What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွှေလွန်းသံပိုးထည်တိုက်နဲ့ ရွှေချည်လွှာ Cotton Houseဖွင့်လှစ်ထားတဲ့ အေးဝတ်ရည်သောင်း

ရွှေလွန်းသံပိုးထည်တိုက်နဲ့ ရွှေချည်လွှာ Cotton Houseဖွင့်လှစ်ထားတဲ့ အေးဝတ်ရည်သောင်း facebook

သရုပ်ဆောင်လဲကောင်းသလို သူမချုပ်ဝတ်တဲ့ မြန်မာဝတ်စုံလေးတွေကြောင့် ပရိသတ်သဘောကျနေတဲ့  အေးဝတ်ရည်သောင်းဟာ ရွှေလွန်းသံပိုးထည်တိုက်နဲ့ ရွှေချည်လွှာ Cotton Houseကိုဖွင့်လှစ်ထားပါတယ်။ 

သူမကိုစီးပွါးရေးလုပ်ငန်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့ .........

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း

လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကတော့ အထည်လုပ်ငန်းပါ။ ရွှေလွန်းသံပိုးထည်တိုက်နဲ့ ရွှေချည်လွှာ Cotton House ပါ။လုပ်ငန်းအကြောင်းမပြောခင် စီးပွားရေးကို စပြီး လေ့လာခဲ့တဲ့အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ မိဘတွေက စီးပွားရေးလုပ်ကိုင်ခဲ့တဲ့ သူတွေ မဟုတ်တော့ စီးပွားရေးနဲ့ ပတ်သက်တာ ဘာမှ မသိခဲ့ပါဘူး။ ကိုယ်ကိုတိုင်ကလည်း အသက် ၁၂ နှစ်ကတည်းက အနုပညာနဲ့ပဲ အသက်မွေးခဲ့ ရတော့ ဘာမှနားမလည်ခဲ့ဘူး။ လုပ်ငန်းရှင်တွေ တွေ့ရင် အရမ်းအားကျခဲ့ရပေမဲ့ ဘယ်လိုလုပ်ရ မယ်ဆိုတာ ဘာမှကိုမသိခဲ့ဘူး။ သံဈေးအပေါ်ထပ် မှာ Business နဲ့ ပတ်သက်တဲ့ သင်တန်းရှိတယ်ဆိုလို့ သွားစုံစမ်းခဲ့တယ်။ ဒါပေမယ့် သူက English လို ဖြေရမှာဆိုတော့ ဘာသာစကား အခက်အခဲစ တွေ့တာပဲ။ အဲဒီသင်တန်းမတက်ခင် British Council မှာ English 4 skills ကို (၂)နှစ်တက်ခဲ့ပါ တယ်။

18920679 10207301500774253 2119075826016109818 n

တက္ကသိုလ်တက်တော့လည်း Chemistry  ယူခဲ့တာလေ။ Eco မဟုတ်တော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာက တကယ့်ကို Challenge တစ်ခုပါပဲ။ British Council မှာ General English ကို Level 6 ထိ တက်ပြီးမှ MHR မှာ Business Management နဲ့ Travel Tourism & Hospitility Management (Double Diploma)နဲ့ စတက်ခဲ့ တယ်။ ပထမ ၃ လလောက်က ဘာမှကိုနားမလည် ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေက ကူညီကြလို့ ပထမ Diploma I ကို အဆင်ပြေပြေ ဖြေဆိုနိုင်ခဲ့တယ်။ ပြီးတော့ နောက် ၆ လ Diploma II, နောက် ၆ လ Advanced Diploma အထိ အောင်မြင်ခဲ့ပါတယ်။ ကြားထဲမှာ လည်း စင်ကာပူက MDIS မှာ Coping with Internal & External Customers short course ကိုလည်း သွားတက်ခဲ့ပါတယ်။ ဘာသာရပ်ထူးချွန် ဆုတွေလည်း ရခဲ့ပါတယ်။ အဲလိုနဲ့ Advanced Diploma in Business Management A.B.E (UK) ဒီပလိုမာကို ရခဲ့ပါတယ်။

