What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်ပြည်ရဲ့ အထည်ချုပ်ကဏ္ဍ Going Global သရုပ်သကန် အချက် (၇)ချက်

တရုတ်ပြည်ရဲ့ “Going Global” ကြိုးပမ်းအားထုတ်မှုမှာ ပါဝင်တဲ့ အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းကဏ္ဍဟာ ၂၀၁၆ ခုနှစ်မှာ

ပြည်ပသို့ စီးထွက်တဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏ ကန်ဒေါ်လာ ၂.၆၆ ဘီလျံ အထိ သမိုင်းတွင်အောင် မြင့်မားခဲ့ပါတယ်။ အဲဒါဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်ထက် ၈၉.၃% ပိုများခဲ့တာ ဖြစ်ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ခဲ့တာမှာ အခြား လုပ်ငန်းကဏ္ဍများနည်းတူ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍဟာလည်း လူမှုရေးနဲ့ ပတ်ဝန်းကျင်တို့ ထိခိုက်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဂရုမူခြင်းကို ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။ တရုတ်လုပ်ငန်းတွေနဲ့ ဒေသခံလုပ်ငန်းတွေ၊ လုပ်သားတွေအကြား ထိပ်တိုက်တိုးတာတွေအကြောင်း အပျက်သဘောဆောင်တဲ့ အစီရင်ခံစာတွေလည်း အခါအားလျော်စွာ ထွက်ပေါ်ခဲ့တယ်။ ဘာဖြစ်လို့ အခုလို ဖြစ်ရတာလဲဆိုတော့ တရုတ်လုပ်ငန်းတွေမှာ ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ကိုင်မှုရဲ့ အတွေ့အကြုံတွေက အနည်းအကျဉ်းသာ ရှိထားတာမို့ အိမ်ရှင် ဒေသခံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ စီးပွားရှာဝန်းကျင်တို့အပေါ် နားလည်သဘောပေါက်ခြင်း မရှိကြဘူး။ တစ်ခါတလေမှာ ဆုံးရှုံးနစ်နာမယ့်အရေး စီမံခန့်ခွဲမှုကို လျစ်လျူပြုထားကြတယ်။ ဒီတော့ တရုတ် အထည်အလိပ်လုပ်ငန်းတွေ အထည်ချုပ်လုပ်ငန်းတွေဟာ ကော်ပိုရိတ် လူမှုရေးတာဝန်(corporate social responsibility- CSR)ကို မလုပ်မဖြစ် စူးစိုက်ဖို့ လိုအပ်လျက် ရှိပြီး သူတို့ ပင်လယ်ရပ်ခြား ချဲ့ထွင်ခြင်းနဲ့အတူ ဆုံးရှုံးနစ်နာမယ့်အရေးတွေကို စီမံဆောင်ရွက်ပေးဖို့လည်း လိုအပ်နေတယ်လို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ပင်လယ်ရပ်ခြား အထည်အလိပ်နဲ့ အ၀တ်အစား လုပ်ငန်းများမှာ CSR အခြေအနေ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီ စစ်တမ်းရဲ့ အမည်အပြည့်အစုံက A Survey Report on the Status Quo and Risk of Corporate Social Responsibility in Chinese-Invested Overseas Textile and Apparel Enterprises ဖြစ်ပါတယ်။ အဲဒီစစ်တမ်းကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ဆောင်ရွက်ခဲ့ပါတယ်။


