What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွှေလင်ပန်းစက်မှုဇုန်၌ တည်ဆောက်မည့် ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်းအတွက် အမေရိကန်ဒေါ်လာ ၉၈ သန်း ရင်းနှီး မြှုပ်နှံမည်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်၌ တည်ဆောက်မည့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းအတွက် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် HUBS MK ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၉၈ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကုန်စည်ထောက်ပံ့ရေးစခန်း တည်ဆောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနနှင့် HUBS MK ကုမ္ပဏီတို့ကြား သဘောတူလက်မှတ်ကို ယခုနှစ် ဇန်နဝါရီလက ရေးထိုးခဲ့ပြီး အသေးစိတ်ကို ဇူလိုင်လတွင် စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်သည်။

အဆိုပါ ကုန်စည်ထောက်ပံ့ရေး စခန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် မြေ ၅၉ ဒသမ ၁ဝ၇ ဧက ပေါ်၌ တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက် ပြီးစီးပါက ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းများ စုပုံနေသည့်ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကာ အထည်ချုပ် လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင်မှာယူ သိုလှောင် ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

''စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဘက်က မြေပေးပြီး လုပ်တာပါ။ တည်ဆောက်ဖို့ အသေးစိတ်ကို ကုမ္ပဏီနဲ့ စာချုပ်ထပ်ချုပ်ရဦးမှာပါ။ နောက်လထဲမှာ စာချုပ်ချုပ်နိုင်မှာပါ'' ဟု ၎င်းကပြောသည်။ နိုင်ငံတကာတွင်ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်းများ၌ ကုန်သေတ္တာ အလုံးရေ သိန်းဂဏန်းနီးပါး သိုလှောင်နိုင်ကာ အချိန်မရွေး ပြန်ထုတ်ရန်လွယ်ကူသောကြောင့် စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် အဆင်ပြေမှုရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ပစ္စည်းသိုလှောင်နိုင်သည့် ရုံများရှိသော်လည်း ကုန်ပစ္စည်း အနည်းငယ်သာ ထည့်နိုင်ခြင်း၊ သိုလှောင်ရုံပိုင်ရှင်များမှာ နိုင်ငံခြားသားများ ဖြစ်သည့်အတွက် မြေငှားရမ်းမှု အဆင်မပြေသည့်အခါ လုပ်ငန်းပြောင်းရွှေ့ ရခြင်းများကြောင့် လုပ်ငန်းရှင်များ အခက်အခဲ များနှင့် တွေ့ကြုံနေရကြောင်း သိရသည်။

 

Source:myawady

Read 894 times
Rate this item
(0 votes)