What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူ ချုပ်ထည်ဈေးကွက် ကျွမ်းကျင်သူရဲ့ ပြောကြားချက်

Jean-François Limantour သည် French Union of the Fashion and Apparel Industries နှင့် the European Association of the Apparel Industry တို့တွင် General Representative အဖြစ် အတွေ့အကြုံရှိထားသူဖြစ်သည်။
အထည်အလိပ် ဖက်ရှင်နှင့် စည်းစိမ်ပြ ဖက်ရှင်ပစ္စည်းများအတွက် နိုင်ငံတကာ ဖွံ့ဖြိုးမှု မဟာဗျူဟာ အတိုင်ပင်ခံလုပ်ငန်းဖြစ်သော Texas Consulting ၏ ဒါရိုက်တာအဖြစ် လုပ်ကိုင်လျက် ရှိသည်။ Evalliance နှင့် Euro-Mediterranean Society of Directors of Clothing and Textiles အသင်းတို့၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသည်။ Moroccan Association for the Textile and Clothing Industries ၏ မဟာဗျူဟာဆိုင်ရာ အကြံပေးအဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

JeanFrancnis2

၂၀၁၇ ခုနှစ်မှာ အီးယူက ယူရို ၂၀ ဒဿမ ၉ ဘီလျံဖိုးရှိတဲ့ အ၀တ်အစားတွေနဲ့ အထည်အလိပ်တွေကို မြေထဲပင်လယ် နိုင်ငံတွေထံမှ တင်သွင်းခဲ့ပါတယ်။ အဲဒီအထဲမှာ ယူရို ၁၄ ဒဿမ ၇ ဘီလျံဖိုးက အ၀တ်အစားတွေ ဖြစ်ပြီး ကျန်တဲ့ ယူရို ၆ ဒဿမ ၁ ဘီလျံက အထည်အလိပ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အတွင်းမှာ သူတို့ဆီကနေ အီးယူကို တင်သွင်းတာ လျော့ကျလာခဲ့ပါတယ်။ ယခင်က ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၇ ဒဿမ ၇ ရာခိုင်နှုန်းပဲ ဝေစု ရှိပါတော့တယ်။

တူရကီ ကုန်ကျစရိတ် တိုးများသဖြင့် မယှဉ်သာ
*****************
အဲဒီနိုင်ငံတွေထဲမှာ တူရကီ၊ မော်ရိုကိုနဲ့ တူနီးရှားတို့ကို အနီးကပ် ကြည့်ရှုမယ်ဆိုရင် တူရကီက အီးယူကို တင်သွင်းတဲ့ နိုင်ငံတွေထဲမှာ တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ပထမနေရာမှာ တရုတ်၊ ဒုတိယနေရာမှာ ဘင်္ဂလားဒေ့ရှ် တို့ ရှိနေတယ်။ ၂၀၀၇ တုန်းက တူရကီ တင်သွင်းတဲ့ ဝေစုက ၁၅ ဒဿမ ၃ ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၁၁ ဒဿမ ၅ မျှသာ ရှိပါတော့တယ်။ တူရကီ ကျဆင်းတာ ၂၀၁၅ ခုနှစ်ကစလို့ သိသာနေပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်မှု ကုန်ကျစရိတ် အကြီးအကျယ် ပိုများသွားခဲ့တော့ ယှဉ်ပြိုင်နိုင်မှု ဆုံးရှုံးသွားတယ်။ မယှဉ်သာတော့တဲ့အခြေအနေကို ရောက်သွားတယ်။
အဲဒီအခြေအနေကြောင့် အီးယူနဲ့ ဆက်ဆံရေးမှာ အဖုအထစ် လာဖြစ်တယ်။ အထူးသဖြင့် တူရကီရဲ့ အဓိက ၀ယ်လက်ဖြစ်တဲ့ ဂျာမနီနဲ့ ဆက်ဆံရေးမှာ ပိုပြီးတော့ ထိတယ်။ တူရကီ နိုင်ငံသုံးငွေ လိုင်ယာကို ငွေတန်ဖိုး ချထားလို့ ဥရောပအဖို့ အ၀တ်အစားတွေ လာရောက်ထုတ်လုပ်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံဖြစ်ပါလျက်နဲ့ အခုလို လျော့ကျနေတာ ဖြစ်နေတယ်။ ပြီးတော့ သူက အီးယူနဲ့ ဖွဲ့ထားတဲ့ အကောက်ခွန်ယူနီယံထဲမှာလည်း ပါနေတယ်။ အ၀တ်အထည် အမျိုးအစားအရ ပိုင်းခြားပြီး ကြည့်မယ်ဆိုရင် အီးယူမှာ ဂျင်း၊ တီရှပ်၊ စကပ်နဲ့ အမျိုးသားဝတိ ဂျက်ကက်တွေ ဒုတိယ အများဆုံး တင်သွင်းနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘောင်းဘီရှည်၊ ခေါင်းကနေ စွပ်ချရတဲ့ အ၀တ်အစား၊ ဘလောက်စ်တွေ တတိယအများဆုံး တင်သွင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းခံ အ၀တ်အစားတွေ၊ ဘီကီနီ၊ ရေကူးဝတ်စုံ၊ ပညာရှင်ဆိုင်ရာ အ၀တ်အစားတွေမှာတော့ မတွင်ကျယ်ဘူး။

