What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိမ်တွင်းမှုလုပ်ငန်းမှ ကမ္ဘာ့အဆင့်မီ ပို့ကုန်အထိ ထုတ်လုပ်နိုင်သည့် ပခုက္ကူချည်ထည်လုပ်ငန်း

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သည် မြန်မာ နိုင်ငံတွင် အရှည်ဆုံးဖြစ်သည့် ဧရာဝတီမြစ်ကူး တံတားကြီးတည်ရှိရာ မြို့ဖြစ်သကဲ့သို့ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ကုန်စည်စီးဆင်းရာ အချက် အချာကျသည့် စီးပွားရေးမြို့တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ကြက်သွန်၊ ပဲ၊ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲများ ထွက်ရှိပြီး ပခုက္ကူမြို့၏ ချည်ထည် လုပ်ငန်းသည်လည်း ထင်ရှားကျော်ကြားသည့် ထွက်ကုန်၊ ထုတ်ကုန်တစ်ခု ဖြစ်သည်။ ပခုက္ကူ ဒေသမှ ထွက်ရှိလာသည့် ချည်စောင်မျိုးစုံ၊ လက်သုတ်ပဝါမျိုးစုံ၊ တဘက်စောင်မျိုးစုံ၊ ချည်ထည်လုံချည်များသည် ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်သလို လှပပြီး တာရှည် အသုံးခံသည့် ချည်ထည်ပစ္စည်းများဖြစ်သည့် အတွက် မြန်မာပြည်တစ်ဝန်း ထင်ရှား ကျော်ကြားသည်ကို တွေ့ရသည်။

ချည်ထည် စောင်များသည် မြန်မာ့ရာသီဥတုများနှင့် အထူးသင့်လျော်ပြီး နွေရာသီကာလတွင် အအေးဓာတ်ပေးသလို ဆောင်းရာသီတွင် လည်း အနွေးဓာတ်ကို ပေးစွမ်းနိုင်ခြင်းတို့ ကြောင့် မြတ်နိုးခုံမင်စွာ ဝတ်ဆင်အသုံးပြု နေကြသည်ကိုလည်း တွေ့ရသည်။ ချည်ထည်လုပ်ငန်းများအား အောင်မြင် အောင် ဆောင်ရွက်ခြင်းသည်လည်း အိမ်တွင်း လက်မှုလုပ်ငန်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများ ကို အားပေးမြှင့်တင်ပေးရာရောက်သလို အလုပ် အကိုင်အခွင့်အလမ်းများ များပြားစွာရရှိစေရန် ဆောင်ရွက်ပေးရာ ရောက်သည်။

နည်းပညာ ပိုင်းဆိုင်ရာ ခေတ်မီတိုးတက်နေသည့် ယနေ့ ခေတ်ကာလစနစ်များအရ မြန်မာ့ရိုးရာ ချည်ထည်များကို ခေတ်မီသည့်နည်းပညာများ၊ စက်ပစ္စည်းများအသုံးပြုပြီး လက်ရက်ကန်း အဆင့်မှ စက်ရက်ကန်းအဆင့်သို့ ကူးပြောင်း ကာ ချည်ထည်လုပ်ငန်းများကို ကမ္ဘာ့အဆင့်မီ ချည်ထည်များအဖြစ် အဆင့်အတန်းမြင့်မားစွာ ထုတ်လုပ်နိုင်ကြပြီ ဖြစ်သည်။ ထို့အတူ ပြည်တွင်းချည်ထည်များကို ဝယ်ယူအားပေး ဝတ်ဆင်အသုံးပြုခြင်း၊

ပြည်တွင်းချည်ထည် ရက်လုပ်သည့် လုပ်ငန်းများကို မြှင့်တင် ပေးခြင်းသည် နိုင်ငံခြားမှ တင်သွင်းလာမည့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းပိုင်း ဆိုင်ရာ သွင်းကုန်များကို လျော့နည်းစေသလို မြန်မာ့ရိုးရာအဆင့်မီ ချည်ထည်ပစ္စည်း ပို့ကုန် များကိုလည်း ပိုမိုတိုးတက်မြင့်မားစွာ တင်ပို့ နိုင်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေနိုင် မည် ဖြစ်သည်။

ပခုက္ကူမြို့သည် ချည်ထည်များစွာ ထွက်ရှိ သည့် မြို့ဖြစ်သလို ကျေးလက်နေပြည်သူ အများစု၏ တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ပခုက္ကူဒေသရှိ ကျေးလက်နေပြည်သူ များအနေဖြင့် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းများ ကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာလုပ်ကိုင်ပြီး ဒေသထွက်ကုန် ချည်ထည်များဖြင့် စီးပွားရေး ဈေးကွက်ကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသမီးအများစုပါဝင်သည့် ရွှေဝတ်မှုံ နယ်မြေဦးဆောင်အဖွဲ့ကို ဖွဲ့စည်း ထူထောင်ကာ စက်ရက်ကန်းစင်၊ ရက်ဖောက် စက်စင်များဖြင့် ပုံမှန်လည်ပတ်အောင် ရက်လုပ်ကြကြောင်း သိရသည်။

