What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မီးပူအောက်ခြေမှာ မီးအားပြင်းလို့ ကပ်ကျန်တာတွေကို ဖယ်ရှားနိုင်မည့် နည်းလမ်း(၄)ခု

မီးပူတိုက်တဲ့အခါ မီးကျွမ်းသွားလို့ မီးပူရဲ့အောက်ခြေသံပြားမှာ အစွန်းအထင်းတွေ ဖြစ်သွားတာကို လူတိုင်းကြုံဖူးကြမှာပါ။ ဒီအစွန်းအထင်းတွေမပျောက်မချင်း အင်္ကျီတွေမှာကပ်ပြီး အရာထင်နိုင်တာကြောင့် အဝတ်အစားတွေ ပျက်စီးရတတ်ပါတယ်။

မီးပူမကပ်အောင် အစတည်းက မီးပူတိုက်တဲ့အခါ မီးပူရဲ့ အပူအအေး ချိန်ညှိမှုကို အထူးသတိပြုပါ။ အပူလွန်ကဲစွာအသုံးပြုခြင်းက အဝတ်အစားကို ပျက်စီးဖို့ ပိုမိုလွယ်ကူစေပါတယ်။ အထည်ကို ပြောင်းပြန်လှန်တိုက်တာကလည်း အဝတ်အစားပျက်စီးမှု မဖြစ်အောင် တားဆီးပေးပါတယ်။

တကယ်လို့ မီးအရှိန်ပြင်းသွားလို့ မီးပူအောက်ခြေသံပြားမှာ ကပ်ကျန်ခဲ့သည်ရှိသော် ထိုအရာတွေကို ဖယ်ရှားနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေး(၄)ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

baking soda

မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ စေးပျစ်အောင် ဖျော်ပေးရမှာ ဖြစ်ပါတယ်။ အင်္ကျီစတွေ ကပ်ကျန်ခဲ့တဲ့ မီးပူအောက်ခြေမှာ ပြုလုပ်ထားတဲ့ အရောအနှောကို နူးညံတဲ့ brush လေးနဲ့ ယူပြီး ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ မုန့်ဖုတ်ဆိုဒါတွေကို ဖယ်ရှားပေးဖို့ ရေစိုဝတ်လေးကို သုံးပေးရမှာပါ။ သတိထားရမှာက မီးပူကို အသုံးမပြုခင်မှာ သေချာခြောက်အောင် သုတ်ပေးဖို့ကို မမေ့ပါနဲ့။ ဒီနည်းလမ်းလေးက မီးပူမှာ ကပ်ကျန်နေတဲ့ အရာတွေကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်ပါတယ်။

(၂) ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ

V

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို အရည်ရအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ အရည်ရဖို့အတွက်ဆို ရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါထက် များများထည့်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဝတ်စတစ်ခုကို အဲဒီ့ဖျော်ထားတဲ့ အရည်ထဲမှာ နှစ်လိုက်ပါ။ ပြီးသွားရင်တော့ ထိုအဝတ်စကို မီးပူနဲ့ မီးပူတိုက်သလို တိုက်ပေးရမှာ ဖြစ်ပါတယ်။ မီးပလပ်ထိုးထားစရာမလိုပါ။

(၃) သွားတိုက်ဆေး

th

သွားတိုက်ဆေးဆိုတာ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းသုံး အစွန်းချွတ်ဆေးတစ်ခု ဖြစ်ပါတယ်။ အင်္ကျီတွေမှာ စွန်းပေသွားတဲ့ အစွန်းအထင်းတွေကို သွားတိုက်ဆေးလူး တစ်ညထားပြီး ပြန်လျှော်လိုက်ရင် အစွန်းတွေဖယ်ရှားနိုင်သလို မီးပူမှာ ကပ်နေတဲ့အရာတွေကို သွားတိုက်ဆေးနဲ့ လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ သွားတိုက်ဆေးအနည်းငယ်ကို ရေအနည်းငယ်စိုနေတဲ့ အဝတ်စနဲ့ ယူပြီး မီးပူအောက်ခြေမှာ ပွတ်တိုက်ခြင်းက မီးပူရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) ဆား

salt

ဒီနည်းလမ်းလေး ပြုလုပ်ဖို့အတွက်ဆို မီးပူကို မီးဖွင့်ထားဖို့ လိုအပ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်ကို ဆားတော်တော်များများ လောင်းချလိုက်ပြီး အပေါ်ကနေ မီးပူနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ်ရေ အနည်းငယ်လောက် ပွတ်တိုက်ပြီးရင်တော့ မီးပူကို ပလပ်ဖြုတ်ပြီး အအေးခံထားလိုက်ပါ။ အေးသွားတဲ့အခါမှာ မီးပူမှာ ကပ်ကျန်ခဲ့တဲ့ ဆားတွေကို ခြောက်သွေ့တဲ့ အဝတ်စနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပြီး မီးပူမှာ ကပ်ကျန်နေတဲ့ ဂျီးတွေပြောင်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Sorce - iMyanmarhouse

Read 572 times
Rate this item
(0 votes)