17855312 10206892474988864 2423905195284468233 o

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ
စိတ်ကူးရခဲ့တာကတော့ ခရီးတွေထွက်ရင် ရိုးရာထည်တွေတွေ့တော့ ကိုယ်ကိုတိုင်လည်း ကြိုက်နှစ်သက်ပြီး ဝတ်ဆင်ခဲ့ပါတယ်။ ချင်းမိုင်က ရိုးရာထည်လေးတွေ၊ တောင်မြို့က ရိုးရာထည် လေးတွေက ကျွန်မအကြိုက်ဆုံးပါပဲ။ ဒါနဲ့ပဲ ဒီလို မြန်မာ့ရိုးရာအထည်ဖြစ်တဲ့ ပိုးထည်နဲ့ ရိုးရာချည်ထည်လေးတွေရှိတဲ့ ဆိုင်ဖွင့်ဖို့ စိတ်ကူးခဲ့ရတာပေါ့။ ဝါသနာနဲ့လည်း ကိုက်ညီတာပေါ့နော်။

21314609 10207913063222932 3242464162838520849 n

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
တနိုင်တပိုင်နဲ့ စတင်ခဲ့တာပါပဲ။ အကြီးကြီးလည်း မလုပ်နိုင်သေးတော့ အိမ်နားမှာရှိတဲ့ မြေကွက်မှာပဲ ၂ လအတွင်း ဆိုင်ခန်းကိုအပြီးဆောက် ခဲ့ပါတယ်။ ငှားခတွေက ဈေးလဲမြင့်တော့ ကြာရှည်မလုပ်နိုင်မှာစိုးတာရယ်၊ အမြတ်အများကြီး မယူ ချင်တာရယ်ကြောင့် အိမ်နဲ့လဲနီးတာတကြောင်း ကိုယ်ပိုင်ခြံလေးမှာပဲ ဖွင့်ဖြစ်ခဲ့ပါတယ်။ အထည် တွေကတော့ အဆင်တူတယ်လို့ ပထမထင်ရပေ မယ့် တကယ် Quality ကောင်းပြီး အဆင်လှတာလေးတွေကို သေချာရွေးဝယ်ခဲ့ရပါတယ်။ ကျွန်မဆိုင်က တစ်ထည်ချင်းစီတိုင်းက ကိုယ်တိုင်ရွေးခဲ့တာတွေချည်းပါပဲ။ အထည်တွေကို မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ တောင်မြို့၊ တောင်ကြီး၊ အင်းလေးဘက်တွေထိ ကိုယ်တိုင်ပဲသွားဝယ်ခဲ့တာပါ။ ကြိုးစားမှုကိုတော့ ဒီထဲမှာပဲ လုံးဝစိတ်နှစ်ပြီး လုပ်ကိုင်ခဲ့တာ ပါ။ ၃လအတွင်းမှာ ဆိုင်နာမည်၊ ဆိုင်းဘုတ်၊ အိတ်၊ အပြင်အဆင်တွေကို အပြီးသတ်လုပ်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

