What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fitting အတွက် Ease အကြောင်း သိကောင်းစရာများ

အ၀တ်အစားက ကျပ်စည်းထားသလို ဖြစ်မနေစေဖို့၊ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေမှာ တုပ်ထားသလို မဖြစ်စေဖို့၊

ပြီးတော့ အရေးပါတဲ့ စီလိုဝက်ဒ် silhouette ကို ပုံဖော်ပေးဖို့ စတဲ့ ရည်ရွယ်ချက်များဖြင့် အ၀တ်အစားကို ချောင်ချောင်ချိချိ သက်သောင့်သက်သာဖြစ်ဖို့ ချောင်ချိခြင်း ease ကို အ၀တ်အစားမှာ ထည့်တွက်ပေးထားကြတယ်။

pattern အတွက် အရေးပါတဲ့ ease


အရေးပါတဲ့ စီလိုဝက်ဒ် silhouette


ကိုယ်ခန္ဓာကို တိုင်းမယ်။ ၀တ်ဆင်တဲ့အခါ ချောင်ချောင်ချိချိဖြစ်ဖို့ ၀တ်ဆင်မှုချောင်ချိရေး wearing ease ကို လိုအပ်တဲ့နေရာတွေမှာ ထပ်တိုးပြီး ထည့်မယ်။ ပြီးတဲ့အခါ ပုံပန်းစတိုင်လ် စီလိုဝက်ဒ်ကို ပုံဖော်ဖို့ ဒီဇိုင်ဆိုင်ရာ ချောင်ချိမှု design ease ကို ထပ်ထည့်တယ်။ အဲဒီတော့မှ ဖက်ရှင်စတိုင်လ် စီလိုဝက်ဒ်ကို ရရှိပါတယ်။

 

ease flow chart min

ပက်တန်ကို တည်ဆောက်တာမှာ ကိုယ်အတိုင်းအပြင် ချောင်ချိမှု ၂ မျိုးကို ထည့်တယ်။ ဒီတော့ ease ဆိုတာ ကိုယ်အတိုင်းနဲ့ ချုပ်ထားတဲ့ အ၀တ်အစားတို့အကြား ကွာဟနေတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ကိုယ်အတိုင်းအရ အတိအကျ ချုပ်ရင် ကျပ်ထုပ်နေမှာ သေချာတယ်။ လှုပ်မရ တုပ်ထားသလို ဖြစ်နေမယ်။
အ၀တ်အစားဆိုတာ လှတပတဖြစ်မှ ၀တ်ဆင်ရတဲ့ မိန်းမသားမှာ စိတ်ချမ်းသာမယ်။ ဆာလာအိတ်မှာ ခေါင်းပေါက် ဖောက်ပြီး ၀တ်ထားသလို ဖြစ်နေရင် အဆင်မလှဘူး။ ကောက်ညှင်းထုပ်လို့ အ၀တ်က ပတ်ထုတ်ထားရင်လည်း ကြည့်မကောင်းဘူး။ ဒီတော့ ဖက်ရှင်ဒီဇိုင်နာက စတိုင်လ် ထုတ်ပေးဖို့ ချဲ့ကားပေးလိုက်တာတွေ ရှိတယ်။ အဲဒါက ဒီဇိုင်းချောင်ချိမှု ဖြစ်ပါတယ်။ အင်္ကျီမှာ ၀တ်ဆင်မှုအတွက် ချောင်ချိမှုက ပိုအရေးပါတယ်။ စကပ်မှာ ဒီဇိုင်းချောင်ချိမှုက အရေးပါတယ်။ ခြေထောက်တွေ လှမ်းလိုက်တိုင်း၊ လှေကားတက်လိုက်တိုင်း တုပ်နှောင်ထားသလို ဖြစ်မနေအောင် ဒီဇိုင်းချောင်ချိမှုဖြင့် ဖန်တီးပေးထားလေ့ရှိပါတယ်။

 

ease 2 kinds min

 

