What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၎,၈၀၀ က အကောင်းဆုံးအဖြေ ဟုတ်ရဲ့လား

ဒိုင်ခံ ဖြေရှင်းနေရသည့် ပြဿနာတစ်ခု ပြေလည်သွားသဖြင့် ဦးအေးသောင်း တစ်ယောက် အ နည်းငယ်စိတ်သက်သာသွားသည်။


ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်ရန် ကြန့်ကြာနေသည့် အနည်း ဆုံးအခကြေးငွေနှုန်းထားနှင့်ပတ်သက်၍ ဧပြီလကုန်ပိုင်းကစတင်ကာ စက်ရုံလုပ်ငန်းရှင်အချို့၏ ‘ဘယ်တော့အတည်ပြုမှာလဲ’ ဟူသည့် မေးမြန်းမှု၊ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုများ ကြောင့် ရွှေလင်ဗန်းစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဦးအေး သောင်း ကြားညပ်ခဲ့ရသည်။

ကိုယ်တိုင်လည်း စက်ရုံလုပ်ငန်းရှင်ဖြစ်သဖြင့် အနည်းဆုံးအခ ကြေးငွေနှုန်းထား ထုတ်ပြန်မည့်ရက်ကို စောင့်ဆိုင်းသူများတွင် ဦးအေးသောင်းလည်း အပါအ၀င် ဖြစ်သည်။ ထိုကိစ္စသည်သူဖြေရှင်းနိုင်သည့်ကိစ္စ မဟုတ်သဖြင့် ညှိနှိုင်းပေးရုံသာ စွမ်းဆောင်နိုင်ခဲ့သည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီက ပြည်ထောင်စု အစိုးရ အဖွဲ့၏အတည်ပြုချက်ဖြင့် မေလ ၁၄ ရက်တွင် အနည်းဆုံးလုပ်ခနှုန်း ကျပ် ၄,၈၀၀ ကိုအတည်ပြုကြေညာခဲ့သည်။

‘‘အခုတော့ ပြဿနာတစ်ရပ်တော့ ရှင်းသွားပြီ။ ရှေ့ဆက်ဘာ ဖြစ်မယ် မသိသေးဘူး’’ ဟု ကြေ ညာချက်ထွက်ရှိလာပြီးနောက် ဦး အေးသောင်းက စိတ်ပေါ့ပါးဟန် ဖြင့် ပြောသည်။
သို့သော် အနည်းဆုံးအခ ကြေးငွေနှုန်းထားထုတ်ပြန်ပြီး နောက် ရိုက်ခတ်လာမည့်ပြဿနာများကိုမူ သူကြိုမတွေးထားမိပေ။

ဦးသိန်းစိန်အစိုးရလက်ထက် က အနည်းဆုံးအခကြေးငွေနှုန်း ထားကို တစ်ရက်ကျပ် ၃,၆၀၀ အ ဖြစ် ၂၀၁၅ စက်တင်ဘာ၌ စတင် သတ်မှတ်ခဲ့ပြီး ၂ နှစ်လျှင် တစ် ကြိမ်ပြင်ဆင်သတ်မှတ်နိုင်သည် ဆိုသည့် အနည်းဆုံးအခကြေးငွေ ဥပဒေပြဋ္ဌာန်းချက်အရ ဒီချုပ်အစိုး ရလက်ထက်တွင် နှုန်းထားပြင် ဆင်ရန် အချိန်ကျလာခြင်းဖြစ် သည်။

အစိုးရကအနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အ မျိုးသားကော်မတီကို ၂၀၁၇ ဖေ ဖော်ဝါရီတွင် ဖွဲ့စည်းခဲ့ပြီး နှုန်းထားပြင်ဆင်သတ်မှတ်ရန် လုပ် ငန်းစတင်ခဲ့သည်။

သို့သော် ၂ နှစ်ပြည့်သည့် စက်တင်ဘာတွင် နှုန်းထားသစ် အတည်ပြုနိုင်ခြင်းမရှိဘဲ သတ် မှတ်ကာလထက် ရှစ်လခန့်ကျော် လွန်ပြီးမှသာ ကျပ် ၄,၈၀၀ ကို အ တည်ပြုနိုင်ခဲ့သည်။

