက်များကို အရှိန်ပြင်းစွာ ဆောင်ရွက်သင့်သည်။
●အစိုးရဌာနတစ်ခုနှင့်တစ်ခုကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားပြည့်ဆောင်ရွက်ရန် လိုအပ်ခြင်းနှင့် အသစ်ပြဌာန်းသော စီးပွားရေးဆိုင်ရာ ဥပဒေအကောင်အထည်ဖော်မှုကို ပြည်သူများသိစေရန်ဆက်သွယ်ဆောင်ရွက်ခြင်းစသည်တို့ လိုအပ်ပါသည်။
ဒုသမ္မတမှ ဦးစီးသော (ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကော်မတီ) အနေနှင့်အသစ်ပြဋ္ဌာန်းထားသည့်ဥပဒေများ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီအက်ဥပဒေများ) အကောင်အထည်ဖော်မှုကို
စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်။
၂၀၁၆ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀န်ကြီးဌာနများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံ သတ်မှတ်ချက်များကို ကော်မတီအနေနှင့် တောင်းခံခွင့်ရှိသင့်သည်။
ထို့အပြင် ကုမ္ပဏီအက်ဥပဒေသစ်အရ SME များအတွက်မှတ်ပုံတင်ခြင်း ၊ အစီရင်ခံစာ
တင်ပြခြင်း၊ အခွန်စနစ်သတ်မှတ်ခြင်းများအတွက် စနစ်တစ်ခု သတ်သတ်မှတ်မှတ် ရှိသင့်သည်။
ကော်မတီအနေနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် အကြိမ်ကြိမ်ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်များကို လျော့နည်းလာအောင်ဆောင်ရွက်သင့်သည်။ လူကိုယ်တိုင်သွားရောက်စစ်ဆေးခြင်းများသာမက အကောက်အခွန်တန်ဖိုးသတ်မှတ်ခြင်းများကို “ arbitrary approach” ဖြင့်ဆောင်ရွက်ခြင်းများ စသဖြင့် လိုအပ်ပါသည်။

●Doing Business နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်။ ကုန်သွယ်ရေး
ဝန်ကြီးဌာနမှ ဦးစီးဖွဲ့စည်းထားသည့် “improvement of doing business working group” အနေနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုကို ပိုမိုကောင်းမွန်သည့်အခြေအနေများ ဖြစ်လာစေရန်အတွက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ တာဝန်ဝတ္တရားများကို ပွင့်လင်းမြင်သာစွာ ရှိစေရန် တာဝန်ယူဆောင်ရွက်သင့်သည်။
ကော်မတီအနေနှင့်စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်သည့်စနစ်ကို အသုံးပြုပြီး doing business ၏တိုးတက်မှုအခြေအနေကို စစ်ဆေးပြီး PSD ကော်မတီတွင် ပါဝင်ဆွေးနွေးသင့်သည်။
●တင်းကျပ်သည့် စည်းမျဉ်းများကို ပိုမိုလျော့ပေးခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သင့်သည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီ အက်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှအစပြု၍ အခြားကဏ္ဍများကိုလည်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ပိုမိုလမ်းဖွင့်ပေးခြင်းများ ပြုလုပ်နိုင်သည်။ ဥပမာ - အာမခံနှင့်ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာလုပ်ကိုင်ခွင့်ကို “prudential regulation’’ အကောင်အထည်ဖော်မှုနှင့်အတူ တစ်ပြိုင်တည်း ဆောင်ရွက်သင့်သည်။
မြန်မာနိုင်ငံသည် အာမခံနှင့်ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် ကန့်သတ်ချက် အများဆုံးရှိသည့်နိုင်ငံများတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်ကြောင်းကို OECD 2016 ကဖော်ပြထားသည်။ ယင်းကဏ္ဍများကို လွတ်လပ်ခွင့်ပြုပါလျှင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများမှာ အရှိန်အဟုန်တိုးတက်လာနိုင်သည်။

 


 

ရွေးချယ်ထားသောအကြောင်းအရာများ
********************
၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေမည့် တွန်းအားများ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ရင်းနှီးမြှုပ်နှံသူများက ကြိုဆိုကြသည်။ သို့သော်လည်း ဥပဒေသစ်ကို ပို၍နားလည်သဘောပေါက်စေရန် လိုအပ်သကဲ့သို့ ပူးပေါင်းအကောင်အထည်ဖော်မှုအတွက် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် လိုအပ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်ရာတွင်ရှိသည့် အတားအဆီးများကိုလျော့ချခြင်း၊ ပို၍စနစ်ကျသည့်နည်းလမ်းများ အသုံးပြုလာခြင်း၊ အချင်းချင်းအငြင်းပွားမှုများကို ဖြေရှင်းပေးသည့်လုပ်ထုံးလုပ်နည်းများပေါ်ပေါက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် မက်လုံးများပေးခြင်း စသည့်ပြုပြင်ပြောင်းလဲမှုများကို
ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဘဏ်မှကောက်ယူသော (WBG) စီးပွားရေးလုပ်ငန်းစစ်တမ်းအရ နိုင်ငံခြား တင်ပို့မှု ၂၀% ကို နိုင်ငံခြားကုမ္ပဏီများက တင်ပို့ပြီး တရားဝင်လုပ်သား ၁၈% က ယင်းအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ တခြားလုပ်သားများနှင့်ယှဉ်လျှင် နိုင်ငံခြားတင်ပို့မှုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လုပ်သားများ၏ ထုတ်လုပ်မှုစွမ်းအားမှာ ပို၍မြင့်မားကြပြီး လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်လုပ်သားများ ဖြစ်နိုင်ခြေ ရှိသည်။
ဤစစ်တမ်းအရ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည် မြန်မာနိုင်ငံအတွင်း FDI စီးဝင်မှု ၊ တိုးပွားလာမှုနှင့်အတူ လုပ်ငန်းများအတွက် သွင်းအားစု/ထုတ်ကုန်ပစ္စည်း ဈေးကွက်များကို လွယ်ကူစွာချဉ်းကပ်နိုင်သည်သာမက နည်းပညာအသစ်များကို ပါစေရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် အမြင့်ဆုံးရလဒ်ကောင်းများကို ရရှိရန်အတွက် အစိုးရအနေနှင့် ထုတ်ပြန်ထားသည့်ဥပဒေစည်းမျဉ်းများကို ပြည်သူများပိုမို သဘောပေါက် နားလည်စေရန် ဆောင်ရွက်ခြင်း၊ တိုင်းဒေသအဆင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကူအညီပေးသည့် ကော်မတီဖွဲ့စည်းမှု စသည့်တို့ကို ရှင်းလင်းစွာဆောင်ရွက်သင့်သည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံသူများအနေနှင့် မြေယာငှားရမ်းလုပ်ကိုင်မှု၊ အခြေခံအဆောက်အဦ၊ ကျွမ်းကျင်လုပ်သားများ ရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ပြည်တွင်းသွင်းအားစုလိုအပ်ချက်များအတွက် ဖြည့်စွက်ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ပြင်းပြင်း ဆောင်ရွက်သင့်သည်။