Wearing Ease
***********
Wearing Ease အကြောင်း ပြောပြဦးမယ်။ ၀တ်ဆင်ထားသူ လှုပ်ရှားသမျှတွေ အကုန်လုံးအတွက် အဆင်ပြေအောင် ၀တ်ဆင်သူ ချောင်ချိမှု မပါမဖြစ် ထည့်ကို ထည့်ပေးရမယ်။ ၀တ်ဆင်သူ ချောင်ချိရေးကို ထည့်မပေးရင် အ၀တ်အစားက ကျပ်နေမယ်။ အငယ်မ အ၀တ်အစားတွေ ၀တ်လာတာလားလို့ မေးခံရမယ်။ ၀တ်ဆင်ထားသူအနေဖြင့်လည်း ကျပ်ကျပ်တည်းတည်း တစ်ချိန်လုံး ဖြစ်နေမယ်။ အ၀တ်အစားမှာလည်း အထဲကနေ အသားစိုင်က တိုးလို့ တွန့်နေတဲ့နေရာတွေ ရှိနေမှာ သေချာတယ်။ ပြီးတော့ ကြာကြာခံမှာ မဟုတ်ဘူး။ ချုပ်ရိုးပြုတ်ကုန်တာ၊ ပြဲတာတွေ ဖြစ်လိမ့်မယ်။
Wearing Ease အတွက် ထည့်စဉ်းစားရတဲ့ အချက်တွေက
(က) ကိုယ်လက်ခြေ လှုပ်ရှားမှု
(ခ) အထည်သားရဲ့ ပင်ကိုသဘာဝ
(ဂ) အ၀တ်အစားရဲ့ စတိုင်လ်
(ဃ) ၀တ်ဆင်မယ့်သူရဲ့ လိုလားနှစ်သက်တဲ့အချက်တွေ

(က) ကိုယ်လက်ခြေ လှုပ်ရှားမှု
Wearing ease က နည်းလွန်းနေရင် ကိုယ်လှုပ်ရှားမှုတွေကို ချုပ်ထားလိမ့်မယ်။ အထည်သားအပေါ်မှာလည်း ဒဏ်ထိတယ်။ အ၀တ်အစား ပုံပျက်သွားတတ်တယ်။
Wearing ease က များလွန်းနေရင် သူများအင်္ကျီကို ၀တ်လာလို့ ပွပွကြီး ဖြစ်နေတာလား။ ချောင်လွန်းနေတာလားလို့ အထင်ခံရတဲ့အထိ ပုံပျက်ပန်းပျက် ဖြစ်နေမယ်။

လှုပ်ရှားမှုအတွက် လိုအပ်တဲ့ Wearing ease နဲ့ ပတ်သက်တဲ့ နမူနာတစ်ခုကို ပြောပြမယ်။


တင်ပါးရဲ့ ပုံသဏ္ဌာန်က လမ်းလျှောက်တဲ့အခါ အလှုပ်ရှိတယ်။ ပုံပြောင်းတယ်။ ထိုင်လိုက်ရင်လည်း ပုံပြောင်းတယ်။ ဒီတော့ အဲဒီအတွက် ease ကို မပါမဖြစ် ထည့်ပေးကြတယ်။ တင်ပါးအတိုင်းအတာမှာ ထည့်ပေးတယ်။ တင်ပါးနဲ့ခါးအကြား အလျားမှာလည်း ထည့်ပေးတယ်။ အဲဒါ ဘောင်းဘီရှည်တွေမှာ အထူးသဖြင့် ထည့်ပေးထားကြတယ်။

 

နောက်ထပ် Wearing ease နမူနာတစ်ခုက အသက်ရှူသွင်းလိုက်တိုင်း ရင်ဘတ်က ကျယ်သွားတယ်။ နံရိုးတွေ ကားသွားတယ်။ ဒီတော့ ရင်အတိုင်းအတာမှာ ease ထည့်တယ်။ ရင်နဲ့ ခါး တို့အကြား အလျားမှာလည်း ease ထည့်တယ်။

(ခ) အထည်သားရဲ့ ပင်ကိုသဘာဝ
တချို့အထည်သားတွေက ကျစ်လစ်တယ်။ တောင့်မာတယ်။ ကိုယ်ခန္ဓာက တိုးရင် ကျယ်မပေးဘူး။ ဂျင်းထည်လို အသားမျိုးဆို ease ကို ပိုထည့်ပေးရမယ်။ စွပ်ကျယ်သားလို ဆန့်လွယ်ကျုံ့လွယ်တဲ့အသားမျိုးဆိုရင်တော့ ease ကို လျှော့ထည့်ပေးတယ်။