၁။ အဲဒီ နိုင်ငံနှစ်ခုမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံမှ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုများကို ကြည့်ရင် လုပ်ငန်းအားလုံးနီးပါးတို့ဟာ
အထည်ချုပ် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ကိုင်ကြတာ တွေ့ရတယ်။ အဲဒီလို ဖြစ်ရတာ ဘာကြောင့်လဲဆိုတော့ အထည်အလိပ် ထုတ်လုပ်မှုကဏ္ဍမှာ အစမှ အဆုံးအထိ ပြည့်ပြည့်စုံစုံ လုပ်ကိုင်နိုင်ကြခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ အထည်အလိပ်ကို အစမှအဆုံးအထိ လုပ်ကိုင်မယ်ဆိုရင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အလုံအလောက်ရဖို့ဆိုတာ ပြည်ပမှ တင်သွင်းမှပဲ ရနိုင်မယ်။ အဲဒီအချက်က အထည်အလိပ်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးမှု တိုးတက်မရအောင် ချုပ်ထားတယ်။ နောက်တစ်ချက်က အထည်အလိပ်စက်ရုံတစ်ခု ထူထောင်မယ်ဆိုရင် ကုန်ကျစရိတ်ကြီးမားတယ်။ စက်ရုံကို လည်ပတ်ရတဲ့စရိတ်ကလည်း ကြီးမားတယ်။ အဲဒါကြောင့် ရှိပြီးသား အထည်အလိပ်စက်ရုံအချို့ လုပ်ငန်းရပ်ထားရတယ်။
နောက်ထပ်တစ်ချက်က နည်းပညာပိုင်း လွှဲပြောင်းပေးဖို့ နှေးကွေးတဲ့သဘာဝ ရှိနေလို့ နောက်ဆုံးမျိုးစက် အထည်စက်တွေနဲ့ လုပ်ကိုင်ခွင့်ကို ရရှိမှာ မဟုတ်လို့ ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျနေမှာ သေချာတယ်။ ဒီတော့ ဆူလွယ်နပ်လွယ်တဲ့ အထည်ချုပ်လုပ်ငန်းကိုပဲ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အထည်အလိပ်တွေကို တရုတ်ပြည်မနဲ့ ထိုင်ဝမ်တို့မှာသာ ထုတ်လုပ်ကြတယ်။


၂။ အဲဒီနှစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အထည်ချုပ်ကုမ္ပဏီတွေမှာ အားလုံးနီးပါးတို့ဟာ အရွယ်အစား ကြီးမားကြတယ်။ ပုံမှန်အားဖြင့် လုပ်သားဦးရေ ၁,၀၀၀ မှ ၂,၅၀၀ အထိ ရှိကြတယ်။ ကုမ္ပဏီတွေမှာ ထက်ဝက်ကျော်ဟာ အရင်းအနှီး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရှိကြတယ်။
ကုမ္ပဏီတွေဟာ ပုဂ္ဂလိကပိုင်နဲ့ ဖက်စပ်ပိုင်တွေ ဖြစ်ကြပြီး တရုတ်နိုင်ငံမှာ အမည်ပေါက် စာရင်းဝင်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ငွေကြေးအင်အား တောင့်တင်းကြတယ်။


၃။ စက်ရုံတွေမှာ လုပ်သားအများစုဟာ နိုင်ငံသားတွေ ဖြစ်ကြပြီး ၉၅% ကျော် ရှိပါတယ်။ မန်နေဂျာအဆင့်၊ နည်းပညာရှင်တို့ကိုသာ တရုတ်နိုင်ငံသားများ လုပ်ကိုင်ကြတာ များတယ်။
ကုမ္ပဏီတွေဟာ going global ကြိုးပမ်းမှုမှာ ပါဝင်ပြီး ရောက်လာကြတာဖြစ်လို့ ပင်လယ်ရပ်ခြား လုပ်ကိုင်မှု အတွေ့အကြုံ သက်တမ်း နုကြပါတယ်။ များသောအားဖြင့် ၃ နှစ်သက်တမ်းသာ ရှိပါသေးတယ်။ အဲဒါကြောင့် ဒေသခံနိုင်ငံသား မန်နေဂျာတွေကို သုံးစွဲပေးနိုင်မှု မမြင့်မားတာ ဖြစ်ပါတယ်။
၎။ တရုတ်ကုမ္ပဏီတွေရဲ့ အထည်ချုပ်စက်ရုံတွေမှ ချုပ်ထည်တွေကို အဓိကအားဖြင့် ဥရောပနဲ့ အမေရိကန် ဈေးကွက်များသို့ တင်ပို့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အဲဒီဈေးကွက်တွေမှာ သွင်းကုန်အခွန်ကောက်ခံမှု သက်ညှာမှုကို ရရှိထားလို့ အဲဒီ နှစ်နိုင်ငံမှာ လာရောက်ထုတ်လုပ်ပြီး အခွန်သက်ညှာမှုကို ရယူကြတာ ဖြစ်ပါတယ်။ ထူးထူးခြားခြားလို့ ဆိုရမှာက စစ်တမ်းကောက်ယူတဲ့ စက်ရုံတွေထဲမှာ စက်ရုံတစ်ခုက ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက်တွေကိုသာ အဓိက တင်ပို့ပါတယ်။ အခုလို မြန်မာနိုင်ငံမှ လာရောက်ပြီး စက်ရုံထူထောင်ရတာဟာ အဲဒီ ၀ယ်လက်တွေရဲ့ ပန်ကြားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