ယင်းသို့အတည်ပြုခဲ့သည့် အနည်းဆုံးအခကြေးငွေကျပ် ၄,၈၀၀ သည်အလုပ်ရှင်၊အလုပ်သ မားနှစ်ဖက်စလုံးက လက်ခံထား သည့်နှုန်းထားတော့ မဟုတ်ပေ။

အနည်းဆုံးအခကြေးငွေနှုန်း ထားကို အလုပ်သမားများက တစ် ရက်လုပ်ခကျပ် ၅,၆၀၀ အထိပေး ရန်တောင်းဆိုခဲ့ပြီး အလုပ်ရှင်များ က ကျပ် ၄,၀၀၀ ခန့်သာပေးနိုင် မည်ဟု အဆိုပြုခဲ့သည်။

ယင်းနှုန်းထားနှစ်ခုကို ကြားချကာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီက ကျပ် ၄,၈၀၀ ဟု သတ်မှတ်ခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်ခဲ့သည့် နှုန်း ထားသည် အလုပ်သမားများအ တွက် လုံလောက်သည့်နှုန်းထား မဟုတ်သော်လည်း အတည်ပြု ကြေညာလိုက်ပြီဖြစ်သောကြောင့် ကန့်ကွက်၍လည်းအရာမထင် တော့ပေ။

‘‘ကျပ် ၄,၈၀၀ ဟာအလုပ် သမားတွေအတွက် ဘယ်လိုမှ ဖူလုံနိုင်မှာမဟုတ်ဘူးဆိုတာကို စစ်တမ်းတွေနဲ့တင်ပြခဲ့ပြီးသားပါ။ အလုပ်သမားတွေ တောင်းဆိုတဲ့ နှုန်းထားမရရှိတဲ့အတွက်တော့ စိတ်မကောင်းဘူး’’ ဟု အလုပ် သမားရေးရာဆောင်ရွက်နေသည့် အနာဂတ်အလင်းတန်းများဆုံ မှတ်အဖွဲ့ ဒါရိုက်တာဒေါ်သက် သက်အောင်ကပြောသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်သမား များစိုးရိမ်နေသည့်အချက်သည် တိုးမြှင့်လိုက်သည့်အနည်းဆုံး လုပ်ခ၏အကျိုးရလဒ်ကို ခံစားခွင့် မရမည်ကိုဖြစ်သည်။

‘‘အရင် ၃,၆၀၀ သတ်မှတ် တုန်းကလည်း သတ်မှတ်နှုန်းအ တိုင်းမရကြတာတွေရှိတော့ ဒီ တစ်ကြိမ်လည်း အဲဒီလိုဖြစ်လာမှာ မလိုလားဘူး။ ပြီးတော့အခြေခံ အလုပ်သမားအပြင် ရာထူးအဆင့် လိုက်လုပ်ခတွေကိုလည်း လိုက် ပြီးတိုးပေးဖို့မျှော်လင့်တယ်’’ ဟု ရွှေပြည်သာစက်မှုဇုန်ရှိ အထည် ချုပ်စက်ရုံမှ ကိုမျိုးအောင်က ပြော သည်။

အလုပ်သမားများ၏ အခြေခံ အနည်းဆုံးလုပ်ခသည် ယခင်က ထက်တစ်ရက်လျှင် ကျပ် ၁,၂၀၀ တိုးလာခြင်းဖြစ်သော်လည်း အ ခြေခံစားသောက်ကုန်ဈေးနှုန်းများ ၂ နှစ်ကျော်အတွင်းတိုးမြှင့်လာ မှုနှင့်ယှဉ်ပါက မပြောပလောက်ဟု အလုပ်သမားခေါင်းဆောင်အချို့ ကလည်း မှတ်ချက်ပြုသည်။ အ ခြေခံစားသောက်ကုန်ဈေးနှုန်းများ သည် ၂၀၁၅ ကထက် ၂၀ ရာခိုင် နှုန်းကျော် တိုးမြှင့်လာသည်ဟု ၎င်းတို့က ယခုနှစ်ဆန်းပိုင်းက ကောက်ယူခဲ့သည့် စစ်တမ်းများကို အခြေခံ၍ပြောသည်။