(ဂ) အ၀တ်အစားရဲ့ စတိုင်လ်
တချို့ အ၀တ်အစားတွေက အနည်းဆုံး ထည့်ပေးရမယ့် ease ထက် ထပ်တိုးပြီး ထည့်ပေးဖို့ လိုအပ်တယ်။ ဘယ်လို စတိုင်မျိုးလဲ။ ဘယ်လိုနေရာတွေမှာ ဘာလုပ်ဖို့ ၀တ်ဆင်မှာလဲ ဆိုတာတွေအရ စတိုင်လ်အတွက် ease ကို ပိုထည့်ပေးကြတယ်။
ဥပမာ ဘောလုံးကန်ဖို့ အ၀တ်အစားဆိုရင် အတော်ပွပေးဖို့ လိုတာမို့ ease ကို ပိုပိုသာသာ ထည့်ပေးမယ်။ ပြေးလွှားဖို့ ကန်ဖို့ ခုန်ဖို့ အဆင်ပြေနေအောင် ပွပေးထားကြတယ်။

(ဃ) ၀တ်ဆင်မယ့်သူရဲ့ လိုလားနှစ်သက်တဲ့အချက်တွေ
ပက်တန်တွေမှာ ease ထည့်တဲ့ ပမာဏကြောင့် အံကိုက် fit ဖြစ်တာ မဖြစ်တော့တာကို အကျိုးသက်ရောက်မှု ရှိတယ်။ တစ်ထည်လုံး ချုပ်ပြီးသွားတဲ့အခါ ပေါ်ထွက်လာမယ့် ဖက်ရှင်စတိုင်လ် စီလိုဝက်ဒ် လိုချင်သလို ရတာမရတာ အပေါ်မှာလည်း သက်ရောက်မှု ရှိတယ်။ သူ တောင်းဆိုတာတွေကြောင့် စတိုင်လ်ပျက်ကုန်မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်သွားမယ်ဆိုတာ ၀တ်ဆင်သူကို ရှင်းပြပေးရမယ်။ ထိခိုက်မှု မရှိနိုင်ဘူးဆိုရင်တော့ သူ့အလိုကျ ease တွေကို ထည့်ပေးရမယ်။

Ease ပမာဏ
*********

ပုံမှန်အားဖြင့် အခြေခံအားဖြင့် ထည့်လေ့ထည့်ထ ရှိတဲ့ ease ပမာဏ အချို့ကို ဖော်ပြပေးထားပါတယ်။ ပက်တန် တည်ဆောက်တဲ့အခါ မပါမဖြစ် ထည့်ကြတဲ့ ease ပမာဏတွေ ဖြစ်ပြီး ရင် အတိုင်းအတာမှာ ထည့်လေ့ရှိတာတွေ ဖြစ်ပါတယ်။ အ၀တ်အစား အမျိုးအစားအရ ကွာခြားတာကို ပြောပြလိုတာ ဖြစ်ပါတယ်။

Shirt /Blouse 10~14 cm
Jacket 16~24 cm
Coat 20~28 cm

Design Ease
*********
ဒီဇိုင်းကြောင့် ၀တ်ဆင်ရသူမှာ ကျပ်တည်းမှု မဖြစ်အောင် ease တွေ ထည့်ပေးရတာမျိုး ရှိတယ်။ ဒီဇိုင်းကို ပုံဖော်ချင်လို့ ease တွေ ထည့်ပေးရတာ ရှိတယ်။ စတိုင်တွေ အပိုထည့်ပေးဖို့ဖြစ်ပါတယ်။ အမြင်လှဖို့ အမြင်ဆန်းဖို့ ထည့်ပေးကြတယ်။ ဒါမှ ၀ယ်ဝတ်ချင်မယ်။ ဘယ်လို စတိုင်မျိုး လိုချင်တာလဲ။ ခေတ်စားနေတာ ဘယ်လိုမျိုးလဲ၊ ဆိုလိုတာက အကျပ်လား အချောင်လား အပွလား စတာအရ ထည့်ပေးရတဲ့ ease ပမာဏ ကွာခြားတယ်။


အ၀တ်အစားရဲ့ fitting မှာ ease က အချက်တစ်ချက်အဖြစ် အရေးပါတယ်။
ဆက်လက်ပြီးတော့ အ၀တ်အစား fitting အကြောင်းကို နောက်တော့ ပြောပြပါဦးမယ်။

WMA

Read 1441 times
Rate this item
(0 votes)