What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Stay @Home ၇ မြို့နယ်ကနေ တစ်နေ့ကို လူ ၈ သိန်း နီးပါး လမ်းပေါ်ထွက်နိုင်တယ်

Stay @Home ၇ မြို့နယ်ကနေ တစ်နေ့ကို လူ ၈ သိန်း နီးပါး လမ်းပေါ်ထွက်နိုင်တယ်
ညနေ ၆နာရီက စပြီး တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေဟာ Stay at Home ပါ။ လိုက်နာရမယ့် ကန့်သတ်ချက်တွေကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သို့သော် အဲဒီထဲမှာ ထိတ်လန့်ဖွယ်အကောင်းဆုံးက ကန့်သတ်ချက် (က) ပါ။ (က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ) လို့ ဝန်ကြီးဌာနကဆိုထားပြီး ကွင်းထဲမှာ ပါဝင်တဲ့သူတွေက Stay Home နေဖို့ မလိုအပ်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။
တားမြစ်ထားတဲ့ မြို့နယ် ၇ ခုမှာ ရပ်ကွက်ပေါင်း ၁၂၀ ရှိပြီး အိမ်ခြေ ၂၁၇၆၂၃ နဲ့ အိမ်ထောင်စုပေါင်း ၂၉၅၇၇၈ ရှိပါတယ်။ မြို့နယ် ၇ ခုရဲ့ စုစုပေါင်း လူဦးရေဟာ တစ်သန်းခွဲကျော် ရှိပါတယ်။ ဒီထဲမှာ လုပ်ငန်းခွင်အတွင်း ရောက်ရှိနေတဲ့ လူဦးရေဟာ ၈ သိန်းနီးပါး (အတိအကျဆိုရင် ၇၈၇၃၅၃) ရှိပြီး ဝန်ကြီးဌာန ကန့်သတ်ချက်က ကင်းလွတ်ခွင့်ရမယ့်သူတွေလို့ ဆိုရမှာပါ။ တနည်းဆိုရသော် ဒီလူတွေဟာ မိသားစု စားဝတ်နေရေးအတွက် နေအိမ်ပြင်ပကို နိစ္စဓူဝ ထွက်ကို ထွက်ရမယ့်သူတွေပါ။ သူတို့ လုပ်ငန်းခွင်တွေဟာလည်း သူတို့မြို့နယ်အပြင် တခြားမြို့နယ်တွေလည်း ပါဝင်ပါတယ်။ ဒီလူတွေအတွက် သူတို့ရဲ့ လုပ်ငန်းခွင်တွေက ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားနိုင်ဖို့ဆိုတာ အာမခံချက် လုံးဝမရှိတဲ့ အနေအထားဖြစ်သလို ကူးသန်းသွာလာရေးအတွက် အသုံးပြုရမည့် Transportation ပိုင်းကလည်း စိတ်ချရတဲ့ အနေအထား မဟုတ်ပါဘူး။
အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထပ်မပျံ့စေဖို့ လုပ်ဆောင်တဲ့အနေနဲ့ ၇ မြို့နယ်ကို Stay Home လုပ်ပေမယ့် ကင်းလွတ်ခွင့်ရသူတွေ ရှိနေသေးတာဟာ တကယ်တမ်းတော့ ပြန်လည်စဉ်းစားသုံးသပ်ရမယ့် ကိစ္စပါ။ နိစ္စဓူဝ အဲဒီက လူ ၈ သိန်းနီးပါးက လမ်းပေါ်ထွက် သွားလာနေသရွေ၊ အများပိုင် မော်တော်ယာဉ်လိုင်းတွေကို သုံးနေသရွေ့ ပျံ့နေ၊ ပွားနေ၊ ကူးစက်နေဦးမှာပါပဲ။ မြို့နယ် ၇ ခုက အိမ်ထောင်စုပေါင်း ၂၉၅၇၇၈ ကို တာဝန်ယူဖို့ဆိုတာကလည်း အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဆိုတာ နားလည်ပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အိမ်ထဲမှာ နေခိုင်းပြီး စားဝတ်နေရေးအတွက် တာဝန်ယူပေးနိုင်မယ့် နည်းလမ်းကို စဉ်းစားရှာဖွေသင့်ပါပြီ။
(မှတ်ချက် - ဖော်ပြထားတဲ့ ဂရပ်ထဲက လုပ်ငန်းခွင်ဝင် လုပ်သားဦးရေစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ရယူထားတာ ဖြစ်ပါတယ်)
 
 
 
 
 
Read 1144 times
Rate this item
(0 votes)