ထို့ကြောင့် ကုန်ဈေးနှုန်းထိန်း ပေးဖို့တောင်းဆိုလိုကြောင်း လှိုင် သာယာစက်မှုဇုန်မှ အထည်ချုပ် အလုပ်သမားမဖြူဖြူက ၎င်း၏ ဆန္ဒကိုပြောသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် အစိုးရ ကအတည်ပြုလိုက်ပြီဆိုတော့ အ လုပ်သမားတွေဘက်ကလည်း လက်ခံရတော့မှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ ၅,၆၀၀ ကျပ်ပြည့် အောင်ဘယ်လိုနည်းနဲ့ရယူမလဲ ဆိုတာ ပြန်တွက်ချက်ဖို့လိုလာ တယ်’’ ဟု မြန်မာနိုင်ငံစက်မှုလက် မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေး မှူးချုပ် ကိုသက်နှင်းအောင်က ပြောသည်။

အလုပ်သမားများမျှော်လင့် သည့်လုပ်ခနှုန်းထားရရှိစေရန် အ လုပ်ရှင်များဘက်က စွမ်းဆောင် ရည်အခကြေးငွေများ၊ ကျွမ်းကျင် ကြေးများဖြင့် ဖြည့်ပေးပါက အ ဆင်ပြေနိုင်သည်ဟု ၎င်းကမျှော် လင့်ထားသည်။

သို့သော် အလုပ်ရှင်အချို့ သည် အနည်းဆုံးလုပ်ခလစာတိုး ပေးရခြင်းကြောင့် ငွေကြေးကုန် ကျမှုပြန်ကာမိစေရေး ယခင်က ပေးထားသည့်အပိုဆုကြေးများကို ဖြတ်တောက်ရန် ပြင်ဆင်နေသ ဖြင့် ကိုသက်နှင်းအောင်မျှော်လင့် ထားသကဲ့သို့ ဖြစ်ရန် လွယ်ကူမည် မဟုတ်ပေ။

အဆိုပါ အပိုဆုငွေများကို မဖြစ်မနေပေးရမည်ဟု ဥပဒေက ပြဋ္ဌာန်းထားခြင်း မရှိ၍ အလုပ်သ မားများ လုပ်ခလစာတစ်ခုတည်း ကိုသာ အဓိကမျှော်လင့်ရမည့် အခြေအနေ ဖြစ်လာစေသည်ဟု အလုပ်သမားအရေး စောင့်ကြည့် လေ့လာသူ ဦးအောင်လင်းက မှတ်ချက်ပြုသည်။

စက်ရုံလုပ်ငန်းအချို့အနေ ဖြင့် ၂၀၁၅ တွင် အနည်းဆုံးအခ ကြေးငွေကျပ် ၃,၆၀၀ သတ်မှတ် စဉ်ကလည်း အလုပ်သမားများကို မူလကပေးခဲ့သည့် အပိုဆုကြေး များ ရပ်ဆိုင်းခြင်း၊ အလုပ်သမား အင်အားလျှော့ချခြင်းများ ပြုလုပ် ခဲ့သည့် အစဉ်အလာရှိခဲ့သည်။

‘‘၄,၈၀၀ ကျပ် သတ်မှတ် တော့လည်း ကျွန်တော်စိုးရိမ်တာ က အလုပ်သမားတွေရဲ့ အပိုဆု ကြေး (တိုင်) တွေဖြုတ်တာ၊ အ လုပ်သမားအင်အား လျှော့တာ တွေပဲ။ အခုလည်းဖြစ်လာနိုင်တဲ့ ကိစ္စတွေ’’ ဟု ဦးအောင်လင်းက ပြောသည်။

ထိုသို့ပြုလုပ်ခြင်းသည် အလုပ်ရှင်များက ဥပဒေဘောင်အတွင်းက ဆောင်ရွက်ခြင်းဖြစ်၍ အ ပြစ်တင်ရန် ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