မော်ရိုကို ကမ္ဘာ့ချန်ပီယံ ရည်မှန်းချက်
***************
မော်ရိုကိုက အီးယူကို အ၀တ်အစား တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၈ မှာ ရှိတယ်။ Multi-Fibre Agreement (MFA) ခွဲတမ်း ရုပ်သိမ်းလိုက်တဲ့အခါ အာရှမှ အထည်ချုပ်နိုင်ငံတွေနဲ့ မော်ရိုကို အသည်းအသန် ယှဉ်ပြိုင်ရတယ်။ ကံကောင်းတာက အ၀တ်အစား ထုတ်လုပ်မှုကဏ္ဍက ပြန်နာလန်ထပြီး ကြီးထွားမှု တောင့်တင်းတဲ့ လမ်းကြောင်းပေါ် ပြန်ရောက်သွားတယ်။ ဒီတော့ ၂၀၁၃ ခုနှစ်ကစလို့ ဈေးကွက်ဝေစု ပြန်ယူနိုင်ခဲ့တယ်။ အဲဒါ ကျန်တဲ့ မြေထဲပင်လယ်ရပ်ဝန်း နိုင်ငံတွေနဲ့ မတူတဲ့အဖြစ်ပဲ။

ဒီတော့ မော်ရိုကိုက တက်ကြွပြောင်းလဲတဲ့ လုပ်ငန်းမူဝါဒများနဲ့ စီးပွားရေးမူဝါဒများရဲ့ အသီးအပွင့်တွေကို ဆွတ်ခူးရရှိတယ်။ တိုင်းပြည်မှာ ဥပဒေပြုပေးသူတွေရဲ့ ထောက်ကူမှုတွေ ရှိနေတယ်။ အမြန်ဖက်ရှင် fast-fashion မှာ ကမ္ဘာ့ချန်ပီယံ အ၀တ်အစား ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက် ထားတယ်။

