What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုသိမ်မြို့အထည်ချုပ်စက်ရုံ၂ ရုံတွင် ကိုဗစ်ပိုးကူးစက်ခံရသည့် အလုပ်သမားများတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ ဟီရှန်းစက်ရုံနှင့် ဒေါင်းလောင် အထည်ချုပ်စက်ရုံတို့မှ အလုပ်သမား ၃ဦးတွင် ကူးစက်မြန် COVID – 19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်က ဟီရှန်းအထည်ချုပ်စက်ရုံရှိ ၃၃နှစ်အရွယ် စက်ရုံအလုပ်သမတဦးထံမှ ကိုဗစ်ပိုး တွေ့သဖြင့် တိုင်းကျန်းမာရေးဌာနက ပုသိမ်ဆေးရုံကြီး၌ ဆေးကုသမှု ပေးခဲ့ကြောင်း၊ ၎င်းနှင့် တိုက်ရိုက်ထိတွေ့သူ ၂၀ ဦးကို ကွာရန်တင်း စင်တာသို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ခဲ့ကြောင်း၊ ယင်းလူ ၂၀ထဲမှ ပိုးတွေ့လူနာနှင့် ထိတွေ့မှု အများ ဆုံးရှိသူကို ရွေးထုတ်ဆေးစစ်ရာ ဟီရှန်းအထည်ချုပ်စက်ရုံမှ အလုပ်သမား အမျိုးသမီး၂ ဦးနှင့် ဒေါင်းလောင် စက်ရုံမှ အမျိုးသမီးအလုပ်သမား ၁ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိခြင်း ဖြစ်ကြောင်းသိရ သည်။

 

ဟီရှန်းစက်ရုံ၌ အလုပ်သမား ၇ထောင်ကျော် ၊ ဒေါင်းလောင်စက်ရုံတွင် အလုပ်သမား ၂ ထောင်ခန့် အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။

 

အဆိုပါ လူ ၂၀ ထဲမှ ပိုးတွေ့ စက်ရုံအလုပ်သမားနှင့် ထိတွေ့မှု အများဆုံး ၉ ဦးကို ရွေးထုတ်၍ စက်တင်ဘာ ၂၀ ရက်တွင် ပုသိမ်ဆေးရုံကြီး၌ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့်အတူ အလုပ်လုပ်သည့် ဟီရှန်းအထည်ချုပ် စက်ရုံမှ အလုပ်သမား အမျိုးသမီး၂ ဦးနှင့် ဒေါင်းလောင် စက်ရုံမှ အမျိုးသမီးအလုပ်သမား ၁ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

 

ပုသိမ်စက်မှုဇုန်မှ ပထမဆုံး ပိုးတွေ့ခဲ့သူ လူနာအမျိုးသမီး (Pathein – 21) မှာ COVID – 19 ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့မှု မရှိသလို ခရီးသွားရာဇဝင် မရှိသူလည်းဖြစ်ကြောင်း၊ သူမနှင့် ဆက်စပ်၍ ကိုဗစ်ပိုး ထပ်မံ တွေ့ရှိသူ အလုပ်သမား ၃ ဦးမှာ လည်း ခရီးသွား ရာဇဝင် မရှိကြောင်း သိရသည်။

 

ဟီရှန်း အထည်ချုပ်စက်ရုံတွင် တွေ့ရသည့် ဒုတိယမြောက် ပိုးတွေ့လူနာ စက်ရုံအလုပ်သမား(Pathein – 25) မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဖြစ်ပြီး၊ ဟီရှန်းစက်ရုံမှ တတိယမြောက် ပိုးတွေ့လူနာ (Pathein – 26) မှာ အသက်(၂၉) နှစ်အရွယ် အမျိုးသမီးဖြစ်သည်။ ပုသိမ် အထည်ချုပ်စက်ရုံများမှ ပထမဆုံး ပိုးတွေ့လူနာ Pathein 21 နှင့် သုံးဘီးဆိုင်ကယ် အတူစီး၍ အလုပ်အတူ သွားခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

ဒေါင်းလောင် အထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာ (Pathein – 27) မှာ လူနာအမှတ် Paehtin – 26 ၏ ညီမ ဖြစ်ပြီး အသက် (၂၁)နှစ် အရွယ် အမျိုးသမီး ဖြစ်သည်။

 

အဆိုပါ ပိုးတွေ့ စက်ရုံလုပ်သား ၃ ဦးအနက် လူနာအမှတ် Pathein – 26 မှာ ဟီရှန်းအထည်ချုပ်စက်ရုံတွင် စက်တင်ဘာ ၁၄ ရက်အထိ အလုပ်ဆင်းခဲ့ပြီး လူနာအမှတ် Pathein – 25 မှာ စက်တင်ဘာ ၁၈ ရက်အထိ အလုပ်ဆင်းခဲ့ကြောင်း သိရ သည်။ ဒေါင်းလောင်စက်ရုံမှ လူနာအမှတ် Pathein – 27 မှာလည်း စက်တင်ဘာ ၁၈ ရက်အထိ အလုပ်ဆင်းခဲ့ကြောင်း ပုသိမ်ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ဒီနေ့ ပုသိမ်က အထည်ချုပ် စက်ရုံတွေကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ကက်ဘိနက်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ စက်ရုံတွေမှာ ရောဂါပြန့်ပွားမှု မရှိစေဖို့နဲ့ ကိုဗစ်ထိန်းချုပ်ဖို့ ကျနော်တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြော သည်။