လက်ရက်ကန်းလုပ်ငန်းများကို လွန်ခဲ့ သည့် နှစ်ပေါင်း ၄၀ ခန့်ကစတင်ပြီး တစ်ပိုင် တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်ရောက်မှသာ စက် ရက်ကန်းလုပ်ငန်းအဖြစ် စတင်အသွင် ကူးပြောင်းကြပြီး စက်ရက်ကန်းစင် ခြောက်စင် နှင့် ရက်ဖောက်စက်စင်များဖြင့် ပုံမှန် လည်ပတ်အောင် ကြိုးစားဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

ချည်ထည်ကုန်ကြမ်းများကို ပခုက္ကူမြို့ပေါ်တွင် သွားရောက်ဝယ်ယူရပြီး အလုပ်သမားလုပ်အားခ ပေးချေမှုများ အပါ အဝင် တစ်လလျှင် ငွေကျပ်သိန်း ၅၀ ကျော် ရင်းနှီးရပါကြောင်း၊ ကျွန်မတို့က အဓိက အားဖြင့် ပခုက္ကူချည်ချော သက္ကလတ်စောင်နှင့် လက်သုတ်ပဝါများကို ကုန်ချောအဖြစ် ထုတ်လုပ်တာများပါကြောင်း၊ ကျန်တာလည်း ရက်လုပ်ပါကြောင်း၊ စောင်အထည် ၂၀၀ ရှိသည့် ပခုက္ကူချည်ချော သက္ကလတ်စောင် တစ်လိပ်တုံးကို တစ်လကြာအောင် ရက်လုပ် ရပြီးအလုပ်သမား ရက်လုပ်ခအတွက် တစ်လိပ်တုံးစာကို တစ်သိန်းကျော် ပေးရ ပါကြောင်း၊

အထည် ၂၀ စောင်ပါသည့် လက်သုတ်ပဝါစောင် တစ်လိပ်တုံးကိုတော့ ၁၅ ရက်လောက် ဆယ်ချည်တိုင် ဖောက် ရက်လုပ်ရပြီး တစ်လကို နှစ်လိပ်တုံး ရက်လုပ် ပြီးစီးပါကြောင်း၊ ရက်လုပ်ပြီးစီးသည့် တစ်လိပ် တုံးကနေ လက်သုတ်ပဝါအုပ်ရေ ၇၀ ကျော် ထွက်ရှိပြီး ရက်လုပ်ခအတွက် ငွေကျပ်နှစ်သောင်း ကျော်ပေးရပါကြောင်း၊ အထည်ငါးထုပ်ပါသည့် ချည်ထည်အင်္ကျီစကို နှစ်လိပ်တုံးရက်လုပ်ရတာ ကြောင့် တစ်လကြာပါကြောင်း၊

ကျေးလက် နေ ပြည်သူတိုင်း ဝယ်ယူအားပေးဝတ်ဆင်၊ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ဈေးနှုန်း သက်သာစွာ ရက်လုပ်ရောင်းချပေးနေတာ ကြောင့် ကျွန်မတို့အတွက်တော့ အမြတ်အစွန်း ရရှိမှုနည်းပါကြောင်း၊ ယခု ကျွန်မတို့ စက် ရက်ကန်းလုပ်ငန်းကနေ ထွက်ရှိသည့် ချည် သက္ကလတ်စောင်နှင့် လက်သုတ်ပဝါများကို ပခုက္ကူမြို့မဈေးကြီးနှင့် မြို့ပေါ်ရှိ ချည်ထည် ဆိုင်များအပြင် ရန်ကုန်၊ မြင်းခြံ၊ ပုဂံညောင်ဦး နှင့် အခြားမြို့နယ်များတွင် လက်လီ၊

လက်ကား စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ တချို့လက်ကား ဝယ်သမားတွေကနေ ဂျပန်နိုင်ငံတို့လို ပြည်ပဈေးကွက်အထိပါ ရောင်းချနေကြကြောင်း ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ကျေးရွာ ရွှေဝတ်မှုံ နယ်မြေဦးဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမိုး က ပြောသည်။

ယနေ့ခေတ်ကာလများတွင် ပခုက္ကူ ဒေသ၌ ချည်ထည်လုပ်ငန်းများကို အရှိန် အဟုန်မြှင့် လုပ်ကိုင်လာကြခြင်းကြောင့် ဓာတုဆိုးဆေးများအပြင် ဆီးဖြူသီး၊ ဆီးဖြူရွက်၊ ညောင်ရွက်၊ ညောင်ခေါက်၊ ထန်းသီးခွံ၊ ဧကရာဇ်ရွက်၊ သရက်ရွက်၊ ခွေးတောက်ရွက် စသည့် အနီးဝန်းကျင်ဒေသများတွင် အလွယ်တကူရရှိနိုင်သည့် သဘာဝသစ်ဥ၊ သစ်ဖု၊ သစ်သီး၊ သစ်ရွက်များကို အသုံးပြုပြီး သဘာဝဆိုးဆေး ချည်ထည်လုပ်ငန်းများ ရက်လုပ်ကာ အောင်မြင်သည့်ဈေးကွက်တစ်ခု ကို ဖော်ဆောင်နိုင်ခဲ့ကြသည်ကိုလည်း တွေ့ရ သည်။

The Mirror Daily

Read 1161 times
Rate this item
(0 votes)