What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်ပြည်ရဲ့ Going Global အထည်ချုပ်ကဏ္ဍ လုပ်သား သရုပ်သကန်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ အထည်ချုပ်လုပ်ငန်းတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ အလုပ်အကိုင်နဲ့ အလုပ်သမားကိစ္စတွေကိုလည်း ထည့်သွင်းထားပါတယ်။

တွေ့ရှိချက်တွေကို စစ်တမ်း အစီရင်ခံစာမှာ အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။


၁။ အလုပ်ခန့် သဘောတူစာချုပ်နဲ့ အလုပ်လုပ်ချိန်နာရီများ
အလုပ်ရှင် အလုပ်သမား အလုပ်ခန့်သဘောတူစာချုပ်ကို လုပ်ငန်းအားလုံးနီးပါးမှာ လက်မှတ်ရေးထိုးထားကြတယ်။ အလုပ်ခန့်သဘောတူစာချုပ်ကို လက်မှတ်မထိုးထားတာ အနည်းငယ်တော့ ရှိနေတယ်။ အစမ်းခန့်အဖြစ် ခန့်ထားတဲ့ကာလဖြစ်လို့ လက်မှတ်ရေးမထိုးရသေးတာ ဖြစ်တယ်။
အလုပ်ချိန်တွေကို ကြည့်ရင် အောက်ခြေသိမ်း လုပ်ရတဲ့ အလုပ်သမားတွေဟာ အလုပ်ချိန် ပိုများတယ်။ အောက်ခြေအဆင့်လုပ်သားတွေနဲ့ ထိပ်ပိုင်း အုပ်ချုပ်စီမံသူတွေရဲ့ အလုပ်ချိန်က အလယ်အဆင့် ကြီးကြပ်စီမံရသူတွေထက် ပိုများတယ်။ လစာနည်းတဲ့ လုပ်သားတွေ အလုပ်ချိန်ပိုများတယ်။

အထည်ချုပ်လုပ်ငန်းတွေဟာ အခြေခံလုပ်ခလစာကို နည်းထားပြီး အချိန်ပိုဆင်းတဲ့ လုပ်ခကို မြှင့်ပေးထားခြင်းဖြင့် အလုပ်သမားတွေ အချိန်ပို ဆင်းအောင် လုပ်ထားလေ့ရှိတာမို့ လစာနည်းတဲ့သူတွေဟာ တစ်လတာဝင်ငွေ မြင့်မားဖို့ အချိန်ပို ဆင်းပြီး လုပ်ကိုင်ကြရတယ်။ အဲဒါကြောင့် အလုပ်လုပ်ချိန် များပြားနေရတာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ခြောက်ရက်အထိ လုပ်ကိုင်ကြတာကို ရန်ကုန်မြို့မှ အထည်ချုပ်လုပ်ငန်းတွေမှာ တွေ့ရလေ့ရှိတယ်။ တစ်နည်းပြောရရင် အခြေခံလစာထက် အချိန်ပိုလုပ်ခကို ပိုမက်မောနေစေပါတယ်။ ဒီတော့ တစ်နေ့တာ အလုပ်ချိန်အပြင် အချိန်ပိုကို တစ်နေ့ ၁ နာရီမှ ၄ နာရီအထိ လုပ်ကိုင်ကြလေ့ရှိပြီး တစ်ပတ်ခြောက်ရက် နေ့တိုင်း လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အချိန်ပိုလုပ်ခ ရဖို့ လိုအပ်နေတာဟာ အခြေခံလုပ်ခလစာနဲ့ မိသားစုစရိတ် မလုံလောက်လို့ အချိန်ပို ဆင်းပြီး လုပ်ကိုင်ကြသူတွေ ရှိသလို အလုပ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဆင်းကြရတာတွေလည်း ရှိတယ်။


