What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Made in Ethiopia by China

‘‘အစိုးရက ကျွန်တော်တို့ကို ကတိက၀တ်တွေ ပေးထားတယ်။ဒီမှာ ၂၄ နာရီပတ်လည် လုပ်သား ရရှိမယ်။

ဒီမှာ စက်ရုံဆောက်ပါလို့ ပြောတယ်။အကျင့်ပျက်ခြစား လာဘ်စားတာ ဘာတစ်ခုဆို တစ်ခုမှ မရှိဘူး’’

Bloomberg Businessweek တွင် China Is Turning Ethiopia Into a Giant Fast-Fashion Factory ခေါင်းစဉ်ဖြင့်

Bill Donahue က အီသီယိုးပီးယားကို အမြန်ဖက်ရှင် မဟာ့မဟာစက်ရုံကြီးတစ်ခုအဖြစ်သို့ ရောက်ရှိအောင် ပြောင်းလဲပေးသည့်အခါ ကြုံတွေ့ရသည်များကို ရေးသားထားသည်။

‘‘အခု ကျနော်ထိုင်နေတဲ့ ရုံးခန်းနေရာက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လယ်ကွင်းပြင်ကြီးပါ။ အခုလို ဖြစ်အောင် ၂ နှစ်နဲ့ လုပ်နိုင်ခဲ့တယ်။ အဲဒါ အီသီယိုးပီးယားပဲ”
လို့ တရုတ် အ၀တ်အစားထုတ်လုပ်ရေးလုပ်ငန်းIndochine International မှ ဒုဥက္ကဋ္ဌ ရာခ်ျပက်တာက ပြောကြားတယ်။ သူက ခွန်အားအပြည့်နဲ့ တက်ကြွနေတယ်။ အခု နိုဝင်ဘာလ ရောက်ပြီ။ သူလုပ်နေတဲ့ စက်ရုံက ဖွင့်လှစ်တာ ၆ လ သာ ရှိသေးတဲ့ Hawassa Industrial Park ထဲမှာပါ။ လောလောဆယ် ပက်တာရဲ့ လက်အောက်မှာ လုပ်သား ၁၄၀၀ ဦး ရှိနေပြီ။ လာမယ့် ၂၀၁၉ ခုနှစ်ကျရင် လုပ်သားဦးရေ ၂၀၀၀၀ အထိ ခန့်ထားဖို့ ရည်မှန်းထားတယ်။ တကယ်တော့ အခုလို ဖြစ်လာတာတွေဟာ တရုတ်နိုင်ငံမှ ချေးငွေများ ကန်ဒေါ်လာ ဘီလျံချီပြီး စီးဝင်ခဲ့လို့ ဖြစ်ပါတယ်။
ရာခ်ျပက်တာဟာ အိန္ဒိယနိုင်ငံမှ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အီဂျစ်တို့မှာ အ၀တ်အစားထုတ်လုပ်မှု အတွေ့အကြုံတွေ သူ့မှာ ရှိထားတယ်။ အဲဒါကြောင့်လည်း အဲဒီအထည်ချုပ်စက်ရုံမှာ ယခုလို ရာထူးမျိုးဖြင့် လုပ်ကိုင်ဖို့ နေရာရထားတာ ဖြစ်ပါတယ်။
သူ့ရုံခန်းကနေ စက်ရုံမှာ လုပ်ကိုင်နေတာတွေကို မြင်နေရတယ်။ အမျိုးသမီးတစ်သိုက် အလုပ်လုပ်နေကြတယ်။ ချုပ်တဲ့သူတွေက ချုပ်၊ တံဆိပ်တပ်တဲ့သူက တပ်။ တွန့်ကြေနေတာကို မီးပူတိုက်သူတိုက်။ သူတို့ လုပ်ကိုင်နေကြတာ အမေရိကန်မှ စူပါမားကက်လုပ်ငန်းကြီး ဝေါလ်မတ်ရဲ့ အမှာစာအတွက် အတွင်းခံဘောင်းဘီတွေ ဖြစ်ပါတယ်။
‘‘အစိုးရက ကျွန်တော်တို့ကို ကတိက၀တ်တွေ ပေးထားတယ်။ ဒီမှာ ၂၄ နာရီပတ်လည် လုပ်သား ရရှိမယ်။ ဒီမှာ စက်ရုံဆောက်ပါလို့ ပြောတယ်။ အကျင့်ပျက်ခြစားတာ ဘာတစ်ခုဆို တစ်ခုမှ မရှိဘူး’’
ဟ၀ါဆာစက်မှုဥယျာဉ် ထူထောင်တာ မြန်ဆန်တယ်။ နိုင်ငံပိုင် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပုံစံတူ အရွယ်တူ အထည်အလိပ်စက်ရုံ အဆောက်အဦ ၅၆ လုံးကို ကိုးလအတွင်း အပြီးဆောက်ပေးခဲ့တယ်။ အီသီယိုးပီးယား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၂၅၀ ရှိတယ်။

