မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၅ မြို့နယ်မှ ဝါစိုက်တောင်သူများအား ချည်မျှင်ရှည်ဝါ မျိုးစေ့ပိဿာ ၅,၀၀၀ ခန့်ကို ၂၀၁၉ ခုနှစ်အစတွင် အခမဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
၎င်း ဝါမျိုးစေ့ရယူလိုသည့် တောင်သူများအနေဖြင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။
" မကွေးတိုင်းအတွင်းက ဝါစိုက်ပျိုးရေး တောင်သူတွေ အဆင်ပြေစေဖို့အတွက် အခုလို စီစဉ်ရခြင်း ဖြစ်ပါတယ် " ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယခင်အချိန်များက ဝါစိုက်ပျိုးမှု နည်းပါးသော်လည်း၊ ယခုအခါတွင် ဝါစိုက်ပျိုး လာကြသည့်တွက် ဝါမျိုးစေ့များနှင့် နည်းပညာများ ဖြန့်ဖြူးရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်တလောတွင် မကွေးတိုင်းဒေသကြီး၌ ဝါစိုက်ဧက ၁၈၇,၄၁၉ ဧကရှိနေသော်လည်း၊ ၂၀၁၉ ခုနှစ်အတွင်း ၌ မိုးကြို၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးရာသီများတွင် ဧက(၃)သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
" ဝါ ပြန်စိုက်ရတာက ပဲစင်းငုံဈေးက အရမ်းနည်းသွားကြလို့ ဖြစ်တယ်။ အရင်ကဆိုရင် ပဲစင်းငုံက ဈေးကွက်ရှိ တယ်။ အခုပဲစင်းငုံ ဈေးကွက်က ပျောက်နေတယ်။ ဒါကြောင့် တောင်သူတွေ ဝါ ပြန်စိုက်ကြရတာ " ဟု ချောက်မြို့နယ်၊ မန်ကျီးကန်ကျေးရွာမှတောင်သူ ဦးကြည်ဝင်းက ပြောသည်။
Source: ရှယ်မြေ