၂။ အနည်းဆုံးလုပ်ခ စံနှုန်း
အဲဒီစစ်တမ်းဟာ မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခ နှုန်းထားသစ် ဖြစ်တဲ့ တစ်နေ့လုပ်ခ ကျပ် ၄,၈၀၀ ကို သတ်မှတ်ခြင်း မပြုခင် တစ်နေ့ အနည်းဆုံးလုပ်ခ ကျပ် ၃,၆၀၀ သတ်မှတ်ထားစဉ်တုန်းက မေးမြန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးမှာ စစ်တမ်းကို ဖြေဆိုသူ အလုပ်သမားတွေရဲ့ ထက်ဝက်သာသာက အလုပ်ဝန်ထုပ်နဲ့ လုပ်ခ နှိုင်းစာရင် မျှတကြောင်း သို့မဟုတ် အလုပ်ဝန်ထုပ်က ပိုများကြောင်း ဖြေဆိုကြပါတယ်။ ရတဲ့လုပ်ခနဲ့ နှိုင်းစာရင် လုပ်ရတဲ့ အလုပ်က နည်းတယ်လို့ ယူဆသူ ၄၀% နီးပါး ရှိတယ်။
ရတဲ့လုပ်ခနဲ့ လူနေမှုအဆင့်အတန်းတို့ကို နှိုင်းစာကြည့်ခိုင်းတဲ့ မေးခွန်းကို ဖြေဆိုကြတာမှာ နေထိုင်စရိတ်မှာ အခြေခံလိုအပ်ချက်တွေကိုတော့ လက်ရှိလုပ်ခက ပြည့်မီတယ်လို့ ဖြေဆိုသူ ၉၂% ရှိတယ်။ ပညာရည် ပိုမြင့်မားပြီး အသက်ငယ်တဲ့ လူငယ်ပိုင်းကတော့ ယခုထက် ပိုမြင့်မားတဲ့လစာမျိုးကို ရရှိဖို့ မျှော်မှန်းထားကြတယ်။
ပညာရေးအဆင့် ပိုမြင့်ရင် ၀င်ငွေပိုရနိုင်ပြီး ပိုကောင်းတဲ့ နေထိုင်မှုဘ၀ကို ရရှိလိုမှာ ဖြစ်ပါတယ်။
တစ်နယ်တစ်ကျေးမှ ပြောင်းရွှေ့နေထိုင်ပြီး လုပ်ကိုင်နေကြသူတွေအဖို့ နေရေးထိုင်ရေးအတွက် ၀န်ထုပ်ဝန်ပိုး ပိုမိုလေးလံကြတယ်။ ဒီတော့ အခုထက် လစာပိုကောင်းဖို့ မျှော်လင့်ကြတယ်။
လုပ်သက်နဲ့ အတွေ့အကြုံ ရရှိသွားပြီး လူသစ်တန်း မဟုတ်တော့တဲ့အခါ လက်ရှိအလုပ်ရဲ့ လစာထက် ပိုပေးတဲ့ အထည်ချုပ်စက်ရုံကို အလုပ်ပြောင်းလုပ်လေ့ရှိတယ်။ အဲဒီလို အလုပ်သမားမျိုးက လစာကို အဓိကကြည့်ကြပြီး ပိုရမယ့်နေရာရှိရင် ခုန်ကူးတယ်။

အခုလို အချိန်ပို ဆင်းတဲ့အတွက် နဂိုကတည်းက သတ်မှတ်ထားတဲ့ လုပ်ခကို ရရှိကြတာ ရှိသလို အချိန်ပိုဆင်းခ ပေးဖို့ ပျက်ကွက်တာတွေလည်း ရှိပါတယ်။ အဲဒီအခါ အလုပ်သမားများ ဆန္ဒပြပြီး တောင်းဆိုရတာတွေ ရန်ကုန်မြို့ အထည်ချုပ်ကဏ္ဍမှာ ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၁ရက်နေ့မှာ ဗီအိုအေမှ အထည်ချုပ်နဲ့ပတ်သက်တဲ့ သတင်းမှာတော့ အခုလို ဖော်ပြပေးထားတာ ဖတ်ရှုခဲ့ရပါတယ်။