1400x 1 1


စက်မှုဥယျာဉ်ထဲမှာ “one-stop” အကူအညီပေးတဲ့ရုံးခန်း ရှိတယ်။ သွင်းကုန်လိုင်စင်၊ ပို့ကုန်လိုင်စင်၊ ဗီဇာ စတာတွေ လုပ်ဆောင်ပေးတယ်။ အလုပ်သမားတွေလည်း ရွေးချယ်ပေးတယ်။ အလုပ်လာလျှောက်ကြသူတွေမှာ အများစုက အမျိုးသမီးတွေ ဖြစ်ပြီး ကျေးရွာငယ်ကလေးများမှ ဝေးလံတဲ့ခရီးဖြင့် လာကြသူတွေ ဖြစ်တာ များတယ်။
သူတို့ လုပ်ခ တစ်လကို ဘယ်လောက်ရမလဲ။ ၂၅ ကန်ဒေါ်လာ အနည်းဆုံး ရကြပါတယ်။ လက်ရဲ့ ကျွမ်းကျင်နိုင်နင်းမှုကို စစ်ဆေးရေး ပြုလုပ်ပြီး သူတို့ကို သုံးမျိုးသုံးစား ခွဲခြားတယ်။ ပထမတစ်မျိုးက အချုပ်အလုပ်အတွက် ပါရမီရှိပြီးသားလို့ ဆိုရမယ့်သူတွေဖြစ်ပါတယ်။ အပ်ချုပ်စက်နဲ့ လုပ်ကိုင်ဖို့ မွေးလာသူတွေလို့ ပြောရင်ရလောက်တယ်။ သူတို့လို စက်ချုပ်ဖို့ လက်မလာတဲ့သူတွေကို နှစ်နဲ့ သုံး ဆိုပြီး ခွဲခြား သတ်မှတ်တယ်။ နှစ်တွေက စက္ကူကတ်ထူဘူးထဲ အ၀တ်အစားတွေထည့်တဲ့အလုပ်ကို လုပ်ကြရမှာဖြစ်ပြီး သုံးတွေကတော့ သန့်ရှင်းရေးအလုပ်သမတွေ ဖြစ်ပါတယ်။ စက်ရုံကြမ်းပြင်ကို လှဲကျင်း သန့်ရှင်းရေး လုပ်ကြရမယ်။

 

1400x 1

 

