What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အလုပ်သမား ပြဿနာများက ကြီးမားသည့် စိန်ခေါ်မှုများရှိနေပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်မှုကြောင့် လက်ရှိတွင် စက်ရုံအချို့ ပိတ်သိမ်းမှုများ ရှိနေ

အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်ခြင်းနှင့် အလုပ်သမား ပြသာနာများက အဓိကစိန်ခေါ်မှု ဖြစ်နေပြီး လက်ရှိတွင်လည်း ရပ်ဆိုင်းသွားသည့် အထည်ချုပ်လုပ်ငန်းများ ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

ဥရောပသမဂ္ဂ၏ GSP အခွင့်အရေးကြောင့် အထည်ချုပ်လုပ်ငန်းသည် အလားအလာကောင်းများ ရှိသော်လည်း အဆိုပါ အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ချုပ်ပြီး အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကိုသာ ခံစားခွင့်ရှိသည့် လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

သို့သော်လည်း အီးယူမှ ဖွံ့ဖြိုးဆဲနိုင်ငံများကိုသာ ပေးသည့် GSP (ဖွံ့ဖြိုးပြီးနိုင်ငံများ မှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုမရှိသေးသော နိုင်ငံများသို့ တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း) အခွင့်အရေးကြောင့် အဆိုပါ အခွင့်အရေးကို မရရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများကို လာရောက် လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်ထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အီးယူ GSP ရတဲ့အချက် အဲဒါက တော်တော်ကို ကြိုက်တဲ့အချက်ပေါ့။ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမရဘူး။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေဆို မရဘူး။ တရုတ်လည်း မရဘူး။ ဒါကြောင့်မို့ တရုတ်တွေ အများကြီး ဒီကိုလာတယ်။ ထိုင်းမရဘူး။ ဒါကြောင့် သူတို့လာလုပ်တယ်။ ဒီပတ်ဝန်းကျင်မှာ မရဘူး။ ဒီမှာ အားသာတာက အလုပ်သမားဦးရေ ရှိတယ်။ ဒါတွေကလည်း သူတို့ ကြိုက်လို့ လာကြတာပေါ့။ အလှတရားတော့ ကျွန်မတို့ဘက်မှာ ရှိနေသေးတာပေါ့။ အထဲမှာ လည်ပတ်နေတဲ့ ပြဿနာကတော့ တစ်မျိုးပေါ့လေ။ ရင်းနှီးမြှုပ်နှံသူတွေ လာတယ်။ စက်ရုံတွေ ဆောက်လာမယ်။ ဒါဆို အလုပ်တွေ များလာမယ်။ ဒီလိုများလာရင် ထုတ်လုပ်မှုက တိုးလာမှာပဲ ကျွန်မတို့ ကြည့်ရမှာက တစ်ဦးချင်းဝင်ငွေ တိုးလာသလား ကြည့်ရမှာပဲ” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် အော်ဒါလက်ခံကာ ဆောင်ရွက်နေရသည့်အတွက် သတ်မှတ် အချိန်အမီ ပြန်လည် တင်ပို့ပေးရန် လိုအပ်ကြောင်း၊ သက်မှတ်ချိန်အမီ ရောက်ရှိရန် လေယာဉ်နှင့် တင်ပို့မည်ဆိုပါက လက်ခစားအဖြစ် ရရှိထားသည့် ၁၀ ရာခိုင်နှုန်း၏ ငါးဆအထိ ကုန်ကျကြောင်း သိရသည်။

“ရတာက ၁၀ ရာခိုင်နှုန်း။ လေယာဉ်နဲ့ ပို့ရင် ချုပ်ခရဲ့ ငါးဆလောက် ပါသွားတယ်”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ထို့အပြင် အလုပ်သမား မငြိမ်သက်ခြင်းကြောင့် ထုတ်လုပ်မှုကို လျော့စေနိုင်ကြောင်း နှင့် အ၀တ်အထည်များ၏ အရည်အသွေး မကောင်းမွန်ခြင်းများကြောင့်လည်း ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

“အလုပ်သမား မငြိမ်သက်တဲ့ ပြဿနာ၊ သင်လိုက်ပြီးရင် နောက်တစ်နေရာမှာ ပိုကောင်းမလားဆိုပြီး ထွက်သွားတဲ့ ပြဿနာ အလုပ်ရှင်တွေက အလုပ်သမားအသစ်တွေ သင်ရင်းနဲ့ ကျန်နေခဲ့တယ်။ ဒါတွေအားလုံးက ထုတ်လုပ်မှုကို အများကြီး သက်ရောက်မှု ရှိတယ်။ ထုတ်လုပ်မှုကိုရော ထုတ်လုပ်တဲ့ အရည်အသွေးကိုရော သက်ရောက်မှု ရှိတယ်။ ထုတ်လုပ်မှုကို သက်ရောက်မှုရှိရင် အထည်တင်ပို့တာ နောက်ကျမယ်။ နောက်ကျရင် အော်ဒါ အဖျက်ခံရမလား၊ အလျော်ခံမလား၊ လေယာဉ်နဲ့ ပို့ခံရမလား တစ်ခုခုကိုတော့ ခံရမယ်။ နောက်တစ်ခုက အရည်အသွေး မကောင်းဘူးဆိုရင် အဲဒီအထည်ကို ပြန်လျော်ရမယ့်ပြဿနာတွေ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

အလားတူ ကုန်ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်ခြင်းနှင့် အနည်းဆုံး လုပ်ခလစာ တိုးမြင့်လာခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်ရှိ Seduno (Myanmar) အထည်ချုပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်းခဲ့သဖြင့် အလုပ်သမား လေးရာကျော် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံအနေဖြင့် ၀န်ထမ်းများအား လုပ်ခလစာနှင့် ဥပဒေပါ နစ်နာကြေးများကို ဇွန် ၃၀ ရက်က ထုတ်ပေးသည်ဟု ထုတ်ပြန်ထားသည်။

“သူတို့အနေနဲ့ လာပြီးတော့မှ ဒါကို ဒီလိုကြီး ပိတ်သွားတယ်ဆိုတာက လွယ်လွယ်ကူကူ ကိစ္စတော့မဟုတ်ဘူး။ ကိုယ်က အပြင်လူ တစ်ယောက်အနေနဲ့ ကြည့်တဲ့အခါမှာ ဒါကိုတော့မြင်တာပေါ့။ သူတို့မှာ Invest လာလုပ်ပြီးတော့ ဒီလိုပိတ်ပြီးတော့ သွားတယ် ဆိုတာကလည်း လျော်ကြေးပေးပြီးတော့မှ သွားရတာလေ လျော်ကြေးမှာကလည်း တော်တော်ပေးရတယ်။ တော်ရုံတန်ရုံ ဒဏ်မခံရဘဲနဲ့ လုပ်မှာမဟုတ်ဘူး” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ဖွံ့ဖြိုးမှု နိမ့်ကျသည့်နိုင်ငံများတွင် တစ်ခု အပါအ၀င်ဖြစ်သော မြန်မာနိုင်ငံ၌မူ အဆိုပါ GSP စနစ်ကို ၁၉၉၃ ခုနှစ်ကတည်းက အထည်ချုပ်လုပ်ငန်းများဖြင့် စတင်ကာ ယနေ့အထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း FOB စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သား အင်အား သုံးသိန်းငါးသောင်းကို ခန့်ထားပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ကုန်ကြမ်းပိတ်စကို တင်သွင်းကာ CMP စနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) မှာယူ တင်သွင်းနေသည့် နိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများ ဖြစ်သည်။

 

Source:current news

Read 695 times
Rate this item
(0 votes)