What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိုက်တန်ရဲ့လားဆိုတဲ့ ဘောင်ကို ရင်ဆိုင်တဲ့ ဖက်ရှင် brand များ

ထိပ်တန်း ဖက်ရှင်တိုက် brand များ ဖြစ်ကြတဲ့ Louis Vuitton, Chanel, Hermès တို့က ရောင်းဈေးတွေ တင်လိုက်ကြတယ်။ Victoria Beckham က ဈေးချလိုက်တယ်။


brand အားကိုးဖြင့် ရောင်းဈေးသတ်မှတ်တာတွေ ဗရုတ်သုက္ခ ဖြစ်ကုန်တယ်။
ကမ္ဘာ့ကပ်ဘေးနဲ့ ပြောင်းလဲသွားတဲ့ ဘဝနေထိုင်ပုံတွေနဲ့ အညီ ဖက်ရှင်brand တွေ ရောင်းဈေး ပြောင်းကုန်တာနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးက အခုလို ပြောပြတယ်။
“ဈေးတက်လိုက်တာက တန်ဖိုးထားခြင်း သဘောထားအမြင်ကို အတည်ပြုပေးလိုက်တယ်။ ဒီနေ့ ဝယ်မှ ဖြစ်မယ်ဆိုတဲ့ ဖိအား တိုးသွားတယ်။ မနက်ဖြန်ကျ ဈေးက ထပ်တက်ဦးမှာ” တဲ့။

ဘောလုံးသမား အကျော်အမော် Beckham နဲ့ လက်မထပ်ခင်က Spice တေးဂီတဝိုင်းတစ်ခုမှာ ပါဝင်ခဲ့လို့ Posh Spice လို့ အခေါ်ခံရတဲ့ Victoria Beckham က ဖက်ရှင်ဒီဇိုင်းသမားတစ်ဦးဖြစ်ပြီး ဖက်ရှင်တိုက်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တိုက်က ဖက်ရှင်ထည်အချို့ကို ဈေးချရောင်းတော့မယ်လို့ ကြေညာခဲ့တယ်။
တစ်ဖန်မွေးဖွားခြင်းနဲ့အတူ သူမရဲ့ အမည်ကို သုံးထားတဲ့ brand ရဲ့ အနာဂတ် စိတ်ချသေချာစေဖို့ အခွင့်အလမ်းတို့အတွက် ပျမ်းမျှအားဖြင့် ဈေးနှုန်းတွေကို ၄၀ % ဝန်းကျင် လျှော့ချမယ်လို့ ဆိုပါတယ်။

ဗြိတိသျှ နိုင်ငံဂုဏ်ဆောင် brand ဖြစ်တဲ့ Mulberry ကလည်း ဈေးချမယ်။ ၎င်းရဲ့ အချို့သော အိတ်တွေကို အာရှဈေးကွက်ထဲမှာ ဈေးလျှော့ပေးမှာ ဖြစ်တယ်လို့ ကြေညာတယ်။
ချမ်းသာစည်းစိမ်ပြ ဖက်ရှင်ထည်တွေ ထုတ်လုပ်တဲ့ Louis Vuitton နဲ့ Chanel တို့ကတော့ ဈေးတက်တယ်။
Chanel က ဇူလိုင်လမှာ လက်ကိုင်အိတ်ကို ၁၅ % ဈေးတက်လိုက်တယ်။

ချမ်းသာစည်းစိမ်ပြ brand တွေက အမြင့်ဈေးနှုန်းတွေကို ဘယ်လို တည်ဆောက်ထားကြသလဲ။
ရှားပါးတယ်။
အထူးသီးသန့် ဖြစ်တယ်။
ငွေကြေးတတ်နိုင်ပေါလျှံနေတဲ့သူတွေမှ ဝယ်သုံးနိုင်တယ်။

အဲဒီ သုံးချက်နဲ့အညီ ဈေးက အတက်ဈေးပဲ ရှိတယ်။ ဘယ်တော့မှ ဦးစိုက်မဆင်းဘူး။
Hermès ရဲ့ Birkin အိတ်တွေက လိုချင်စရာ ဆက်ဖြစ်နေတယ်။ အိတ်တစ်လုံး ဝယ်ခွင့်ရဖို့ဆိုတာ ခဲယဉ်းနေဆဲ ဖြစ်တဲ့အချက်က ဆွဲဆောင်မှု ဖြစ်နေတယ်။