 

ဧရာဝတီတိုင်း အစိုးရအနေဖြင့် အထည်ချုပ် စက်ရုံများတွင် ကိုဗစ် မပြန့်ပွားအောင် ထိန်းချုပ်မည်ဟုသာ ပြောဆိုပြီး ကိုဗစ် အတည်ပြု လူနာတွေ့ရှိသည့် ဟီရှန်းနှင့် ဒေါင်းလောင် စက်ရုံတို့ကို ယာယီပိတ်သိမ်းရန် ရှိ မရှိ အသေးစိတ် ပြောဆိုခြင်း မရှိပါ။ ဧရာဝတီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကိုဗစ်လူနာ တွေ့ရှိသည့် အထည်ချုပ်စက်ရုံများကို ၁၄ ရက်ခန့် ယာယီပိတ်ထားရန် ဧရာဝတီတိုင်း အစိုးရသို့ အကြံပြုထားကြောင်း သိရသည်။

 

အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ အငြင်းပွားမှု ဖြေရှင်း ရေး တာဝန်ခံ ဒေါ်ခခက “ ပုသိမ်စက်မှုဇုန်မှာ ပိုးတွေ့ တဲ့ စက်ရုံက၂ ရုံ ဖြစ်လာပါပြီ။ ပုသိမ်ခရိုင်အတွင်းက အလုပ်သမားတွေဟာ အလုပ်ဆင်းရင် ဖယ်ရီနဲ့ အိမ်ပြန်ကြတယ် ။ ဒီစက်ရုံတွေရဲ့ ကူးစက်မှုကနေတဆင့် သူတို့နေထိုင်ရာ ရပ်ရွာတွေထဲအထိ ကူးစက်မှု ပျံ့နှံ့သွားမယ်ဆိုရင် ရောဂါထိန်းချုပ်ရတာ အရမ်းခက်သွားနိုင်ပါတယ်။ ဒါကြောင့် ဧရာဝတီ တိုင်းကျန်းမာရေးဌာနက အကြံပြုထားတဲ့အတိုင်း၂ ပတ်တာကို လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေနဲ့ စက်ရုံတွေ ယာယီပိတ်ထားသင့်ပါတယ်” ဟု ပြောသည်။

 

စက်ရုံ ယာယီပိတ်သည့် ကာလတွင်လည်း အလုပ်သမားများအား Stay at Home နေထိုင်ကြရန်၊ ထူးခြားသည့် ရောဂါ လက္ခဏာရှိလာလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ ပိုးတွေ့လူနာ အလုပ်သမားများနှင့် ကွာရန်တင်း ဝင်နေရသည့် အလုပ်သမားများကို အစိုးရမှ ထောက်ပံ့ပေးရန်၊ စက်ရုံများမှ အလုပ်ထုတ်ပယ်ခြင်း မပြုရန်၊ ဆေးလက်မှတ်ဖြင့် တရားဝင် ခွင့် ပေးထားရန်၊ ပိုးတွေ့လူနာ အလုပ်သမားများ အလုပ်ပြန်ဝင်ချိန်တွင် ခွဲခြားမှု မပြု စေရန်စသည့် ညွှန်ကြားချက်များကို ဧရာဝတီတိုင်း အစိုးရအနေဖြင့် တိကျစွာ ထုတ်ပြန်ရန် လိုအပ်နေကြောင်း ဒေါ်ခခက ဆက်လက် ပြောဆိုသည်။

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် စက်မှုဇုန်တွင် ထိုင်ဝမ်၊ တရုတ်၊ သီရိလင်္ကာ စသည့်နိုင်ငံများမှ အထည်ချုပ်စက်ရုံ ၈ ရုံ လာ ရောက်ရင်းနှီးမြှုပ်နှံထားပြီး ဧရာဝတီတိုင်းအတွင်းမှ လူပေါင်း ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ကူးစက်မြန် COVID – 19 ရောဂါပိုး တွေ့ရှိသူများ တဖြည်းဖြည်း များပြားလာခဲ့ရာ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိ ကိုဗစ် အတည်ပြုလူနာ ၁၁၆ ဦးရှိပြီး တိုင်း အတွင်းရှိ မြို့နယ် ၂၆ ခုရှိသည့်အနက် မြို့နယ် ၂၁ ခုတွင် COVID – 19 ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှု အများဆုံးမှာ ပုသိမ်မြို့နယ်ဖြစ်ပြီး ဖျာပုံနှင့် မအူပင်တို့မှာ ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

 

ပိုးတွေ့လူနာများအနက် လူနာ ၆ ဦးမှာ ရောဂါ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျန်လူနာ ၁၁၀ မှာ သက်ဆိုင်ရာ ဆေးရုံများတွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်။ ပုသိမ် ဆေးရုံတခုတည်းမှာပင် ကိုဗစ်လူနာ ၃၆ ဦး တက်ရောက် ကုသနေကြောင်း ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဌာန စာရင်းအရ သိရသည်။

 

Source:burma.irrawaddy.com

Read 659 times
Rate this item
(0 votes)