မြန်မာမှာ အနည်းဆုံးလုပ်ခ တနေ့ကျပ် (၃၆၀၀) ပေးဖို့ ၂၀၁၅ က သတ်မှတ်ပါတယ်။ အလုပ်ရှင်ဘက်ကတော့ (၂၅၀၀) လောက်သာ ပေးလိုပါတယ်။ ၃၆၀၀ နဲ့ဆိုရင် စီးပွားရေးတွက်ချေ မကိုက်တဲ့အတွက် စက်ရုံတွေ ပိတ်ရလိမ့်မယ်လို့ တရုတ် နဲ့ တောင်ကိုရီးယားကုမ္ပဏီ (၉၀) လောက်က ခြိမ်းခြောက်ပါတယ်။ အနည်းဆုံးလုပ်ခ တစ်နေ့ ကျပ် (၃၆၀၀) နဲ့ မစားလောက်ကြောင်း အလုပ်သမားသမဂ္ဂဘက်က ရှင်းပြပါတယ်။ စက်ရုံဥပဒေမှာ အလုပ်ချိန် တပတ် (၄၄) နာရီ၊ အချိန်ပိုက (၁၆) နာရီ၊ စုစုပေါင်း နာရီ (၆၀) လုပ်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၂) မှာ တပတ် (၆၄) နာရီ လုပ်ခွင့်ပြုကြောင်း အလုပ်သမားဌာနက အမိန့်ထုတ်ပါတယ်။ အလုပ်ရှင်ကတော့ ကုန်စည်များများ ထုတ်လုပ်နိုင်ပြီး များများရောင်းဖို့သာ စိတ်ဝင်စားပါတယ်။ အလုပ်သမားရဲ့  ဘဝအခြေအနေကို ဦးစားမပေးပါဘူး။

မြန်မာ့အထည်ချုပ်လုပ်ငန်းက အလုပ်သမား (၄၀) ရာခိုင်နှုန်းဟာ တောင်ကိုရီးယားနိုင်ငံတွေမှာ အလုပ်လုပ်နေကြပါတယ်။ မြန်မာ့အလုပ်သမားဥပဒေကို ဖောက်ဖျက်ရာမှာလည်း တောင်ကိုရီးယားတွေ အများဆုံး ဖြစ်ပါတယ်။ အချိန်ပိုလုပ်ဖို့ အစိုးရခွင့်ပြုထားတာထက် ပိုပြီးခိုင်းတဲ့နေရာမှာ တောင်ကိုရီးယားကုမ္ပဏီတွေ နာမည်ကြီးပါတယ်။ အထည်ချုပ်စက်ရုံ (၃၉) ခုက အလုပ်သမား (၁၂၀၀) ကို Action Labor Rights အဖွဲ့က တွေ့ဆုံမေးမြန်းတဲ့အခါမှာ (၆၂) ရာခိုင်နှုန်းဟာ တရားဝင်သတ်မှတ်ထားတဲ့ အချိန်ပိုထက် အမြဲတမ်း ပိုလုပ်ရတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ အလုပ်သမား (၁၅) ရာခိုင်နှုန်းဟာ လုပ်ပေးရတဲ့ အချိန်ပိုအတွက် လုပ်ခမရဘူးလို့ သိရပါတယ်။ ကလေးလုပ်သားတွေကိုလည်း တောင်ကိုရီးယားပိုင် ကုမ္ပဏီတွေမှာ တွေ့နိုင်ပါတယ်။ အလုပ်ရုံ (၆၇) ရာခိုင်နှုန်းမှာ အရေးပေါ် ထွက်ပေါက်မရှိပါဘူး။