၂။ မြန်မာ့ထုတ်လုပ်မှုစွမ်းအားဆိုင်ရာ စမ်းစစ်လေ့လာချက်
လုပ်ငန်း ပိုင်ဆိုင်မှု၊ အရွယ်အစား၊ နှင့် လျှပ်စစ်မီး ပုံမှန်ရရှိမှု အနေအထားများက လုပ်ငန်း၏ထုတ်လုပ်မှု စွမ်းရည်ကို ပြောင်းလဲစေနိုင်သည်။ မြန်မာ့စီးပွားရေး
စစ်တမ်းပေါ်တွင် အခြေခံသည့် ဤစမ်းစစ်ချက်သည် ပုဂ္ဂလိကကဏ္ဍပြောင်းလဲလာမှုကို ဖော်ပြထားပြီး လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားများ ဆက်လက်နိမ့်ကျဆဲဖြစ်သည်ကိုဖော်ညွှန်းထားသည်။ သို့ဖြစ်ပါ၍ ပေါ်လစီချမှတ်သူများအနေနှင့် လုပ်သားအင်အားကို သင့်သလို ပြန်လည်နေရာချထားပေးဆောင်ရွက်ရန် လိုအပ်သည်။
ထို့ပြင် ထုတ်လုပ်မှုစွမ်းရည်ပြည့်ဝသည့်လုပ်ငန်းငယ်များ ရင်ဆိုင်နေရသော အခက်အခဲများကိုလည်း အစိုးရအနေဖြင့် ကူညီဆောင်ရွက်
ပေးသင့်သည်။
လျှပ်စစ်ရရှိမှုသည်လုပ်ငန်းများ၏ ထုတ်လုပ်မှု စွမ်းအင်နှင့် တိုက်ရိုက်ဆက်စပ်မှုကြောင်းကိုလည်း ဤဆန်းစစ်ချက်က တွေ့ရှိသည်။

၃။ ငွေကြေးအခွင့်အလမ်းတန်းတူရရှိအောင်ဆောင်ရွက်မှု
အရည်အသွေးပြည့်ဝသော ပြည်သူအားလုံးတန်းတူ ငွေကြေးအခွင့်အလမ်း ရရှိနိုင်သည့် ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်လာရေးမှာ ဈေးကွက်စီးပွားရေးစနစ် ပေါ်ပေါက်လာရေးနှင့် အလုံးစုံပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သည်။
လက်ရှိ မြန်မာ့ငွေကြေးစနစ်များမှာ အရွယ်အစားအရသေးငယ်ခြင်း၊ အားနည်းချက်များ ရှိနေခြင်းကြောင့် ပုဂ္ဂလိကနှင့် ပြည်သူအများအတွက် လိုအပ်သည့် ပမာဏအတိုင်းအတာအထိ ငွေကြေးဝန်ဆောင်မှု မပေးနိုင်သေးပါ။
လတ်တလောဆောင်ရွက်နေသည့်ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ ထူးခြားသည့် ရလာဒ်များကို ရရှိစေသည်။ သို့သော်လည်း ငွေကြေးစနစ် တိုးတက်ပြောင်းလဲရန်မှာ နက်နဲကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်နေသေးသည်။
ငွေကြေးကဏ္ဍအနေနှင့် တစ်ဘက်တွင် အခြေခိုင်ရပ်တည်ရန် လိုအပ်သကဲ့သို့ အခြားတဘက်တွင်လည်း နည်းလမ်းများစုံနှင့် ငွေကြေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ရန် လိုအပ်သည်။
ထိုသို့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် နက်နဲသော ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ရန်လိုအပ်သည်။
ပေါ်လစီချမှတ်သူများအနေနှင့် လက်တွေ့ကျပြီး အထိအရှနည်းသော တချိန်တည်းတွင် အများသူများကို ထိရောက်သည့် ငွေကြေးဝန်ဆောင်မှုပေးသည့်လမ်းပြမြေပုံတစ်ခုကို ရှင်းလင်းစွာ ချမှတ်သင့်သည်။

Read 1017 times
Rate this item
(0 votes)