၅။ တရုတ်အထည်ချုပ်ကုမ္ပဏီတွေ အမြတ်ရရှိမှုကို ကြည့်ရင် လုပ်ငန်း ၇ ခုမှာ ၂ ခုက ၁၀ မှ ၁၅% အထိ အမြတ်ရရှိတယ်။ ၂ ခုက ၄ မှ ၉% အထိ အမြတ်ပေါ်တယ်။ လုပ်ငန်းတစ်ခုက ၁ မှ ၃% အထိ ရှိတယ်။ လုပ်ငန်း ၂ ခုကတော့ အရှုံးပေါ်နေတယ်။ အဲဒီ ၂ ခုမှာ ၁ ခုက ၂၀၁၆ ခုနှစ်ကမှ စတင်လုပ်ကိုင်ခဲ့တာဖြစ်လို့ လောလောဆယ်မှာ အမြတ်ရဖို့ ခဲယဉ်းနေဦးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အမြတ်ရမယ့်ကာလ အပိုင်းအခြားကို မရောက်ရှိသေးဘူး။

၆။ ကုမ္ပဏီတွေဟာ “Going Global” မဟာဗျူဟာကို ကျင့်သုံးကြတာမှာ တောင့်တောင့်တင်းတင်း ဖြစ်အောင်လုပ်ဖို့ လိုနေဆဲဖြစ်တယ်။ အခု နှစ်နိုင်ငံကို ရွေးချယ်ကြရတာဟာ လုပ်သားခ သက်သာခြင်း၊ အခွန်သက်ညှာတဲ့မက်လုံး ရရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အဲဒီနှစ်ချက်ဟာ ၀ယ်လက်တွေက ထုတ်လုပ်မှုစရိတ် သက်သာတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်ဖို့ ရွေးချယ်ကြတဲ့အခါ အခြေခံပြုတဲ့ အဓိကအချက်နှစ်ချက် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆိုရရင် တရုတ်ကုမ္ပဏီတွေဟာ ငါးပွက်ရာ ငါးစာချတဲ့သဘော ဖြစ်ပြီး ရေရှည်မဟာဗျူဟာ မရှိကြသလို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်သွားဖို့လည်း မရှိကြဘူး။

၇။ ကုမ္ပဏီတွေဟာ ဒေသခံ အခြေအနေနဲ့ သက်မွေးပညာမှာ ထူးချွန်သူုတွေကို မသိကြသေးဘူး။ ဒီတော့ ဒေသခံတွေထဲမှ ထူးချွန်သူတွေ တော်သူတွေကို ရယူနိုင်ခြင်း မရှိကြဘူး။ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နားမလည်ကြဘူး။ ဒီတော့ ပင်လယ်ရပ်ခြားမှာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်နေစေတယ်။

မင်းသိန်းကျော်

Read 6340 times
Rate this item
(0 votes)