တူနီးရှား Jasmine Revolution
*********
မော်ရိုကိုက အီးယူကို အ၀တ်အစား တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၉ မှာ ရှိတယ်။ ဒါပေမဲ့ အခုအခါမှာတော့ နောက်ပြန်လန်တာ နှစ်ချက် ရှိနေတယ်။ ပထမတစ်ချက်က Multi-Fibre Agreement (MFA) ရုပ်သိမ်းလိုက်တာ ၂၀၀၅ ခုနှစ်မှာ ကတည်းက ဖြစ်ပါတယ်။ ပြီးတော့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး ပြဿနာတွေ ရှိနေတယ်။ Jasmine Revolution ပေါ်ပေါက်ခဲ့ပြီး သမ္မတ ဆင်းပေးတဲ့အထိ ဖြစ်ပွားခဲ့တယ်။ အီးယူမှာ တင်သွင်းတဲ့ အ၀တ်အစားတွေမှာ သူ့ရဲ့ ဝေစုက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ၄ ဒဿမ ၄ ရာခိုင်နှုန်း ရှိပေမဲ့ အခုဆိုရင် ၂.၄ ရာခိုင်နှုန်းပဲ ရှိတော့တယ်။
ဘာပဲဖြစ်ဖြစ် အ၀တ်အစား ထုတ်လုပ်မှုကဏ္ဍက ကာလတိုအတွင်းမှာ ပြန်နာလန်ထဖို့ မျှော်လင့်နိုင်ပါသေးတယ်။ တူနီးရှားမှာ လူမှုနိုင်ငံရေးဆိုင်ရာ အခြေအနေတွေက တိုးတက် ကောင်းမွန်လာနေတယ်။ ဒီတော့ ဥရောပမှ ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျနေကြတယ်။
တူနီးရှားရဲ့ အဓိက တင်ပို့တာတွေက ရေကူးဝတ်စုံတွေ။ အီးယူကို တင်သွင်းတာမှာ ဒုတိယနေရာမှာ ရှိတယ်။ ပြီးတော့ လုပ်ငန်းခွင် ၀တ်စုံမှာလည်း သူက ဒုတိယနေရာမှာ ရှိနေတယ်။ ပြီးတော့ အမျိုးသမီးဝတ် အတွင်းခံနဲ့ အားကစားဝတ်စုံတွေလည်း တင်ပို့တယ်။ အထူးသဖြင့် ဂျင်းထည်တွေ တင်ပို့တယ်။

အီဂျစ် QIZ
********
တခြား မြေထဲပင်လယ် နိုင်ငံတွေကို ကြည့်ရင် အီဂျစ်က ဝေစု သုည ဒဿမ ၅ နဲ့ အီးယူကို အ၀တ်အစား တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၁၇ နေရာမှာ ရောက်နေတယ်။ အ၀တ်အစားနဲ့ အထည်အလိပ် လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ အားသာချက်တွေ ရှိနေတယ်။ လစာနည်းပါးတယ်။ ၀ါဂွမ်းနဲ့ စွမ်းအင် ပြည်ပတင်ပို့တယ်။ အဓိကအားဖြင့် အမေရိကကို တင်ပို့နေတယ်။ အမေရိကန်က ပေးထားတဲ့ Qualifying Industrial Zones Agreement (QIZ) ကို အီဂျစ်က ဂျော်ဒန်နဲ့ အစ္စရေးတို့နဲ့အတူတွဲပြီး ရထားတယ်။ ဒီတော့ အမေရိကန်ကို တင်ပို့တဲ့အခါ အကောက်ခွန် ဘာတစ်ခုမှ ပေးဖို့ မလိုဘူး။

QIZ အကြောင်းကို အောက်ပါဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်

QIZ သြဇာ၊ အီဂျစ် ချုပ်ထည်နဲ့ အစ္စရေး

iseral


ဂျော်ဒန်
******
ဂျော်ဒန်က အီးယူကို အ၀တ်အစား အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေစာရင်းမှာ နံပါတ် ၄၄ မှာ ရောက်နေတယ်။ ခုနက ပြောတဲ့ QIZ လည်း ရထားတယ်။ အမေရိကန်နိုင်ငံကို အ၀တ်အစား တင်ပို့တာ ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ ၁ ဒဿမ ၃၆ ဘီလျံ ရှိတယ်။
ဂျော်ဒန် အထည်အလိပ်နဲ့ အ၀တ်အစား လုပ်ငန်းကဏ္ဍမှာ ကုမ္ပဏီ ၁၂၀၀ နဲ့ လုပ်သား ၈၀၀၀၀ ရှိတယ်။

