ကိုယ် ကြိုက်နှစ်သက်လို့ အသစ်ဝယ်ယူထားသော အဝတ်အစားများကို ချက်ချင်းဆိုသလို ဝတ်ဆင်ပြီး အပြင်ထွက်ချင်ကြတာ လူတိုင်းနီးပါးပါပဲနော်..။ သို့သော်လည်း အဝတ်အထည်ပညာရှင်များ၏ ပြောဆိုချက်များအရ အသားအရေနှင့် ထိတွေ့မည့် အရာမှန်သမျှကို မဝတ်ဆင်ခင် သေချာပေါက် လျှော်ဖွပ်သင့်ပါတယ်။
သိုးမွှေးချည်ထည်များ၊ ဆိုးဆေးအထည်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများသည် အရေပြားနီ၍ ရောင်အန်းနာကျင်မှုကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဝတ်အထည် ထုတ်လုပ်ရောင်းချသူများသည် ဓာတုပစ္စည်းများကို လိုအပ်သည်ထက်ပိုမိုအသုံးပြုတတ်ကြပါတယ်။
အဝတ်အထည်များသည် နိုင်ငံတကာမှ လာသည့်အတွက် အရောင်တင်ခြင်း၊ အပ်ချုပ်ခြင်းပြုလုပ်ကြပုံမှာ အမျိုးမျိုး ကွဲပြားခြားနားလှပါတယ်။ ပါဝင်ပစ္စည်းအချို့ဖြစ်သော Azo-aniline ဆိုးဆေးနှင့် အရောင်မဲ့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့သည် အသားအရေယားယံမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ် ဆေးစင်တာမှ အရေပြားရောဂါဗေဒ ပရော်ဖက်ဆာတစ်ဦး၏ ပြောစကားအရ မိမိ မဝယ်ယူမှီ မည်သူများ အကြိမ်အရေအတွက်ပေါင်း မည်မျှ ဝတ်ကြည့်သွားခဲ့သလဲဆိုတာကို မသိနိုင်သောကြောင့် လျှော်ဖွပ်ပြီးမှ ဝတ်ဆင်ခြင်းသည် ဘက်တီးရီးယားများ၊ သန်းများ၊ မှိုများ ပေါက်ဖွားခြင်းနှင့် မျက်လုံးဖြင့် မြင်မတွေ့နိုင်သည့် ရောဂါပိုးများ အဝတ်မှတဆင့် ကူးစက်ခြင်းတို့မှ ကြိုတင်ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ် ။ ခြေအိတ်များ၊ အတွင်းခံများ၊ အတွင်းရှပ်အင်္ကျီများ၊ အားကစားဝတ်စုံများ၊ တီရှပ်များ၊ ဘောင်းဘီတိုများ၊ နွေရာသီအဝတ်အစားများ၊ ရေကူးဝတ်စုံများမှာ ဝယ်ယူလိုက်ပြီးနောက် အထူးဂရုတစိုက်ဖြင့် မဖြစ်မနေ သေချာလျှော်ဖွပ်ပြီးမှ ဝတ်ဆင်ရမည့် အဝတ်အစားများပဲ ဖြစ်ပါတယ်..။
Myanmar Textile & Garment Guide
source:my style