‘‘သူကလည်း သူတွက်ခြေကိုက်အောင် လုပ်တော့မှာလေ။ ဥပဒေမှာ အဲဒီလိုမလုပ်ရဘူးလို့ မတားမြစ်ထားတာ’’ ဟု ဦးအောင် လင်းက ပြောသည်။

အနည်းဆုံးအခကြေးငွေ အတည်ပြုကြေညာသည့် အမိန့်စာ၌ အလုပ်သမားများ မူလရရှိခဲ့သည့် အခွင့်အရေးများကို အလုပ်ရှင်များက ရပ်ဆိုင်းခြင်းမပြုလုပ်ရန် ဟူသည့်အချက် ထည့်သွင်းရန် တောင်းဆိုခဲ့သော်လည်း လက် တွေ့တွင် ဖြစ်မလာခဲ့ဟု အနည်း ဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးနော်အောင်က ဆိုသည်။

‘‘ပြဿနာတွေ လျော့နည်း အောင်လို့ ကျွန်တော်ကြိုပြီး တောင်းဆိုခဲ့တာပါ။ အဲဒီအချက် ပါမလာတဲ့အတွက် နောက်ပိုင်း ပြဿနာတွေ ရှုပ်ထွေးလာနိုင်စရာ ရှိတယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်သမားများ အဓိကရင်ဆိုင် ရမည့် အခြားပြဿနာတစ်ရပ်သည် အချိန်ပိုခေါ်ယူမှု လျှော့ချ လာနိုင်သည့်ကိစ္စဖြစ်သည်။

အလုပ်သမားများအနေဖြင့် အနည်းဆုံးအခကြေးငွေ လစာ နှုန်းထားနည်းပါးနေချိန်တွင် မိ သားစုစားဝတ်နေရေး ဖူလုံရေး အချိန်ပိုလုပ်ခကိုသာ အားထား လာရသောကြောင့် ဖြစ်သည်။

လက်ရှိသတ်မှတ်သည့် တစ် ရက်လုပ်ခ ကျပ် ၄,၈၀၀ ကြောင့် အခြေခံ အလုပ်သမားတစ်ဦး၏ လစာသည် ကျပ် တစ်သိန်းခွဲခန့် (၁၄၄,၀၀၀) ရှိမည်ဖြစ်ပြီး ပုံမှန် အချိန်ပို ၅၂ နာရီလုပ်ရမည် ဆိုပါ က ကျပ်ခြောက်သောင်းကျော် (၆၂,၄၀၀ ခန့်) အပိုရရှိမည် ဖြစ် သည်။

အဆိုပါ အချိန်ပိုကြေးနှင့် လစာငွေပေါင်းပါက အခြေခံ အ လုပ်သမားတစ်ဦး၏ တစ်လဝင် ငွေသည် ကျပ်နှစ်သိန်းကျော်အထိ ရရှိမည်ဖြစ်ပြီးယခင် ကျပ် ၃,၆၀၀ သတ်မှတ်စဉ်ကထက် ကျပ် ၅၀,၀၀၀ ကျော်ပို၍ ရရှိလာမည် ဖြစ်သည်။

သို့သော် အနည်းဆုံးအခ ကြေးငွေ နှုန်းထားတိုးမြင့်လာခြင်းကြောင့် အချိန်ပိုခေါ်ယူစေခိုင်းခြင်း ကို လျှော့ခဲ့မည်ဆိုပါက အ လုပ်သမားများသည် အချိန်ပို ကြေး ကျပ် ၆၂,၄၀၀ နစ်နာနိုင် ကြောင်း စောင့်ကြည့်လေ့လာသူ များက ဆိုသည်။

