What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကြီးထွားနေတဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍရဲ့ အလုပ်သမများ အခြေအနေ

အထည်ချုပ်လုပ်ငန်း ကြီးထွားလာနေချိန်မှာ တကယ်ပေးဆပ်နေရတာတွေ ရှိနေတယ်။ လိင်အရခွဲခြားနှိမ်ချခြင်းနဲ့ စော်ကားခြင်းတွေကို

မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားနေတာကြောင့် ကြီးမားတဲ့ ငွေကြေးဆုံးရှုံးနစ်နာမှုတွေကို လုပ်သားတွေရော လုပ်ငန်းတွေရော ပေးဆပ်ရတဲ့အဖြစ်ကို ကြုံရနိုင်တယ်။
အမျိုးသမီး အများစု လုပ်ကိုင်နေတဲ့ အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ်ငန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး အဆင်ပြေမှု တိုးတက်ကောင်းမွန်စေဖို့အတွက် ၀န်ထမ်းတွေနဲ့ အာဏာပိုင်တွေက အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ကိုင်တွယ်ပေးဖို့ လိုတယ်လို့ သုံးသပ်ထားတယ်။ အဲဒီကိစ္စကို မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှာ ပြည့်ပြည့်စုံစုံ လေ့လာထားတာ မရှိသေးဘူး။

ဆုံးရှုံးမှု ပမာဏ
*************
ကမ္ဘောဒီးယားမှာတော့ Care International ရဲ့ ၂၀၁၇ အစီရင်ခံစာမှာ လိင်ဆိုင်ရာ စော်ကားခံရခြင်းကြောင့် ကုန်ထုတ်လုပ်မှု နစ်နာတာတွေကို အထည်ချုပ်ကဏ္ဍမှာ ပေးဆပ်ခဲ့ရတာ ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၈၉ သန်း ရှိတယ်လို့ ဆိုထားပါတယ်။ မလုံခြုံတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာရတဲ့ အလုပ်သမတွေ အလုပ်မှ နှုတ်ထွက်ကြတာ ကြောင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ရှစ်သောင်းခွဲ နစ်နာတယ်။ အလုပ်ပျက်တာကြောင့် ကန်ဒေါ်လာ ငါးသိန်းခွဲ ဆုံးရှုံးတယ်။ ကုန်ထုတ်နိုင်စွမ်း ကျဆင်းသွားတာကြောင့် ကန်ဒေါ်လာ ၈၈ သန်း နစ်နာဆုံးရှုံးတယ်။

အခုလို လုပ်ငန်းခွင်မှာ လိင်ဆိုင်ရာ စော်ကားခံရခြင်းနဲ့ ကြမ်းတမ်းခြင်းတို့ကြောင့် အလုပ်သမတွေရဲ့ အခွင့်အလမ်းတွေ ထိခိုက်တဲ့အပြင် လုပ်ငန်းမှာလည်း ထိခိုက်ကြောင်း သုတေသန ပြုချက်အရ သိကြရတယ်။

၃ ဆ ကြီးထွား
********
မြန်မာနိုင်ငံမှာ အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ်ငန်းကဏ္ဍဟာ မှန်တမ်းဖြင့် ကြီးထွားလာခဲ့တယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ၃ ဆ ကြီးထွားခဲ့တယ်လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက Myanmar Buyer’s Forum Stakeholders Conference မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ်ငန်းတွေဟာ ရန်ကုန်မြို့ကို အခြေစိုက်ပြီး လုပ်ကိုင်ကြပြီး စက်ရုံအသစ်တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတယ်။ တစ်နှစ်တာ ပို့ကုန်တန်ဖိုးက ကန်ဒေါ်လာ ၃ ဘီလျံ ၀န်းကျင် ရှိလာပြီ ဖြစ်ပါတယ်။ ချုပ်လုပ်ပေးတာအတွက် မြန်မာနိုင်ငံမှ လုပ်ငန်းတွေက ပျမ်းမျှအားဖြင့် ၎င်းတန်ဖိုးပမာဏရဲ့ ၁၀% ကို ရရှိကြတယ်။ ထုတ်ကုန်အမျိုးအစားနဲ့ ပမာဏအနည်းအများအပေါ် မူတည်ပြီး ၈% မှ ၁၂% အထိ ရရှိကြတာ ဖြစ်ပါတယ်။

ကွဲကွဲပြားပြား
********
အထည်ချုပ်ကဏ္ဍ လုပ်သားအင်အားစုမှာ ၉၀% ကျော်ဟာ အမျိုးသမီးများ ဖြစ်နေပြီး ရသင့်ရထိုက်တာတွေ မရရှိဘဲ လက်လွတ်ဆုံးရှုံးရတာတွေ ရှိနေတယ်။ စော်ကားခံရတာတွေ ရှိနေတဲ့အပြင် လိင်အရ ခွဲခြားနှိမ်ချခံရတာတွေလည်း ရှိနေတယ်။
တစ်ကိုယ်ရေ လုံခြုံမှုနဲ့ လိင်အရ မခွဲခြားဘဲ တန်းတူဖြစ်စေဖို့အတွက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်။
အခုလို ဖြစ်ပျက်နေတာတွေကို အဆုံးသတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သုတေသနပြုခဲ့ပြီး International Labour Organization (ILO) မှ chief technical adviserဖြစ်သူ Catherine Vaillancourt-Laflamme က ဦးဆောင်ခဲ့တယ်။ သုတေသနရဲ့ လေ့လာဆန်းစစ်ချက်တွေကို 107th session on the International Labour Conference ကျင်းပချိန်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
သုတေသနအတွက် နိုင်ငံခြားသားပိုင် စက်ရုံ ၁၆ ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမတွေကို မေးမြန်းခဲ့ပါတယ်။
အလုပ်ချိန်မှာ မလိုလားအပ်တဲ့ ထိကိုင်ခြင်းမှအစ စက်ရုံအပြင်ဖက်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ ရှိနေတယ်။ အိမ်ထောင်ရှိလား မေးခံရတာမျိုးတွေလည်း ရှိတယ်။ နှုတ်အားဖြင့် စော်ကားတာတွေလည်း ကြုံရတယ်။