ကမ္ဘာ အ၀တ်အစားလုပ်ငန်းနယ်ပယ်က အခိုက်အတန့်အသစ်တစ်ခုကို ဆိုက်ရောက်နေပြီ။ အာဖရိကရဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ သန်း ၁၀၀ ရှိတဲ့ ကုန်တွင်းပိုင်းနိုင်ငံ အီသီယိုပီးယားဟာ အမေရိကန်ဈေးကွက်ထဲကို အ၀တ်အစားတွေ အလုံးအရင်းနဲ့ ပစ်သွင်းတဲ့ အခိုက်အတန့်ကို ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။
အစိုးရက အထည်အလိပ်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းအားထုတ်နေတယ်။ အခွန်အခ သက်ညှာမှုတွေ ပေးတယ်။ အခြေခံ အဆောက်အအုံတွေ ထူထောင်ပေးဖို့လည်း ကတိပေးထားတယ်။ လုပ်သားခက မတရားသက်သာနေတယ်။ ဒီတော့ အနောက်နိုင်ငံမှ Guess, Levi’s, H&M နဲ့ အခြား brand တွေ အီသီယိုးပီးယားကို ရောက်လာကြတယ်။ အဲဒီအထဲမှာ အရင်က တရုတ်နဲ့ သီရိလင်္ကာတို့မှာ ချုပ်ခဲ့တဲ့သူတွေလည်း ပါတယ်။ အီသီယိုးပီးယားမှာ လုပ်သားခ သက်သာတယ်။ အခွန်သက်သာတယ်.။ အစိုးရက ထောက်ကူပေးနေတယ်။ စက်မှုဥယျာဉ်တွေလည်း ထူထောင်ပေးနေတယ်။ ဟ၀ါဆာစက်မှုဥယျာဉ်ဟာ အစိုးရက ဗဟိုဦးစီးစနစ်ဖြင့် ဖော်ဆောင်နေတဲ့ အစီအစဉ်တွေထဲမှ တစ်ခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကစလို့ အီသီယိုးပီးယားမှာ စက်မှုဥယျာဉ်တွေ ထူထောင်ခဲ့တာ လေးခု ရှိပြီ။ အများပိုင် စက်မှုဥယျာဉ်တွေ ဖြစ်ပြီး ၂၀၂၀ မတိုင်ခင်မှာ နောက်ထပ် ၈ ခု ထပ်မံထူထောင်ပေးသွားဖို့ အစီအစဉ် ရှိတယ်။
စက်မှုလုပ်ငန်းရှင်တစ်ဦး အီသီယိုးပီးယားမှာ လာရောက်လုပ်ကိုင်တဲ့အခါ ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို ပထမ ငါးနှစ် ခံစားခွင့် ရှိတယ်။ စက်ရုံထူထောင်ဖို့ အရင်းအနှီးပြုဖို့ တင်သွင်းတဲ့ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေအပေါ် အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားတယ်။
အဲဒီအခါ အများဆုံးဝင်လာတာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ချေးငွေအကူအညီ ကန်ဒေါ်လာ ၁၀.၇ ဘီလျံ ပေးခဲ့တယ်။ အဲဒီအတွက် ဆောက်လုပ်ရေးလုပ်ကိုင်တာတွေကို တရုတ်ကုမ္ပဏီတွေ လုပ်ခွင့်ရကြတယ်။ ရေကာတာ၊ လမ်းတံတား။ မိုဘိုင်းဖုန်းကွန်ရက် စတာတွေကို တရုတ်ကုမ္ပဏီတွေ ကန်ထရိုက်ရကြတယ်။ မြိုးမြိုးမြက်မြက် ရကြတယ်။

 


 


