What's new

×

Warning

JUser: :_load: Unable to load user with ID: 845


H&M က fair living wage ပေးဖို့ ကတိပြု

H&M က ၎င်းရဲ့ အ၀တ်အစားတွေကို ချုပ်လုပ်တဲ့အလုပ်သမားတွေ စားဝတ်နေရေးနှင့် ဆေး တို့အတွက် ကာမိတဲ့ လုပ်ခလစာ

ဖြစ်ဖို့ သင့်တင့်မျှတတဲ့ “fair living wage” ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရရှိစေရမယ်လို့ ကတိပေးပြောကြားလိုက်တယ်။

အဲဒီကတိက၀တ်မှာ H&M ရဲ့ အ၀တ်အစားတွေ ထုတ်လုပ်မှုမှာ ပါဝင်လုပ်ကိုင်နေတဲ့ စက်ရုံ ၇၅၀ မှာ လုပ်ကိုင်နေတဲ့ လုပ်သားဦးရေ ၈ သိန်းခွဲ အကျုံးဝင်တယ်လို့ သိရပါတယ်။

သတင်းကောင်းတစ်ခု ဖြစ်ပေမဲ့ အငြင်းပွားစရာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုကြတယ်။ စားဝတ်နေရေးနှင့် ဆေး တို့အတွက် ကာမိတဲ့ လုပ်ခလစာဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူနိုင်ဘူး။ နိုင်ငံတစ်ခုတည်းမှာတောင် တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။
အဲဒါအပြင် brands တွေက အ၀တ်အစားတွေကို အရေအတွက် သန်းနဲ့ချီပြီး ထုတ်လုပ်ဖြန့်ဖြူးနေကြတာ ဖြစ်ပေမဲ့ စက်ရုံတွေကို သူတို့ မပိုင်ဘူး။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ အလုပ်သမားတွေ ဆန္ဒပြပြီး ပြဿနာတက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ H&M ရဲ့ အ၀တ်အစားတွေကို တာဝန်ယူထုတ်လုပ်ပေးနေတာ တရုတ်ကုမ္ပဏီ Hangzhou Hundred-Tex Garment (Myanmar) Company က ပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပါတယ်။
အခုလို စက်ရုံမပိုင်တာမို့ အလုပ်သမားတွေ လက်ထဲ ဘယ်ရွေ့ဘယ်မှ လုပ်ခလစာထည့်ဖို့ ဆုံးဖြတ်ဆောင်ရွက်သူဟာ စက်ရုံပိုင်ဆိုင်တဲ့ ကုမ္ပဏီသာ ဖြစ်တယ်။ အဲဒီ ကုမ္ပဏီကပဲ အလုပ်သမားတွေရဲ့ လက်ထဲကို လုပ်ခလစာ ထည့်ပေးတာ ဖြစ်ပါတယ်။

H&M ဟာ ကမ္ဘာ့အကြီးဆုံး အ၀တ်အစား ကုမ္ပဏီများ စာရင်း ထိပ်ဆုံးမှာ ရှိနေတဲ့ Zara ကို ပိုင်ဆိုင်တဲ့ Inditex ပြီးရင် ဒုတိယနေရာမှာ ရှိပါတယ်။ ဒုတိယအကြီးဆုံး အ၀တ်အစားကုမ္ပဏီ H&M က သူ့မှာလည်း တာဝန်ရှိလို့ တာဝန်မျှယူလိုက်တာ ဖြစ်ပါတယ်။ အထည်ချုပ်စက်ရုံတွေမှာ ပေးတဲ့ လုပ်ခလစာက နည်းတယ်။ အလုပ်ချိန်က တအားများတယ်။ လုပ်ငန်းခွင်နဲ့ စက်ရုံပြင်ပ ပတ်ဝန်းကျင်တို့က စိတ်မချရဘူး။ အလုပ်ခွင်မှ ဆူပူကြိမ်းမောင်းတယ်။ နှုတ်သာမက ကိုယ်ထိလက်ရောက် စော်ကားတာတွေ ရှိနေတယ် စသဖြင့် ပြောဆိုကြတာတွေမှာ လစာနည်းတယ်ဆိုတဲ့ အချက်ကို တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ယူလိုက်တာ ဖြစ်ပါတယ်။

အခုလို fair living wage ကို ပေးမယ်ဆိုရင် အထည်ချုပ်လုပ်သားအင်အားစုအကြားမှာ H&M ရဲ့ အ၀တ်အစားတွေကို ထုတ်လုပ်သူတွေက ပိုမြင့်မားတဲ့လစာကို ရရှိနေကြမှာ သေချာတယ်။ ဖြစ်နိုင်ပါ့မလား။ H&M ရဲ့ ကတိဟာ ယေဘုယျဆန်လွန်းတယ်။ ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဝေဖန်သံတွေ ရှိနေတာကို H&M ရဲ့ တာဝန်ရှိပုဂ္ဂိုလ်က တုံ့ပြန်တာမှာ H&M ဟာ မိမိရဲ့ ပန်းတိုင်ကို ကြည်လင်ပြတ်သားတယ်။ H&M ကို ပေးသွင်းသူတွေဟာ သူတို့ရဲ့ အလုပ်သမားတွေကို fair living wage ပေးတာ သေချာအောင် အခြေခံအုတ်မြစ်တွေ ချမယ်။ လုပ်ထုံးလုပ်နည်းတွေလည်း ချမှတ်မယ်။ ပထမဆုံးမှတ်တိုင်ကို ၂၀၁၈ ခုနှစ်ထဲမှာ စိုက်ထူနိုင်မယ်လို့ ဆိုပါတယ်။