အာဖရိက မြောက်ပိုင်းတွင် တည်ရှိသည့် နိုင်ငံများဖြစ်သော အယ်ဂျီရီးယား၊ မောရစ်သျှ၊ မော်ရိုကို၊ လစ်ဗျားနှင့် တူနီးရှားတို့ကို ခ နိုင်ငံများဟု ခေါ်တွင်သည်။
Maghreb နှင့် အီးယူတို့အကြား ပူးတွဲဆောင်ရွက်မှုများနှင့် ပတ်သက်၍ အထည်အလိပ်နှင့် အ၀တ်အစား ထုတ်လုပ်မှု ကဏ္ဍတွင် မည်သို့ရှိသည်ကို Jean-François Limantour က သုံးသပ်ပြသည်။

လေတွေနဲ့တော့ အများကြီး ပြောဆိုနေကြတယ်။ Maghreb နိုင်ငံတွေရဲ့ အမြင်မှာတော့ အီးယူက အာရှနိုင်ငံတွေလောက် သူတို့ကို အရေးမလုပ်ဘူးလို့ ယူဆတယ်။ တကယ်လည်း ဟုတ်နေတယ်။ ဥပမာ ပြောပြမယ်။ ဥရောပ ကော်မရှင်က ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ ရရှိတဲ့ အကောက်ခွန် သက်ညှာမှုမျိုးတွေကို Maghreb နိုင်ငံတွေ ပေးအပ်ဖို့ အခုအထိ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

သူက အာရှမှ အထည်အလိပ်နှင့် အ၀တ်အစား ထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်၍ ပြောပြသည်။

ခြုံငုံကြည့်ရင် အတော် ကောင်းနေတယ်။ တိုးတက်ဖြစ်ပေါ်မှုတွေ တစ်နှစ်ထက် တစ်နှစ် ပိုလာတယ်။ အီးယူအ၀တ်အစား တင်သွင်းမှုရဲ့ လေးပုံသုံးပုံကျော်ကို အာရှမှ တင်ပို့ပေးနေတယ်။ အဓိက နိုင်ငံတွေကတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့ ဖြစ်ပါတယ်။ သူတို့နဲ့ Maghreb နိုင်ငံတွေ ယှဉ်ကြည့်ရင် အတော်ကွာခြားတယ်။
တရုတ်နိုင်ငံက အီးယူအ၀တ်အစား တင်သွင်းမှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို တင်ပို့တယ်။ ၂၀၁၇ နဲ့ ယှဉ်ကြည့်ရင် ၂ ရာခိုင်နှုန်း လျော့ကျသွားတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အ၀တ်အစားနဲ့ အထည်အလိပ်ကဏ္ဍက ကျဆင်းနေတာ မဟုတ်ဘူး။ အဲဒါရဲ့ ဆန့်ကျင်ဘက်ကို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက် ထိန်းချုပ်မှုကို လုပ်ငန်းပိုင်းနဲ့ စီးပွားရေးအပိုင်း နှစ်ပိုင်းစလုံးမှာ အားဖြည့်တင်းနေတယ်။ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမှာ ကုန်ထုတ်လုပ်မှုတွေရဲ့ အပိုင်းအခြမ်းတစ်ခုကို ကုန်ကျစရိတ် နည်းတဲ့ နိုင်ငံတွေဆီကို ရွှေ့နေတယ်။ အကောက်ခွန် ဦးစားပေး လျှော့ပေါ့တာကို အီးယူက ပေးအပ်ထားတဲ့ နိုင်ငံတွေဆီကို ပြောင်းရွှေ့နေတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ အီဂျစ် အစရှိတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။
စီးပွားရေးအပိုင်းမှာလည်း တရုတ်က မားမားမတ်မတ် ဖြစ်နေတယ်။ အထင်ကရ brand တွေကို ၀ယ်ယူနေတယ်။ နိုင်ငံတကာ ဖြန့်ချိရေးသမားတွေကိုလည်း ၀ယ်ယူနေတယ်။ ဖြန့်ချိရေးဗဟိုဌာနတွေကိုလည်း ထူထောင်နေတယ်။ ဥပမာ ပြင်သစ်နိုင်ငံ မာဆေးမှာ တစ်ခု ထူထောင်ထားတယ်။
အာရှမှ တခြား တင်ပို့တဲ့ နိုင်ငံ အကြီးစားတွေအဖို့တော့ လုပ်ရည်ကိုင်ရည် အမျိုးမျိုး ကွဲပြားနေတယ်။ အီးယူရဲ့ Generalised Scheme of Preferences (GSP), Generalised Scheme of Preferences Plus (GSP+), and Everything but Arms လိုမျိုး အကောက်ခွန်လျော့ပေါ့ပေးဖို့ သဘောတူထားတဲ့ နိုင်ငံတွေကတော့ ကြီးထွားမှု လျင်မြန်တာ ဆက်လက် ဖြစ်ပေါ်နေတယ်။ အဲဒီနိုင်ငံတွေမှာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မြန်မာတို့ ပါဝင်တယ်။ တခြား တစ်ဖက်မှာတော အီးယူရဲ့ အကောက်ခွန်လျော့ပေါ့ပေးမှုကို မရတဲ့ နိုင်ငံတွေ ရှိနေတယ်။ အဲဒီနိုင်ငံတွေမှာ တချို့က တန့်နေတယ်။ ကျဆင်းနေတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒီနိုင်ငံတွေမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်၊ မလေးရှား ဖိလစ်ပိုင်တို့ ပါဝင်တယ်။