‘‘တချို့အလုပ်ရှင်တွေက အချိန်ပိုခေါ်ယူမှု မလုပ်တော့ဘဲနဲ့ ကုန်ထုတ်လုပ်မှုတိုးအောင် ညှစ် ယူတာမျိုးတွေ ရှိလာနိုင်တယ်။ အ ထည်ဘယ်လောက်ထိ ပြီးအောင် လုပ်ရမယ်။ သတ်မှတ်အရေအ တွက်ပြည့်ပြီးရင် အပိုထွက်လာတဲ့ အပေါ် စွမ်းဆောင်ရည်ကြေးပေး မယ်ဆိုတာမျိုးတွေ လုပ်လာနိုင် တယ်’’ ဟု ဦးအောင်လင်းက ပြောသည်။

လက်ရှိစက်ရုံလုပ်ငန်းခွင်အချို့၌ အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပြီးနောက် အချိန်ပိုခေါ်ယူမှု လျှော့ချရန် ပြင်ဆင်နေမှုများ တွေ့မြင်လာရသဖြင့် ဝင်ငွေ လျော့နည်းမည်ကို စိုးရိမ်နေရ ကြောင်း လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ်အလုပ်သမား မသီ တာအောင်က ပြောသည်။

‘‘စက်ရုံမှာလည်း အချိန်ပို လျှော့မယ်ဆိုပြီး ကြားနေရတယ်။ အဲဒီလိုတွေသာဖြစ်လာရင် အလုပ်သမားတွေအတွက်က အနည်းဆုံးအခကြေးငွေ တိုးတယ် သာပြောတယ်။ ဘာမှထူးလာမှာ မဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။

ထို့အပြင် အနည်းဆုံးအခ ကြေးငွေ သတ်မှတ်မှုတွင် အလုပ် ရှင်များအတွက် အားသာစေသည့် အချက်များရှိနေသည့်အပေါ် အ လုပ်သမားများက ကန့်ကွက် သည်။

အထူးသဖြင့် အလုပ်သင် အလုပ်သမားများ၊ အစမ်းခန့်အ လုပ်သမားများသည် အနည်းဆုံး အခကြေးငွေ နှုန်းထားအတိုင်း ခံစားခွင့် မရရှိသည့်အချက် ဖြစ် ကြောင်း ၎င်းတို့ကဆိုသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သင် အ လုပ်သမားများသည် အနည်းဆုံး အခကြေးငွေနှုန်းထား၏ ၅၀ ရာ ခိုင်နှုန်း၊ အစမ်းခန့်အလုပ်သမား များသည် ၇၅ ရာခိုင်နှုန်းသာသုံး လစီ ခံစားခွင့်ရရှိမည့်အချက် ကြောင့် ဖြစ်သည်။

ယင်းသတ်မှတ်ချက်ကို အနည်းဆုံး အခကြေးငွေကျပ် ၃,၆၀၀ မသတ်မှတ်မီကတည်းက အငြင်းပွားနေပြီး ယခုအထိ ထို အချက် ပယ်ဖျက်နိုင်ခြင်း မရှိ သေးပေ။
ထိုသို့အနည်းဆုံး အခကြေး ငွေ သတ်မှတ်မှုကြောင့် အလုပ်သ မားများဘက်က စိုးရိမ်သည့် နည်းတူ အခြားတစ်ဖက်၌ အလုပ် ရှင်အချို့က ညည်းတွားနေသည်။

‘‘အလုပ်ရှင်တွေဘက်က အားသာတယ်လို့ ဘယ်လိုမြင်လဲ မပြောတတ်ဘူး။ သေချာတာက တော့ ကျွန်တော်တို့ လုပ်ငန်းရှင် တွေက စိန်ခေါ်မှုတွေနဲ့ပိုပြီး ရင် ဆိုင်ရဖို့ရှိနေတယ်’’ ဟု အထည် ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

အနည်းဆုံးအခကြေးငွေနှုန်း ထားအသစ်ကြောင့် အလုပ်ရှင် များအပေါ် အားသာစေမည့်အ ခွင့်အလမ်းများ ရှိမနေဘဲလက်ရှိ ထက်ပို၍ ရုန်းကန်ရမည့် အခြေ အနေရှိနေကြောင်း အထည်ချုပ် လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘လုပ်အားခ တစ်ခုတည်း တင်မဟုတ်ဘူး။ နိုင်ငံတကာနဲ့ ယှဉ်ပြီးအော်ဒါရရှိဖို့၊ ကုန်ထုတ် စွမ်းအားမြှင့်ဖို့တွေကအစ ကျွန် တော်တို့ အရင်ကထက် ပိုကြိုးစား ရတော့မှာ’’ ဟု အထည်ချုပ် လုပ် ငန်းရှင်ဦးသန်းနိုင်က ပြောသည်။

