What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မန္တလေးမြို့တွင် Textile Industry Park တစ်ခု ထူထောင်ရန် အဆိုပြုထား

မန္တလေးမြို့တွင် Textile Industry Park တစ်ခု ထူထောင်ရန် အဆိုပြုထား google

မန္တလေးမြို့တွင် Textile Industry Park တစ်ခု ထူထောင်ရန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က

မေ ၂၁ ရက်တွင် The EU Chamber of Commerce in Myamar က ဦးစီး ကျင်းပသော Business Climate in Upper Myanmar အခမ်းအနား၌ ပြောကြားသည်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ဆောင်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသော အဟန့်အတားဖြစ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ပေါ်လစီများအကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လျက်ရှိကြောင်း ဆိုသည်။

မန္တလေးမြို့တွင်စိုက်ပျိုးစီးပွားရေးကဏ္ဍ လုပ်ဆောင်ရန်အားသာချက်များ  ရှိနေကြောင်း၊ ထို့ပြင်အခြားသော စိတ်ဝင်စားစရာ ကဏ္ဍတစ်ခုမှာ အထည်ချုပ်စက်ရုံဖြစ်ကြောင်း ပြောသည်။

''ကျွန်တော့်ဆီကို လုပ်ငန်းရှင်တချို့ Textile Industry Park တစ်ခုလုပ်ဖို့ အဆိုပြုထားတာရှိပါတယ်။ ဒါဟာ လူဦးရေငါးသောင်းလောက်ကို အလုပ်အကိုင် ပေးနိုင်မှာဖြစ်ပါတယ်။ ဂျိုက်ကာနဲ့ လုပ်ဆောင်ကြဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာကကျွန်တော်တို့ Textile Industry Park တစ်ခု ထူထောင်ဖို့ ရှိပါတယ်'' ဟု ဆိုသည်။

 မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းမှအမေရိကန်ဒေါ်လာ ၃ ဘီလျံရရှိထားပြီး ယမန်နှစ်ထက်သန်း ၉ဝဝ ကျော်လွန်ရရှိထားကြောင်း၊မန္တလေးမြို့တွင် လူ့စွမ်းအား အရင်းအမြစ်များ ရှိကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေး အသင်းအဖွဲ့အား တိုက်တွန်း ပြောကြားသည်။

မန္တလေးမြို့သည် လက်ရှိတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃ဒသမ၇ ဘီလျံရှိပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၅ဒသမဝ၇ ထရီလျံကျပ် ဖြစ်သည်။

နိုင်ငံသားနှင့် နိုင်ငံခြားသား တန်းတူအခွင့်အရေးပေးထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်ရှိပြီး ဖြစ်ကြောင်း၊ ဦးစားပေး ကဏ္ဍ ၁ဝ ခုရှိကြောင်း၊ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အများဆုံးဆိုသော်လည်း ဥရောပနိုင်ငံများမှရင်းနှီး မြှုပ်နှံမှုရှိကြောင်း၊ နိုင်ငံစီးပွားရေးကို မောင်းနှင်သည့် ဒုတိယအင်ဂျင် ဖြစ်အောင် ဆောင်ရွက်နေကြောင်း ပြောသည်။

''မန္တလေးမြို့ဟာ စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေလည်း မြန်ဆန်တယ်။ ဥရောပနိုင်ငံတွေအတွက် အခွင့်အရေးကောင်းတွေ ရှိတယ်လို့ထင်ပါတယ်။ မန္တလေးမြို့ကြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပါဝင်ဆောင်ရွက်ချင်ပါတယ်။ အီးယူဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ၂ဝ၁၃ မှာ ဖယ်ရှားလိုက်ကတည်းက အထည်ချုပ်လုပ်ငန်းတွေ အများကြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့်အိတ်စပို့ဟာ ၄၇ ရာခိုင်နှုန်း တိုးတက်လာတာဟာ အထည်ချုပ်လုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ကျောက်ဆည်ကမြန်မာနိုင်ငံသား အထည်ချုပ်စက်ရုံတွေဆီကို သွားလည်မှာဖြစ်ပါတယ်။ ကျွန်တော့်တို့အနေနဲ့ ဘယ်မှာရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ စိုက်ပျိုးရေးထုတ်ကုန်မှာ ကျွန်တော်တို့က ထိပ်တန်းဖြစ်တဲ့အတွက် ကူညီနိုင်မယ်လို့ မျှော်လင့်တယ်။ နောက်အထည်ချုပ်စက်ရုံက ဆိုးဆေးတွေကို မြစ်ထဲသို့ တိုက်ရိုက်စွန့်ပစ်တဲ့အခါ ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်တာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာက အဲဒီလိုမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်'' ဟု Mr Kristian Schmidt, EU ambassador to Myanmar က ပြောကြား ခဲ့သည်။

မန္တလေတိုင်းဒေသကြီးတွင် ၂ဝ၁၇­-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၉ ဖေဖော်ဝါရီလကုန်ထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် စက်မှုကဏ္ဍတွင် အရေအတွက်အားဖြင့် ၁၁ ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ် ၂၇၄၅၁ သန်းကျော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် အရေအတွက်အားဖြင့် ၃ ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ၁ဝ၈၅၉ သန်း ရှိသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွင် အဆိုပါကာလအတွင်း စက်မှုကဏ္ဍတွင် အရေအတွက်အားဖြင့် ၅ ခု ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် အရေအတွက်အားဖြင့် ၁ခု၊ ရင်းနှီးမြှုပ်နှံမှု ဝ ဒသမ ၇၄၃ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အရေအတွက်အားဖြင့် ၁ ခု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ၂ ဒသမ ၂ဝ၈ သန်း ရှိသည်။

မန္တလေးတိုင်းဒေသကြီး၏ တစ်ဦးချင်း ဂျီဒီပီသည် ၁၅ သိန်းကျော်ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ၁၇ သိန်းကျော်ရရှိရန် မျှော်မှန်း ဆောင်ရွက်နေသည်။

Related Article: ယခုနှစ်တွင် ပြည်ပသို့ ချုပ်ထည် တင်ပို့မှုမှ ဝင်ငွေ ၅ ဘီလီယံ ခန့် ရရှိမည်ဟု ခန့်မှန်း

Source: Myanmar Time

Myanmar Textile and Garment Directory

Read 1168 times
Rate this item
(1 Vote)