What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်အခက် သီရိလင်္ကာအချက်

ဒေါနယ် ထရန့်ပ် စတင်လိုက်တဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ အမေရိကန်သို့ တရုတ်မှ တင်သွင်းတဲ့ ကုန်စည်များအပေါ် အကောက်ခွန် တိုးကောက်လိုက်တယ်

။ အဲဒီတော့ တရုတ်နိုင်ငံမှာ လုပ်ကိုင်နေရတာက လုပ်သားခ မြင့်လို့ ညည်းနေရတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ကြရတယ်။ အခု ထရန့်ပ်ရဲ့ အခွန်ကိစ္စကြောင့် အပြောင်းအရွှေ့တွေ ထပ်မံပေါ်ပေါက်စေခဲ့တယ်။ 

ထရန့်ပ်က လောလောဆယ်မှာ ကန်ဒေါ်လာ ၅၀ ဘီလျံဖိုး ရှိတဲ့ ကုန်စည်တွေအပေါ် အကောက်ခွန် တိုးကောက်တာမှာ အထည်အလိပ်နဲ့ အ၀တ်အစားတွေ မပါဝင်ဘူး။ ဒါပေမဲ့ ကန်ဒေါ်လာ ၁၀၀ ဘီလျံဖိုးရှိတဲ့ ကုန်စည်တွေအထိ တိုးမြှင့်ကောက်ခံဖို့ သူက ညွှန်ကြားထားတာမို့ တချိန်ချိန်မှာ ချုပ်ထည်တွေလည်း စာရင်းဝင်သွားနိုင်တယ်။ အဲဒီလို စိုးရိမ်မကင်း ဖြစ်တာကြောင့် ထုတ်လုပ်တဲ့နေရာကို ရွှေ့ပြောင်းကြတာ ဖြစ်တယ်။ တရုတ်ပြည်မှ ထုတ်လုပ်သူများနဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေဟာ အမေရိကန်ဈေးကွက်အတွက် ထုတ်လုပ်မှုကို နေရာသစ်ရွှေ့တာမှာ သီရိလင်္ကာနိုင်ငံကိုလည်း ရောက်လာကြတယ်လို့ Sri Lanka Apparel Exporters Association ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လောလောဆယ် တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ အ၀တ်အစားတွေထဲမှ အချို့အ၀က်ကို သီရိလင်္ကာနိုင်ငံမှာ လာချုပ်ဖို့ ဆန်းစစ်နေကြတယ်။
“ကျနော်တို့မှာ တရုတ်လို ကြီးမားတဲ့ စီးပွားရေး အရွယ်အစား မရှိသေးဘူး။ ဒီတော့ တရုတ်က လက်ခံရရှိထားတဲ့ အမှာစာတွေ အကုန်လုံးကို ချုပ်ပေးဖို့ မဖြစ်နိုင်ဘူး။ ပုံမှန်အားဖြင့် ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျနော်တို့ဆီမှာ ချုပ်ပေးနိုင်မယ်။ လုပ်သားခ သက်သာတဲ့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကိုလည်း သွားကြတယ်’’ လို့ ၎င်းအသင်း ဥက္ကဋ္ဌ ဖာနန်ဒိုက ပြောပြတယ်။
လက်ရှိအနေအထားမှာ အမေရိကသို့ တင်သွင်းလျက်ရှိတဲ့ အ၀တ်အစားတွေရဲ့ သုံးပုံ တစ်ပုံလောက်ကို တရုတ်နိုင်ငံမှ တင်သွင်းပါတယ်။ သီရိလင်္ကာမှ တင်သွင်းတာက ၂.၄ ရာခိုင်နှုန်း ရှိပါတယ်။
သီရိလင်္ကာမှာ လုပ်သားခက ထင်သလောက် မသက်သာဘူး။ ဒါပေမဲ့ အရည်အသွေးပိုင်းမှာ ၀ယ်လက်တွေ ကြိုက်ကြတယ်လို့ သူက ရှင်းပြပါတယ်။
အခုမှ စတင်ခြေချကြတာမို့ သီရိလင်္ကာမှ အမေရိကသို့ တင်ပို့တဲ့ အ၀တ်အစားပမာဏဟာ လာမယ့် လေးငါးလ ကြာပြီးမှ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မယ်လို့ ဥက္ကဋ္ဌက ခန့်မှန်းပါတယ်။

တကယ်တမ်း အမှာစာတွေ ပြုံကျလာခဲ့ရင် သီရိလင်္ကာ အထည်ချုပ်ကဏ္ဍမှာ လုပ်သား မလုံလောက်တဲ့ ပြဿနာကို ကြုံရဖွယ်ရှိတယ်လို့ သူက သုံးသပ်ပါတယ်။ အစိုးရမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလဆန်းပိုင်းမှာ ထုတ်ပြန်တဲ့စာရင်းမှာ အလုပ်နေရာလစ်လပ်မှု ငါးသိန်းဝန်းကျင် ရှိနေတယ်။ အပ်ချုပ်စက်လုပ်ကိုင်သူ နေရာ ၇၇,၀၀၀ ခု လစ်လပ်နေတယ်။

အမေရိကသို့ အ၀တ်အစား တင်ပို့မှုကို သီရိလင်္ကာဘက်မှ ကြည့်ရင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတို့မှာ ကန်ဒေါ်လာ ၃၆၄ သန်းဖိုး ရှိခဲ့တယ်။ သီရိလင်္ကာမှ တင်ပို့တဲ့ အ၀တ်အစား စုစုပေါင်းတန်ဖိုးရဲ့ ၄၅ ရာခိုင်နှုန်း ရှိပါတယ်။ တစ်နှစ်ထက် တစ်နှစ် တိုးတာ year-on-year (YoY) အရကြည့်ရင် ၁.၁ ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ရတယ်။ အခြေအနေ ဆုတ်ယုတ်နေတဲ့သဘော ရှိပေမဲ့ ယခု ကုန်သွယ်စစ်ပွဲကြောင့် ဦးပြန်မော့လာနိုင်ဖွယ် ရှိနေပါတယ်။
အီးယူက ၂၀၁၇ ခုနှစ် မေလမှာ သီရိလင်္ကာကို အကောက်ခွန်မဲ့ GSP Plus အခွင့်အရေး ပေးခဲ့ပါတယ်။ သီရိလင်္ကာမှ တင်ပို့တဲ့ အ၀တ်အစား စုစုပေါင်းတန်ဖိုးရဲ့ ၄၂ ရာခိုင်နှုန်းကို အီးယူသို့ တင်ပို့နေပြီး YoY က ၈.၀၆ ရာခိုင်နှုန်းဖြင့် ကြီးထွားပါတယ်။

Read 1037 times
Rate this item
(0 votes)