အခုလို စော်ကားခံရတဲ့အကြောင်း ယခုသုတသနစစ်တမ်းကျမှ ပြောဆိုဖြစ်တာဖြစ်လို့ ဖြေဆိုတဲ့ အလုပ်သမတွေဟာ လုပ်ငန်းခွင်မှာ သူငယ်ချင်းတွေလုပ်ဖော်ကိုင်ဖက်တွေ
အကြား နောက်ပြောင်ကျီစယ်တာနဲ့ လိင်ဆိုင်ရာစော်ကားခံရတာကို မသဲကွဲဘူး ဖြစ်နေကြတာကို မေးမြန်းသူတွေ ကြုံကြရတယ်လို့ Vaillancourt-Laflamme က ပြောပြပါတယ်။
အားနည်းချက်ကတော့ စက်ရုံတွေမှာ ပုံစံတကျ မူဝါဒတွေ မရှိဘူး။ လုပ်ငန်းခွင်မှာ စော်ကားတာ၊ မတော်မတရားပြုတာတွေ ဖြစ်ပွားတဲ့အခါ ဘယ်လို အရေးယူဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေလည်း မရှိဘူးလို့ သူက ထောက်ပြပါတယ်။

ချုပ်စက်တွေမှာ အမျိုးသမီးတွေ လုပ်ကိုင်နေကြပြီး စူပါနဲ့ မန်နေဂျာတွေက အမျိုးသားတွေ ဖြစ်နေတာကို အထည်ချုပ်စက်ရုံတွေမှာ တွေ့ရနေကျ ဖြစ်ပါတယ်။

အစိုးရက လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းတွေ လုပ်ကိုင်နေပေမဲ့ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဥပဒေကြမ်းအဆင့်ပဲ ရှိသေးတယ်။ လွှတ်တော်မှာ အပြီးသတ်ဖို့ လုပ်ကိုင်ဆဲ ဖြစ်တယ်။ အလုပ်သမတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ လိုအပ်နေတယ်။

အနည်းဆုံးလုပ်ခကို တစ်နာရီ ၆၀၀ ကျပ်၊ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ စတင်သက်ရောက်ခဲ့တယ်။

 

ကျပ် ၄၈၀၀ ကြေညာချက် မူရင်း


နိုင်ငံသားပိုင်နဲ့ နိုင်ငံခြားသားပိုင် စက်ရုံ ၇၉ ရုံကို စစ်တမ်းကောက်ယူခဲ့တာမှာ ကျွမ်းကျင်အဆင့်နိမ့်နဲ့ အလယ်အလတ်တန်းတို့မှာ ရှိနေတဲ့ အလုပ်သမတွေဟာ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေထက် ၇% ပိုနည်းတဲ့ လုပ်ခကို ရရှိကြောင်း တွေ့ရတယ်။

ဥရောပ ဖက်ရှင် brand တစ်ခုဖြစ်တဲ့ C&A, ရဲ့ အထောက်အပံ့ဖြင့် လုပ်ကိုင်တဲ့ C&A Foundation မှ ၂၀၁၆ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ အထည်ချုပ်ကဏ္ဍ လုပ်သားအင်အားစုမှာ ၇၆% ဟာ ငယ်ရွယ်သူ အမျိုးသမီးများ ဖြစ်ကြပြီး ရန်ကုန်ကို တစ်နယ်တကျေးမှ ရောက်လာကြသူတွေ ဖြစ်ပါတယ်။
အဲဒီ အလုပ်သမတွေက သူတို့ရတဲ့ ၀င်ငွေရဲ့ တစ်ဝက်ကို မိမိရဲ့ မိသားစုထံ ပြန်ပို့ပေးရတယ်။ ဒီတော့ နေထိုင်တာ၊ သွားလာတာတွေမှာ စိတ်ချလက်ချ ဖြစ်မယ့်ဟာကို မသုံးစွဲနိုင်ကြဘူး။ ချွေတာကြရတယ်။ နေစရာအတွက် လခ၊ စားစရာနဲ့ ဖုန်းဖိုးတို့လောက်ပဲ သုံးစွဲပြီး ကျန်တာကို အိမ်ပြန်ပို့ကြတယ်။
ဝင်ငွေပိုရဖို့ အချိန်ပို ဆင်းကြရတယ်။ ဒီတော့ အပြန်နောက်ကျတယ်။ ညဘက် တစ်ယောက်တည်းဖြစ်ဖြစ် နှစ်ယောက်တွဲဖြစ်ဖြစ် ပြန်ရတဲ့အခါမျိုးမှာ စော်ကားခံရတာတွေ ကြုံကြရတယ်။

Read 1005 times
Rate this item
(0 votes)