အော်တိုမေးရှင်း ၀င်လာရင် ဖွံ့ဖြိုဆဲနိုင်ငံများမှ အထည်ချုပ် လုပ်သားတွေဟာ ဈေးသက်သာပေမဲ့ ချမ်းသာပေးမှာ မဟုတ်ဘူး။
စက်တွေ၊ စက်ရုပ်လက်တံတွေဟာ တစ်ချိန်တစ်ခါက ဒီအလုပ်မျိုးဟာ လူနဲ့ လုပ်မှပဲ ရမယ်လို့ ယူဆထားတဲ့ အလုပ်မျိုးတွေမှာ နေရာဝင်ယူလာကြတယ်။
အ၀တ်အစားထုတ်လုပ်မှုလုပ်ငန်းဟာ ကားတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ မတူဘူး။ လုပ်ကိုင်ရတာ လက်ရဲ့ ကျွမ်းကျင်နိုင်နင်းမှုတွေ လိုအပ်တာမို့ စက်ရုပ်လက်တံတွေနဲ့ လူလက်ကို အစားထိုးလို့ ရမှာမဟုတ်ဘူးလို့ ယူဆထားခဲ့ကြတယ်။
ဟုတ်လည်း ဟုတ်ပါတယ်။ အထည်သား ပျော့ပျော့တွေကို ကိုင်တွယ်ပြီး လုပ်ကိုင်ရတာမို့ လူလက်က စက်လက်တံထက် သာတယ်။ လက်ရာ ပိုကောင်းတယ်။ ပြီးတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ လုပ်သားတွေ အမြောက်အမြား ရှိနေတော့ အော်တိုမေးရှင်းကို အရေးတကြီး မလိုအပ်ခဲ့ဘူး။
နောက်တော့ လုပ်သားစရိတ်တွေ တက်လာတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း တက်တယ်။ ပြီးတော့ အထည်ချုပ် ကဏ္ဍ ကြီးထွားလာတဲ့အခါ ကျွမ်းကျင်လုပ်သား ကောင်းကောင်းကို ရဖို့ဆိုတာ ခက်ခဲလာတယ်။ မြန်မာနိုင်ငံမှာ အထည်ချုပ်ကဏ္ဍ ရုတ်ချည်းကြီးထွားလာတော့ အဆင့်ပိုမြင့်တဲ့ အထည်တွေ ချုပ်ဖို့ ကျွမ်းကျင်လုပ်သား မလောက်ငတဲ့ ပြဿနာကို စတင်ကြုံတွေ့ခဲ့ကြရတယ်။
နည်းပညာတွေကလည်း တိုးတက်တာ မြန်ဆန်တယ်။ စက်တွေရဲ့ လက်တံတွေက ကိုင်တွယ်လုပ်ကိုင်တာမှာ ခက်ခဲတဲ့အလုပ်မျိုးတွေကို ပိုလုပ်နိုင်လာတယ်။ ပျော့ပျောင်းတဲ့ အထည်သားကို အလိုက်သင့် ကိုင်တွယ်နိုင်လာတယ်။ အိတ်ထောင်တွေ ချုပ်ပြီး တပ်ပေးနိုင်လာတယ်။ ဘောင်းဘီမှာ ခါးပတ်လျှိုသွင်းဖို့ ကွင်းတွေ ချုပ်ပြီး တပ်ပေးနိုင်လာတယ်။
ကမ္ဘာပေါ်မှာ လူဦးရေ ပိုများလာတဲ့အတွက် အ၀တ်အစားတွေက အမြဲပိုမိုလိုအပ်နေတယ်။ လူလတ်တန်းစားဦးရေ ပိုများလာနေတဲ့အတွက် လိုတာထက် ပိုပြီး ၀တ်စားဆင်ယင်တာတွေ၊ အ၀တ်အစားတွေ ၀ယ်တာတွေ ပိုများလာတယ်။ ဒီတော့ အ၀တ်အစားလုပ်ငန်းကဏ္ဍဟာ ပိုမိုကြီးထွားလာနေတယ်။ အ၀တ်အစား လုပ်ငန်းကြီးတွေရဲ့ အမြန်လိုချင်တဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ အော်တိုမေးရှင်းကို အကုန်ခံပြီး ရင်းနှီးမြှုပ်နှံလာကြတယ်။ ဒီတော့ အော်တိုမေးရှင်း ၀င်လာတာကြောင့် အလုပ်ပြုတ်သူတွေ ပိုများလာတယ်။ အော်တိုမေးရှင်း ရောက်လာသောအခါ . . . ဆိုတဲ့ ဆောင်းပါးမှာ တင်ပြခဲ့တဲ့ သာဓကမှာ Mohammadi Group က အော်တိုမေးရှင်း ဇာထိုးစက်တွေ သုံးစွဲလိုက်တဲ့အတွက် လုပ်သားဦးရေ ၅၀၀ ၀န်းကျင် အလုပ်ပြုတ်သွားတယ်။