ဒါပေမဲ့ Beckham က ဈေးလျှော့လိုက်တယ်။ သူက ဦးတည်ချက် ပြောင်းလဲမှာ ဖြစ်လို့ brand က ထင်ဟပ်ပေးထားတဲ့ ရောင်းဈေးတွေကိုလည်း လိုက်လျောညီထွေအောင် ဈေးချလိုက်တယ်။
လူတွေ ဝတ်စားဆင်ယင်ပုံက ဝတ်ရ လွယ်တာလေးတွေ ရွေးဝတ်လာကြတယ်။ စိတ်သက်သောင့်သက်သာ ဖြစ်နေဖို့ ပိုအလေးထားလာကြတယ်။ ဒေါက်မြင့်ဖိနပ် စီးမယ့်အစား ကွင်းထိုးဖိနပ် လှတပတကို စီးရတာ လူသက်သာတယ်။ အလုပ်အကိုင်တွေ၊ ဝင်ငွေတွေကလည်း လျော့ကျသွားတော့ ဖက်ရှင်ဝတ်ဆင်ဖို့ ဝယ်တဲ့အခါ ဈေးနှုန်းကို ထည့်စဉ်းစားလာကြတယ်။ ဝယ်ဝတ်မယ့်သူတွေ ချထားတဲ့ ဘောင်ထဲ ဝင်မယ့် အဝတ်အစားမျိုးတွေကို ထုတ်လုပ်ပြီး သူတို့ ဘောင်ထဲ ဝင်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် လမ်းစဉ်ကို Beckham က သူမရဲ့ brand အတွက် ရွေးချယ်လိုက်တယ်။


ချမ်းသာ စည်းစိမ်ပြ ပစ္စည်းတွေကို ဝယ်ယူတဲ့ သူတွေက ရှားပါးခြင်း၊ အထူးသီးသန့် ဖြစ်ခြင်း၊ ငွေကြေးတတ်နိုင်သူမှ သုံးနိုင်ခြင်း ဆိုတဲ့အချက်တွေအပြင် သူ့အတွက် ဘာအဓိပ္ပာယ် ရှိမလဲ။ ဘယ်လို အသုံးဝင်မလဲ ဆိုတာတွေ ထည့်တွေးလာတယ်။

ဘာအဓိပ္ပာယ် ရှိမှာလဲဆိုတာက ကိုဗစ်ကြောင့် သွားတာလာတာတွေ ချုပ်ချယ်ကန့်သတ်ထားတယ်။ ညစာစားပွဲလို ပွဲတွေ တခမ်းတနား ကျင်းပလို့ မရဘူး။ အခမ်းအနားတွေ အွန်လိုင်းမှာ ကျင်းပနေကြတယ်။
ပွဲတက်ရင် ဝတ်စားဆင်ယင် သုံးစွဲရမယ့်ဟာတွေ အိမ်မှာပဲ သိမ်ထားရတယ်။ ထပ်ဝယ်ရင် ဘာအဓိပ္ပာယ် ရှိမှာလဲ။
နောက်ထပ် အဓိပ္ပာယ်တစ်မျိုးက တာရှည်ခံတဲ့ စည်းစိမ်းပြပစ္စည်းမျိုးတွေကို ပိုစိတ်ဝင်စားစေတယ်။ လက်ဝတ်လက်စား နာမည်ကြီး brand တွေရဲ့ လက်ရာအကောင်းစားတွေ ချမ်းသာ စည်းစိမ်ပြ ပစ္စည်းအဖြစ် ဝယ်ထားရင် ရင်းနှီးမြှုပ်နှံထားတဲ့သဘောလည်း သက်ရောက်တယ်။ အချိန်ကြာတာနဲ့အမျှ ဈေးက ပိုကောင်းလာတယ်။ ရှေးဟောင်းတန်ဖိုးကိုပါ ရရှိလာတယ်။ နောက်ထပ် ၁၀ နှစ်ကြာပြီးချိန်မှာ တန်ဖိုး တက်မှာလားဆိုတာကို ချင့်ချိန်ကြတယ်။