အဲဒီဒေသမှာ အီးယူရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားပိုကောင်းအောင် လုပ်ဆောင် နေတာတွေ ရှိတယ်။ အီးယူရဲ့ အာရှအတွက် စီးပွားရေး ပေါ်လစီမှာ အကောက်ခွန် အထူးနှုန်းထားတွေ ပေးဖို့ ပါတယ်။ အာရှနိုင်ငံ အများအပြားကို ပေးအပ်ပြီး သူတို့ရဲ့ ဖွံ့ဖြိုးမှု အရှိန်တက်စေဖို့ ရည်ရွယ်ပါတယ်။ ဗီယက်နမ်နဲ့ဆိုရင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ကျင့်သုံးတယ်။ ပါကစ္စတန်၊ သီရိလင်္ကာတို့ အပါအ၀င် တချို့နိုင်ငံတွေမှာ အီးယူက Generalised Schemes of Preferences Plus (GSP+) ပေးထားတယ်။ အဲဒီရွေးချယ်ခံနိုင်ငံတွေက အီးယူကို တင်ပို့ရင် ဘာအကောက်ခွန်မှ စည်းကြပ်တာ မရှိဘူး။
ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မြန်မာ နိုင်ငံတွေကိုတော့ အီးယူက Everything but Arms အကောက်ခွန်မဲ့ တင်သွင်းခွင့် ပေးထားတယ်။ ဒီတော့ အ၀တ်အစားတွေကို အီးယူ တင်ပို့တဲ့အခါ ဘာအကောက်ခွန်မှ ပေးစရာ မလိုဘူး။ ချုပ်ထားတဲ့ အထည်သား ဘယ်နိုင်ငံက မူရင်းနိုင်ငံလဲဆိုတာ ထည့်မစဉ်းစားပဲ ပေးထားတာမို့ ယှဉ်ပြိုင်နိုင်မှု အားသာချက် အင်မတန်ကြီးမားပါတယ်။
အပြန်အလှန်အားဖြင့် ပြန်ပေးရမှာက အဲဒီနိုင်ငံတွေဟာ လူ့အခွင့်အရေးတွေကို လေးစားဖို့ ကတိက၀တ် မလွဲမသွေ ပြုကြရတယ်။

Source :FashionUnited.fr.

Read 1821 times
Rate this item
(1 Vote)