အောက်ပါလင့်ခ်ကို နှိပ်ပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်
အော်တိုမေးရှင်း ရောက်လာသောအခါ
http://www.textiledirectory.com.mm/articles/item/780-automation.html
နိုင်ငံတကာ လုပ်သားအဖွဲ့အစည်းက လေ့လာပြီး ခန့်မှန်းတာကတော့ အာရှနိုင်ငံတွေမှာ အထည်ချုပ်ကဏ္ဍ၊ အထည်အလိပ်ကဏ္ဍနဲ့ အ၀တ်အစားထုတ်လုပ်မှုကဏ္ဍတွေမှာ အော်တိုမေးရှင်း နေရာအနှံ့ ၀င်ယူပြီးချိန်မှာ လုပ်သားအင်အား ၈၀% ကျော် အလုပ်ပြုတ်ကြလိမ့်မယ်လို့ ဆိုတယ်။
ခေတ်ပေါ်နည်းပညာတွေနဲ့ စက်တွေကို သုံးစွဲရတာမို့ စက်တွေ သုံးတတ်အောင် သင်တန်းတက်ထားသူဖြစ်မှ အလုပ်ရနိုင်မယ်။
အဲဒီလို လူလိုအပ်ချက် လျော့ကျတာကို နမူနာအဖြစ် ဘင်္ဂလားဒေ့ရှ်မှာ တွေ့ရတယ်။
အလုပ်ခွင်သို့ သွားနေကြသူများတွင် အများစုမှာ အထည်ချုပ်ကဏ္ဍတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေတိုးပွားနှုန်း မြင့်မားလို့ နှစ်စဉ် အရွယ်ရောက်သူဦးရေ များပြားတယ်။ တစ်နည်းပြောရရင် လုပ်သားအင်အားစုထဲ ရောက်လာသူဦးရေ များပြားတယ်။ အကြမ်းအားဖြင့် နှစ်စဉ် အလုပ်အကိုင်အသစ် နှစ်သန်း ဖန်တီးပေးနိုင်ဖို့ လိုအပ်နေတယ်။ အဲဒီအတွက် အထည်ချုပ်ကဏ္ဍက လူတွေအများကြီးကို စုပ်ယူသိမ်းပေးနေတယ်။
ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားများအရ ၂၀၀၃ မှ ၂၀၁၀ ခုနှစ်အတွင်းမှာ အထည်ချုပ်နဲ့ အထည်အလိပ်ကဏ္ဍထဲသို့ အလုပ်အကိုင်အသစ် ထပ်တိုးပေးတဲ့ ပမာဏဟာ နှစ်စဉ် သုံးသိန်းကျော် ရှိခဲ့ရာမှ ယခုအခါ တစ်နှစ်ကို ခြောက်သောင်းလောက်ပဲ အလုပ်အသစ် ပေါ်ပေါက်တော့တယ်။
ဘာလို့ လျော့ကျသွားရသလဲဆိုတော့ အော်တိုမေးရှင်းတွေ သုံးစွဲမှု ပိုများလာလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် ဇာဟစ်ဟူစိန်က
‘‘လူငယ်တွေကို ကုန်ုထုတ်လုပ်မှု အလုပ်ထဲ ဆွဲသွင်းမပေးနိုင်ဘူးဆိုရင် သူတို့ အလုပ်မရတာကြောင့် တစ်ခုခု လုပ်ကြလိမ့်မယ်။ အဲဒီလို လုပ်မယ့် တစ်စုံတစ်ရာဟာ လူမှုရေးအရ နှစ်လိုဖွယ်ရာ ဟုတ်မှာ မဟုတ်ဘူး။ အဲဒါ ချိန်ကိုက်ဗုံးအကြီးစားကို စထောင်ထားလိုက်တာနဲ့ အတူတူပဲ။ အချိန်ကျရင် ပေါက်ကွဲပြီပဲ’’
လို့ သုံးသပ်ပြပါတယ်။
အောက်ပါလင့်ခ်ကို နှိပ်ပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်
အော်တိုမေးရှင်း ရောက်လာသောအခါ . . .
http://www.textiledirectory.com.mm/articles/item/780-automation.html