ခန္ဓာကိုယ် အတိုင်းအတာ အတိအကျအတိုင်း အ၀တ်အစားကို ချုပ်မယ်ဆိုရင် ၀တ်ဆင်လိုက်တဲ့အခါ ကျပ်ထုပ်နေလိမ့်မယ်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ခါးကိုင်းဖို့ စသဖြင့် လှုပ်ရှားဖို့ ခက်ခဲနေလိမ့်မယ်။ ကြယ်သီး ပြုတ်ထွက်ကုန်မယ်။ အခန့်မသင့်ရင် ချုပ်ရိုးပြတ်ပြီး ပြုတ်ထွက်ကုန်လိမ့်မယ်။ ဒီတော့ ချောင်ချိမှု ease ကို pattern ထုတ်တဲ့အခါ ထည့်ပေးထားကြရတယ်။
ဝတ်ဆင်တဲ့အခါ လွယ်ကူစေဖို့အတွက်လည်း ease ကို ထည့်ပေးကြတယ်။ ဆိုကြပါစို့။ လက်ရှည်အင်္ကျီရဲ့ ဂျိုင်းပေါက်ထဲကို လက်ထိုးထည့်တဲ့အခါ ရှောရှောရှူရှူ ဖြစ်စေဖို့ နည်းနည်းလေး ကျယ်ပေးထားတာမျိုးကို ဆိုလိုပါတယ်။
အများအတွက် ရည်ရွယ်ပြီး ရောင်းတန်းဝင် ဖက်ရှင်အ၀တ်အစားတွေကို အမြောက်အမြား ချုပ်တဲ့အခါ ၀တ်ဆင်တဲ့သူမှာ အရမ်းကျပ်မနေစေဖို့ နည်းနည်းလေးပိုကြီးပေးထားဖို့အတွက်လည်း ease ကို သုံးကြတယ်။
အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် မပါမဖြစ် ထည့်ပေးရတာမို့ ease ဟာ အရေးပါတယ်။
EASE ဆိုတာ ဘာလဲ
တကယ်တော့ ease ဆိုတာ ကွာဟချက်တစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အတိုင်းအတာတွေနဲ့ အ၀တ်အစားရဲ့ အတိုင်းအတာတို့အကြား ကွာဟချက် ဖြစ်ပါတယ်။ အဲဒီလို ကွာဟချက်မှာ အ၀တ်အစား အရွယ်အစားက ကိုယ်ခန္ဓာထက် ပိုကြီးနေတဲ့ ကွာဟချက် ဖြစ်ပါတယ်။ ချုပ်ပြီးသွားတဲ့ အ၀တ်အစားမှာ လိုအပ်သလို ပိုကြီးနေစေဖို့အတွက် အဲဒီအ၀တ်အစားကို ချုပ်တဲ့အခါ သုံးစွဲတဲ့ pattern မှာ ပိုကြီးပြီး ကွာဟချက်ကို ထည့်ဆွဲပေးထားတယ်။
အဲဒီလို ထည့်တဲ့ ease တွေဟာ ဖက်ရှင်စတိုင်လ်အပေါ်လည်း မူတည်တယ်။ ဒီတော့ စတိုင်လ်တစ်ခုနဲ့တစ်ခု ကွာခြားပါတယ်။ ပြီးတော့ fit အတော်အတိဖြစ်တာ ဘယ်လောက်အထိ လိုချင်တာလဲ ဆိုတဲ့အရလည်း ကွာခြားပါတယ်။
EASE နှစ်မျိုး
EASE ကို အကြမ်းအားဖြင့် နှစ်မျိုး စဉ်းစားလို့ရတယ်။ တစ်မျိုးက ၀တ်ဆင်သူ ချောင်ချိရေး wearing ease ဖြစ်ပြီး နောက်တစ်မျိုးက ဖက်ရှင်ကို ပုံဖော်ပေးဖို့ ထည့်ရတဲ့ ချောင်ချိမှု design ease ဖြစ်ပါတယ်။
အလုပ်သဘောအရ နှစ်မျိုး ဆိုရပေမဲ့ တကယ်တော့ ကိုယ်ခန္ဓာအတိုင်းအတာတွေကို အခြေခံပြီး ease တွေကို pattern မှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။
Wearing ease