နေထိုင်စရိတ် လုပ်ခလစာ living wage နဲ့ အစိုးရမှ ပြဋ္ဌာန်းတဲ့ အနည်းဆုံး လုပ်ခလစာ minimum wage တို့မှာ iving wage က ပိုများဖို့ပဲ ရှိပါလိမ့်မယ်။

အထည်ချုပ်ကဏ္ဍမှ ပြည်ပပို့ကုန် တစ်နှစ်စာ ကန်ဒေါ်လာ ၅ ဘီလျံကျော် တင်ပို့တဲ့ သီရိလင်္ကာမှာ အခြေခံလစာက ကန်ဒေါ်လာ ၁၉၇ ဖြစ်ပြီး မိသားစု စားဝတ်နေရေး စရိတ်က ကန်ဒေါ်လာ ၄၁၈ ရှိပါတယ်။ အိန္ဒိယမှာ ပျမ်းမျှအားဖြင့် တစ်လကို ၉၂ ကန်ဒေါ်လာ ရရှိပြီး လောက်လောက်ငင ဖြစ်ဖို့က ကန်ဒေါ်လာ ၁၉၀ လိုအပ်ပါတယ်။ လောက်လောက်ငင မဖြစ်တဲ့အခါ သားသမီးကို ကျောင်းထားရမလား၊ အိမ်ရဲ့ မီးဖိုချောင်စရိတ်ကို ဦးစားပေးရမလားဆိုတဲ့ ပြဿနာ ရှိနေပြီး အငတ်ခံဖို့ မဖြစ်နိုင်တာကြောင့် သားသမီး ကျောင်းထွက်ကြရတာတွေ ရှိနေတတ်ပါတယ်။

လုပ်ခလစာ တိုးပေးရင် လုပ်သားစရိတ်မြင့်တက်မယ်။ အဲဒီအခါမှာ လုပ်သားစရိတ် သက်သာတဲ့နိုင်ငံဆီကို အထည်ချုပ်လုပ်ကိုင်မှုတွေ ပြောင်းရွှေ့လုပ်ကိုင်ကြမယ့်အရေး ရှိနေတာကြောင့် လစာတိုးမပေးဝံကြတာတွေလည်း ရှိတယ်။ နာမည်ကြီး brand တွေထံမှာ အမှာစာပမာဏ အမြောက်အမြားကို လက်လွှတ်ရမယ့်အရေး ရှိနေစေမယ်။

စက်ရုံပိုင်ရှင်တစ်ဦးက ဂျင်းတစ်ထည်ကို ၂ ဒေါ်လာနဲ့ ချုပ်ပေးဖို့ သဘောတူထားရင် နောက်တစ်ဦးက ၂ဒေါ်လာခွဲ တောင်းဖို့ မဖြစ်နိုင်တော့ဘူး။ တောင်းရင် သူ အမှာစာ မရလို့ စီးပွားပျက်ရလိမ့်။ အဲဒါက အ၀တ်အစားကဏ္ဍရဲ့ အခြေအဆင့်မှာ ဈေးနှုန်းအရ ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ brands တွေ အကြားမှာလည်း အပြင်းအတန် ပြိုင်ဆိုင်နေကြရတယ်။
အဲဒီလို အပေါ်မှာရော အောက်မှာရော ပြိုင်ဆိုင်နေကြလို့ လုပ်သားတွေကို လစာတိုးပေးတာကို ဖြစ်နိုင်သရွေ့ အချိန်ရွှေ့ဆိုင်းခြင်း၊ အနည်းဆုံး တိုးပေးခြင်းတွေ လုပ်ဆောင်ကြတာတွေ ရှိနေတယ်။

အထည်ချုပ်လုပ်သားတွေ သူတို့ရတဲ့ လုပ်ခလစာနဲ့ နေထိုင်လို့ရတဲ့အဖြစ်ကို မြင်ချင်တာ H&M ရဲ့ အမြဲတမ်း မြော်မြင်မှု ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားတယ်။ လစာတိုးပေးသွားတဲ့ အစီအစဉ်တွေ ပေါ်ပေါက်လာဖို့အတွက် အပြောင်းအလဲကို စတင်ဖော်ဆောင်မှာ ဖြစ်ပါတယ်။

Read 1087 times
Rate this item
(0 votes)