အထည်ချုပ်လုပ်ငန်း (၁၈၀) လောက်မှာသာ လူမှုကျင့်ဝတ် စံချိန်စံညွှန်းကို လိုက်နာကြပြီး ကျန်စက်ရုံတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မလိုက်နာကြဘူးလို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီိဝင် ဦးအောင်မျိုးဟိန်း ပြောတာကို ဇန်နဝါရီလ (၂၇) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ ဥရောပ၊ အမေရိကန် နဲ့ ဂျပန်တို့ကို တင်ပို့တဲ့ စက်ရုံတွေကသာ စံချိန်စံညွှန်း လိုအပ်ချက်တွေကို လိုက်နာကြပြီး တရုတ်နဲ့ မြန်မာပိုင် စက်ရုံတွေကတော့ မလိုက်နာကြဘူးလို့ ဆိုပါတယ်။ ကျင့်ဝတ်လိုက်နာအောင် အလုပ်သမားသမဂ္ဂတွေကလည်း တိုက်တွန်းကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေ တောင်းဆိုတဲ့အတိုင်း စက်ရုံမှာ လိုက်နာရမယ့် လူမှုကျင့်ဝတ် စံချိန်စံညွှန်းတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေ လိုက်နာကြဖို့ လိုပါတယ်။ ဒီကိစ္စမှာ အစိုးရရဲ့  ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။


၃။ သင်တန်းပို့ချခြင်း
အဲဒီနှစ်နိုင်ငံမှာ တရုတ်ကုမ္ပဏီတွေနဲ့ ကုမ္ပဏီ ၀န်ထမ်းတွေကို သင်တန်းပေးတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့တာမှာ ဖြေဆိုသူ ကုမ္ပဏီတွေက သင်တန်းအမျိုးမျိုး ပို့ချပေးကြောင်း ဖြေကြားခဲ့ပါတယ်။ အလုပ်သမားတွေထံမှ ရရှိတဲ့ ဖြေဆိုမှုမှာတော့ မြန်မာနိုင်ငံမှ ဖြေဆိုသူ အလုပ်သမားများရဲ့ ၇၀% နီးပါးဟာ ဘာသင်တန်းမှ မတက်ရကြောင်း ဖြေကြားထားပါတယ်။ သင်တန်းတက်ဖို့ သင်ယူဖို့ အခွင့်မသာကြဘူး။
တရုတ်ကုမ္ပဏီမှာ ၀င်လုပ်ပြီးတဲ့နောက် သင်တန်းတက်ရတယ်လို့ ဖြေဆိုသူ အလုပ်သမား ၂၃.၅% ပဲ ရှိပါတယ်။

အလုပ်ရှင်ဖြေဆိုချက်နဲ့ အလုပ်သမားဖြေဆိုချက် အကြီးအကျယ်ကွဲလွဲနေတယ်။ အဲဒီအချက်ဟာ အလုပ်သမားတွေနဲ့ စီမံခန့်ခွဲမှုတို့အကြား နားလည်မှု လွဲနေတာကို ပြသနေတယ်။
အလုပ်လုပ်ရင်းကိုင်ရင်း လုပ်ငန်းခွင်မှာ သင်ပြပေးသွားတာကို သင်တန်းတက်ရတယ်လို့ မသတ်မှတ်တာမျိုး ရှိနေတယ်။ ဥပမာ အလုပ်ကြပ် စူပါက လမ်းညွှန်သင်ပြပေးတာမျိုးကို အလုပ်သမားက သင်တန်းပေးတယ်လို့ မယူဆဘူး။

လုပ်သက်နုစဉ်မှာ ယခုလိုမျိုး လုပ်ရင်းကိုင်ရင်း သင်ယူစေတာကိုပဲ ကျင့်သုံးကြတယ်။ တတ်မြောက်ပြီးသွားရင် တခြားအထည်ချုပ်စက်ရုံမှာ သွားလုပ်တာမျိုးတွေ ရှိနေတော့ သင်တန်းသီးသန့်ပေးပြီး သင်ပြပေးတာမျိုးကို လုပ်လေ့လုပ်ထ မရှိဘူး။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်လိုကြဘူး။ လုပ်သက် နှစ်နှစ်တန်သည် သုံးနှစ်တန်သည် မြဲမြံပြီးမှ သင်တန်းပေးဖို့ စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။