ဝတ်ဆင်သူ ချောင်ချိရေးဟာ ၀တ်ဆင်သူရဲ့ ကိုယ်အတိုင်းအတာတွေမှာ ease ကို ထပ်ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို နည်းနည်းလေးကြီးပေးလိုက်မှ အ၀တ်အစားထဲကို ရောက်နေတဲ့ ကိုယ်ခန္ဓာက လှုပ်ရှားလို့ ရမှာ ဖြစ်ပါတယ်။ ထိုင်ဖို့၊ ခါးညွှတ်ဖို့၊ ခါးလိမ်ဖို့ စတာတွေ လုပ်သာရုံလေး နည်းနည်းပါးပါး ပိုကြီးပေးထားတာ ဖြစ်ပါတယ်။ အဲဒီလို ease ထည့်ပေးထားတော့ ၀တ်ရတာ အဆင်ပြေတယ်လို့ စိတ်ထဲ ဖြစ်မိမှာ ဖြစ်ပါတယ်။
ကိုယ်ခန္ဓာအရွယ်အစား၊ ၀တ်ဆင်မယ့်သူရဲ့ ဆန္ဒ၊ အသုံးပြုမယ့် အထည်သားအမျိုးအစားတို့အရ ease ပမာဏ ကွာခြားမှာ ဖြစ်ပါတယ်။
ကိုယ်ခန္ဓာအရွယ်အစားအတွက် လုပ်လေ့လုပ်ထရှိတဲ့ wearing ease တွေက ရင်သား Bust၊ ခါး Waist နဲ့ တင်ပါး Hip နေရာသုံးခုရဲ့ အတိုင်းအတာမှာ ease ကို ထည့်ပေးတာ ဖြစ်ပါတယ်။
ရင်သားနေရာမှာ ရင်အတိုင်းအတာမှာ ၂ လက်မ မှ ၄ လက်မအထိ ease ထည့်တယ်။ အဲဒီမှာ စဉ်းစားရမှာက ရင်သားနှစ်ခုရဲ့ အရွယ်အစားဖြစ်ပါတယ်။ ကိုယ်ခန္ဓာကလည်း ထွားကြိုင်းတယ်။ ရင်သားတွေလည်း ကြီးတယ်ဆိုရင် ease ပိုများမှာ ဖြစ်ပါတယ်။
ခါးနေရာမှာ လက်မ၀က်ကနေ တစ်လက်မခွဲအထိ ease ထည့်တယ်။ ခါးလှည့်တဲ့အခါ လှည့်သာဖို့ ခါးကုန်းတဲ့အခါ ကွေးသာဖို့ ပြီးတော့ လက်တွေ မြှောက်တဲ့အခါ ခါးကနေ ဆွဲထားသလို မဖြစ်စေဖို့ အခုလို ease ထည့်ပေးကြတာ ဖြစ်ပါတယ်။
တင်ပါးနေရာမှာ ၂ လက်မ မှ ၄ လက်မအထိ ease ထည့်တယ်။ ကိုယ်ခန္ဓာကြီးပြီး အထည်သားကလည်း မဆန့်ချဲ့ပေးနိုင်တဲ့ အသားမျိုးဆိုရင် ease ပိုများရမှာ ဖြစ်ပါတယ်။
အထည်သားကိုလည်း wearing ease အတွက် ထည့်စဉ်းစားကြတယ်။ ဆိုလိုတာက ရက်လုပ်ထားတာ ချည်တွေစိပ်ပြီး စိနေတယ်ဆိုရင် wearing ease ကို နည်းနည်း ပိုတိုးပေးရမယ်။ ချည်ကြဲတယ်ဆိုရင် wearing ease ကို လျှော့တယ်။
ချုပ်ပေးထားတာ တကယ်ပုံကျတယ်လို့ ချီးကျူးရင် အဲဒါ wearing ease ပမာဏတွေ မှန်ကန်နေလို့ ဖြစ်မယ်။ မှန်ကန်တဲ့ wearing ease ပမာဏတွေ ထည့်ပေးနိုင်မှ fit အတော်အတိဖြစ်နေမယ်။ အ၀တ်အစားအနဲ့ အထုပ်ခံထားသလို ကျပ်မနေဘူး။ သူများအ၀တ်အစား ငှားဝတ်ထားသလို ချောင်နေတာ၊ ကျပ်နေတာ။ မတော်နဲ့နေရာတွေ ရှိနေတာမျိုးတွေ မဖြစ်တော့ဘူး။ အဲဒီလို သူများဟာ ငှားဝတ်ထားရသလိုဖြစ်နေမှတော့ အသင်ချုပ်ပြီးသားထဲကပဲ ရွေးပြီးဝယ်တော့မှာပေါ့လို့ အပြောခံရရင် wearing ease ပမာဏတွေ လွဲချော်နေလို့ ဖြစ်ပါလိမ့်မယ်။