18222487 10207060232662701 8315998128190560014 n

ကြုံတွေ့ရသော အခက်အခဲများ၊ အားသာချက် နှင့် အားနည်းချက်
ပထမဆုံးစီးပွားရေးလောကထဲကို စဝင်တဲ့ အတွေ့အကြုံကတော့ မထင်မှတ်ထားတာတွေ အများကြီးပေါ့။ လူပေါင်းစုံနဲ့ စပြီး ဆက်ဆံရတယ်။ ကြီးတဲ့သူတွေဆီက အတွေ့အကြုံတွေရတယ်။ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူတွေက သင်ပေးတယ်၊ ပြပေးတယ်။ တချို့က ငယ်ပေမယ့် ကိုယ့်ထက်တော်နေတာမျိုးတွေလည်း တွေ့ရတယ်။ အမျိုးမျိုးပေါ့။ ကောင်းတာတွေရော ဆိုးတာတွေရော အများကြီးပါပဲ။ အဲ့ အထဲကမှ ကောင်းတာတွေကို သင်ယူမှတ်သားပြီး မကောင်းတာတွေကို သင်ခန်းစာယူခဲ့ပါတယ်။ ကြီးကြီးငယ်ငယ် ကိုယ့်ထက်သိတဲ့ သူတွေအားလုံးဆီက ကောင်းတာလေးတွေကို သင်ခန်းစာယူခဲ့ပါတယ်။ ကျွန်မအတွက် အခက်အခဲဆုံးအပိုင်းကတော့ ဝန်ထမ်းပါပဲ။ ဝန်ထမ်းထိန်း သိမ်းမှုစည်းကမ်းရှိမှုတွေ အလုပ်ကိုချစ်ဖို့၊ ကိုယ့် လုပ်ငန်းလို သဘောထားဖို့ဆိုတာတွေက အထဲမှာ သင်ခဲ့ရတာထက် အပြင်မှာပိုခက်ခဲမှုရှိပါတယ်။အားနည်းချက် အားသာချက်ကတော့ ဒွန်တွဲနေပါတယ်။ အနုပညာရှင်ဖြစ်ဖို့ ဒီအသိုင်းအဝိုင်းထဲက သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီအများကြီးရခဲ့ပါတယ်။ နောက်တော့ အဝတ်အစားဝါသနာပါတဲ့ သူဆိုတော့ ဝါသနာနဲ့ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ကိုက်ညီနေတာကလည်း အားသာချက်တစ်ခုလို့ ထင်ပါတယ်။

13325505 10204899137676677 7668727409570078201 n

မြန်မာပြည်က လုပ်ငန်းရှင်အများစု ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဝန်ထမ်းပြဿနာပါပဲ။ အချိန်လေးစားတဲ့၊ တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ ဝန်ထမ်းရှာရတာ အလွန်ခက်ပါတယ်။ ကျွန်မအတွက်ကတော့ ဝန်ထမ်းရှာရတာ အဓိက အားနည်းချက်ပါပဲ။

ရှေ့ဆက်မည့် အစီအစဉ်များ
အခုလုပ်နေတဲ့ အထည်လုပ်ငန်းနဲ့ ပတ်သက်တာတွေပဲ ထပ်မံတိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါတယ်။

13728940 10205231089455264 4201713940788585678 n

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ကိုယ့်ရဲ့စီနီယာတွေဆီက သင်ယူလေ့လာစေချင်ပါတယ်။ အလွယ်လမ်းမလိုက်ဖို့နဲ့ အမြဲတစိုက်မတ်မတ် ကြံစည်ကြိုးစားဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့ Market နဲ့ Customer ကို နားလည်အောင်လုပ်ဖို့လည်း အဓိကကျပါတယ်။ ကျွန်မသိတဲ့ တွေ့ကြုံခဲ့တဲ့ အပိုင်းအစများကို Sharing လုပ်ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရွှေလွန်းသံပိုးချည်တိုက်
အမှတ် (၃၃၆)၊ ဂန့်ဂေါ်ရိပ်သာလမ်း၊ (၁၆) ရပ် ကွက်၊ အပိုင်း (၃)၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။ 
ဖုန်း - ဝ၉ ၂၅၄ဝဝ၅၅၅၆

ရွှေချည်လွှာ Cotton House
အမှတ် (၉၉)၊ လှည်းတန်းလမ်းမ၊ (၈)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း ဝ ဝ၉ ၉၇၅၈ဝ၈ဝ၈၇

source:people magazine

Read 3579 times
Rate this item
(0 votes)