Hermès, Chanel, Louis Vuitton နဲ့ Bottega Veneta တို့ကျတော့ ဝယ်လိုအားထက် ထုတ်လုပ်ပေးနေတာက လျော့နည်းနေတော့ ဈေးထိန်းလို့ ရတဲ့အပြင် မူသုံးချက်အရ ဈေးထပ်တင်တယ်။
“ချမ်းသာခြင်း သင်္ကေတကို ဆောင်တဲ့ brand ကို လက်ထဲ ရှိနေတာ အားရကျေနပ် ဖြစ်မိစေတယ်။ လူ့အသိုင်းအဝိုင်းက ကိုယ်သုံးတဲ့ brand ကို ကြည့်ပြီး ကိုယ့်ကို နေရာပေးတယ်။ အသိအမှတ်ပြုတယ်။ ပြီးတော့ အဲဒီ brand တွေက အရည်အသွေး၊ အထူးသီးသန့်ဖြစ်ခြင်းတို့အတွက် စိတ်ချရတဲ့အပြင် ထုတ်ကုန်နဲ့အတူ တွဲပြီး ပေးတဲ့ ဝန်ဆောင်မှုတွေက စိတ်ကျေနပ်စရာ အလွန်ကောင်းတယ်။ ဒီတော့ ဝယ်ရတာ တန်တယ်လို့ ဝယ်ယူသူက တွက်ဆတယ်။ ပေးဖို့ အဆင်သင့်ပဲ” လို့ အာရှ-ပစိဖိတ်ဆိုင်ရာ အကြီးတန်း မဟာဗျူဟာပညာရှင် Athena Chen က သုံးသပ်ပြတယ်။
“ဈေးကွက်က ပြန်နာလန်ထလာတယ်။ ကပ်ရောဂါနဲ့ ဘယ်လို နေကြရမလဲ သိသွားကြပြီ။ တရုတ်နဲ့ ကိုရီးယားမှာ ကပ်ရောဂါအတွင်း မသုံးဖြစ် မဝယ်ဖြစ်တာတွေကို အခု ဝယ်ကြတယ်။ သူတို့ ဝယ်မယ်လို့ ဆုံးဖြတ်အောင် တွန်းပို့တဲ့အနေဖြင့် ဈေးတက်တယ်။ ထပ်တက်ဦးမယ်ဆိုတော့ မတက်ခင် ဝယ်လိုက်ကြတယ်။ ဝယ်လိုအားကလည်း တက်လာနေတော့ ဈေးတက်တာ သဘာဝကျတယ်” လို့ ဖြည့်စွက်ပြောကြားတယ်။
“အဲဒီလို ဖက်ရှင်တိုက်ကြီးတွေက ဈေးချရင် ဈေးကြီးကြီးပေးရတာကြောင့် ဝယ်ထားတဲ့သူတွေ စိတ်ပျက်ကုန်မယ်။ နောက်ထပ် ဝယ်မယ့်သူတွေ လက်ရှောင်ကုန်မယ်။ ဝယ်နေကျတွေကလည်း ဝယ်တော့မှာ မဟုတ်ဘူး။ brand ရဲ့ တန်ဖိုးထားပုံအပေါ် အမြင်သဘောထား ထိခိုက်လို့ မဖြစ်ဘူး။ ဝယ်ယူသုံးစွဲသူက သူရထားတဲ့ ချမ်းသာခြင်း သင်္ကေတ ဆုံးရှုံးခံလိုက်ရလိမ့်မယ်”
ထိပ်တန်း brand တွေရဲ့ ပစ္စည်းတွေက အကောင်းအတိုင်း ဖြစ်နေသေးတဲ့ တစ်ပတ်ရစ်တွေ ဝယ်ကြရောင်းကြတဲ့ ဈေးကွက် ရှိနေတယ်။ ဒီတော့ ဈေးချရင် တစ်ပတ်ရစ် ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနဲ့ မတိမ်းမယိမ်းတွေ ဖြစ်ကုန်ရင် သိက္ခာကျပြီ။
နောက်ထပ် ဈေးကွက်တစ်ခုက အတုဈေးကွက်ဖြစ်ပြီး အတုလို့ ပြောမရောင်းဘဲ အစစ်လို့ပြောပြီး ဈေးခွာရောင်းကြတဲ့ဈေးကွက် ဖြစ်ပါတယ်။ အဲဒီဈေးကွက်ထဲမှ ဈေးနှုန်းတွေနဲ့ မတိမ်းမယိမ်း ဖြစ်လို့ မဖြစ်ဘူး။

အရေအတွက် များများစားစား ထုတ်လုပ်ရောင်းချတဲ့ brand လို့ လူတွေ သိထားတဲ့ brand အဖို့တော့ ဈေးချတဲ့ မဟာဗျူဟာကို ရေးဆွဲကြရတယ်။ Hermès, Chanel, Louis Vuitton နဲ့ Bottega Veneta တို့လို ထိပ်တန်း brand တွေလို ဈေးတက်လို့ မရနိုင်ဘူး။

အချူပ်အားဖြင့် ဆိုရရင် ဝယ်ယူသူတွေ ချထားတဲ့ ဘောင်အမျိုးမျိုးထဲမှ ဘယ်ဘောင်အမျိုးအစားထဲ brand ကို ရောင်းမှာလဲဆိုတာအရ ဈေးတက်တာ ဈေးချတာကို ဖက်ရှင် brand တွေ ချိန်ဆပြီး ဈေးတွေ ပြောင်းလဲသတ်မှတ်နေကြပါတယ်။

Read 1123 times
Rate this item
(1 Vote)