သို့သော်အလုပ်သမားများ စိုးရိမ်နေသည့် အပိုဆုကြေးငွေ လျှော့ချခြင်း၊ အချိန်ပိုခေါ်ယူမှု လျှော့ချရန် ရှိ၊ မရှိ အလုပ်ရှင်အ ချို့က အတည်ပြုပြောကြားခြင်း မရှိပေ။

အားသာချက်၊ အားနည်း ချက်တွေကတော့ ကိုယ်စီရှိမှာပဲ လေ။ ဒီအခက်အခဲတွေကိုအလုပ် ရှင်၊ အလုပ်သမားတွေနှစ်ဖက် ပေါင်းစပ် ဖြေရှင်းရင်တော့ ပြဿနာမရှိနိုင်ပါဘူး။ ကျွန် တော်တို့ကတော့အလုပ်ရှင်၊ အ လုပ်သမားမိသားစုလို သဘော ထားပြီးစုစုစည်းစည်း လုပ်ဆောင် ကြဖို့ပဲ တိုက်တွန်းချင်တယ်’’ ဟု စီးပွားရေးပညာရှင်ဦးသိန်းအောင် ကအကြံပြုသည်။

အနည်းဆုံးအခကြေးငွေနှုန်း ထားသတ်မှတ်ပြီးနောက်ဖြစ်ပေါ် လာနိုင်သည့် ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင် ရွက်ရန်ဌာနအနေဖြင့် ကြိုတင်ပြင် ဆင်ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘ဌာနအနေနဲ့ကအလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးအဆင် ပြေဖို့အတွက် ရည်ရွယ်တယ်။ ဘယ်သူသာစေ၊နာစေဆိုတာမရှိ ပါဘူး’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင်အနည်းဆုံးအခ ကြေးငွေနှုန်းထားအသစ် သတ် မှတ်ပြီးဖြစ်၍ ၂ နှစ်တာကာလကို ယင်းနှုန်းထားဖြင့်သာ ဆက်သွားရ မည်ဖြစ်သည်။

အလုပ်ရှင်၊ အလုပ်သမားအ များစုအနေဖြင့် ၂နှစ်တာဖြတ်သန်း ရမည့်ကာလအတွင်းကြုံတွေ့လာ ရမည့်စိန်ခေါ်မှုများအတွက်စိုးရိမ် စိတ်များကိုယ်စီရှိနေသည်။

ဦးအေးသောင်းအနေဖြင့် အနည်းဆုံးအခကြေးငွေနှုန်းထား ကြေညာချက်ကြောင့် ပြဿနာ အချို့ပြေလည်ခဲ့၍ စိတ်သက်သာ ရသော်လည်း ထိုကြေညာချက် ကြောင့်ပင် စိတ်ရှုပ်စရာအခြေအ နေကြုံလာခဲ့ပြန်သည်။

ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာတွင် ‘ပြည်ထောင်စုအစိုးရ အဖွဲ့၏အတည်ပြုချက်ဖြင့် ယနေ့ ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ် လိုက်သည်’ ဆိုသည့်ဖော်ပြချက် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

‘‘အလုပ်သမားတွေက ဘာ လို့လအစကသတ်မှတ်မပေးတာ လဲမေးတယ်။ အလုပ်ရှင်တွေက​ဘယ်လိုပေးရမှာလဲမေးတယ်။ ဒီ လကုန်လို့လစာထုတ်ရင်ဘာ အ သံတွေထွက်လာဦးမလဲမသိဘူး’’ ဟု ဦးအေးသောင်းကညည်းတွား သည်။

မိုးမင်း 7daydaily.com

link 4800

Read 982 times
Rate this item
(0 votes)