 

၎။ အခြားသော အကျိုးခံစားခွင့်များ
လုပ်ငန်းတွေထံ ပေးပို့ခဲ့တဲ့ မေးခွန်းတွေကို ဖြေဆိုပေးပို့ခဲ့တာမှာ လုပ်ငန်းများထဲမှာ ၉၅% ကျော်က နိုင်ငံတွင်းမှာရှိတဲ့ လူမှုဖူလုံရေးကို အလုပ်သမားတွေအတွက် ထည့်ဝင်ကြေး ပေးသွင်းကြတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေးမြန်းခဲ့တဲ့ တရုတ်အထည်ချုပ်စက်ရုံတွေမှာ လူမှုဖူလုံရေးစနစ်နဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေအပြင် အခြားအခြေအနေကောင်းတွေ ဖန်တီးပေးထားတာကို တွေ့ရတယ်။ လေ၀င်လေထွက်ကောင်းဖို့ စီမံပေးထားတယ်။ ၀န်ထမ်းတွေ ကျပ်ကျပ်တည်းတည်း မလုပ်ကိုင်ရဘူး။ ဖုန်ကင်းစင်အောင်လည်း စီမံပေးတယ်။ သောက်ရေအလုံအလောက် ထားပေးတယ်။ ဆေးခန်း၊ ၀တ်ပြုခန်း၊ နေ့ကလေးထိန်းဌာနတို့ ထားရှိပေးတယ်။ အလုပ်သမားတွေအတွက် အိပ်ဆောင်တွေလည်း ဆောက်လုပ်ပေးထားတယ်။
မြန်မာနိုင်ငံမှာတော့ တချို့က ဘုရားကျောင်းဆောင် ထားပေးတယ်။ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းတွေက အိပ်ဆောင် စီစဉ်ပေးလေ့မရှိတာကြောင့် အကြိုအပို့ ဖယ်ရီကိုပဲ စီစဉ်ပေးထားကြတယ်။

 

၅။ ဘေးကင်းရေးနဲ့ ကျန်းမာရေး
ဘေးကင်းရေးကို စည်းကမ်းတွေ ထုတ်ပြီး ကြပ်မတ်ပေးထားတယ်။ မီးဘေးကြုံရင် ရင်ဆိုင်ဖို့အတွက်လည်း အစမ်းလေ့ကျင့်မှုတွေ လုပ်တယ်။ စည်းကမ်းတင်းကျပ် ထားတယ်။ လုပ်ငန်းခွင်ဟာ ဘေးမကင်းဘူးလို့ ယူဆသူ အလုပ်သမား ၆% နီးပါးသာ ရှိတယ်။ မီးဘေးအပါအ၀င် ဘေးအန္တရာယ်ကျရောက်တဲ့အခါ သုံးစွဲရမယ့် ပံ့ပိုးမှုအင်္ဂါရပ်တွေနဲ့ ပစ္စည်းကိရိယာတွေ ဘယ်လို သုံးစွဲရမလဲဆိုတာ သင်ပြပေးထားခြင်း မရှိဘူးလို့ အလုပ်သမားများက ဖြေဆိုပါတယ်။

 

မင်းသိန်းကျော်

ဆက်လက်ဖော်ပြပါဦးမည်

တရုတ်ပြည်ရဲ့ အထည်ချုပ်ကဏ္ဍ Going Global သရုပ်သကန် အချက် (၇)ချက်
http://www.textiledirectory.com.mm/articles/item/865-china-going-global.html

map picture

 

Read 976 times
Rate this item
(0 votes)