ဟ၀ါဆာစက်မှုဥယျာဉ်ကို လယ်မြေပေါ်မှာ တည်ဆောက်ထားတယ်။ ဟ၀ါဆာမြို့ငယ်လေးအနီးမှာ တည်ရှိတာမို့ ဟ၀ါဆာစက်မှုဥယျာဉ်လို့ အမည်တွင်တယ်။ အထည်အလိပ်နဲ့ အ၀တ်အစား ထုတ်လုပ်ရေး ဗဟိုချက်တစ်ခုအဖြစ် ထူထောင်တယ်။ လယ်သမား အိမ်ထောင်စု ၅၀၀ ၀န်းကျင် အိုးအိမ်စွန့်ခွာပေးခဲ့ရတယ်။ မြေနှစ်ဧကခွဲ ဆုံးရှုံးသွားတဲ့ အူရီစီဒင်စာ ဆိုတဲ့ လယ်သမားက အသက် ၆၉ နှစ်ရှိပြီ။ လျော်ကြေး ကန်ဒေါ်လာ ၃၇ ၀၀၀ နဲ့ ညီမျှတဲ့ငွေတွေ ရမယ်။ သားသမီးတွေ အလုပ်ရမယ်လို့ ကတိပေးထားပေမဲ့ တကယ်တမ်းကျတော့ ကန်ဒေါ်လာ ၆၀၀၀ နဲ့ ညီမျှတဲ့ငွေကိုသာ ရတယ်။ သူ ၁၇ နှစ်လုပ်ကိုင်ခဲ့တဲ့ လယ်မြေကွက်ကတော့ စက်မှုဥယျာဉ်ပိုင်မြေ ဖြစ်သွားခဲ့ပြီ။
စက်ရုံမှာ အလုပ်လုပ်ရတာ သက်သာမယ်လို့ ထင်ထားတဲ့ အမျိုးသမီးတွေ သူတို့ ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို တွေ့ကြုံရတယ်။ နေ့လည်စာ စားဖို့ အချိန် နာရီဝက်ပဲ ရတယ်။ ကျောတွေ တောင့်နေအောင် အလုပ်လုပ်ရတယ်။ နေထိုင်မကောင်း ခဏခဏ ဖြစ်ကြတယ်လို့ သူက ပြောပြတယ်။
စက်မှုဥယျာဉ်မှာ လုပ်ကိုင်နေတဲ့ သီရိလင်္ကာသား မန်နေဂျာတစ်ဦးက အခုလို သုံးသပ်ပြတယ်။ ‘‘အီသီယိုးပီးယားက တစ်ခါမှ ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့ဖူးဘူး။ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေက ပြည်သူလူထုကို ပင်ပန်းတဲ့ စက်မှုလုပ်ငန်းအလုပ်မှာ လုပ်ခိုင်းခဲ့တာ မရှိဘူး။ သူတို့ရဲ့ သမိုင်းမှာ အဲဒီလို ပင်ပင်ပန်းပန်း မလုပ်ခဲ့ကြရတာကို သူတို့က ဂုဏ်ယူကြတယ်။ အဲဒီစိတ်က သူတို့ကို နောက်ပြန်တွန်းနေတယ်’’

 


 

 

1400x 1 2

 

တရုတ် အ၀တ်အစားထုတ်လုပ်ရေးလုပ်ငန်းIndochine International ရဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ ဘောင်းဘီရှည် ချုပ်ရတဲ့ စက်ချုပ်သမတွေကို ကြီးကြပ်ပေးတဲ့အလုပ်ကို လုပ်ခဲ့ဖူးတဲ့ အမျိုးသမီးက အခုလို ပြောပြတယ်။
‘‘ကျမ လက်အောက်မှာ စက်ချုပ်သမ ၄၀ ယောက် ရှိတယ်။ ဘောင်းဘီရှည်တွေ ချုပ်လုပ်ပေးကြရတယ်။ သတ်မှတ်ထားတဲ့ အရေအတွပ် မပြီးရင် စက်ရုံမှူးက အော်ဟစ် ကြိမ်းမောင်းတော့တာပဲ။ အဲဒီအခါ အမျိုးသမီးတွေက အလုပ်ကို ပိုနှေးပြီး လုပ်ကြတယ်။ တချို့က အိမ်သာထဲ သွားပုန်းနေကြတယ် တချို့က စက်ရုံအပြင်ကို ထွက်သွားကြတယ်။ သူတို့က အလုပ်ကို ပိုမြန်အောင်လုပ်ဖို့ စိတ်ကူးမရှိကြဘူး’’
စက်ချုပ်သမများနှင့် နိုင်ငံခြားသား စက်ရုံမှူးတို့အကြား သူမက ကြားညပ်နေတယ်။ ကြာလာတော့ ဒဏ်မခံနိုင်တော့လို့ အလုပ်ထွက်လိုက်တယ်။ ကျောကို လက်ဝါးနဲ့ အရိုက်ခံရသူလည်း ရှိတယ်။ အလုပ်တွေ မပြီးလို့ အလုပ်ပိတ်ရက်မှာ ဆင်းရရင် အချိန်ပိုလုပ်ခ မရဘူး။ ညဘက်အထိ အချိန်ပို ဆင်းရရင်လည်း အချိန်ပိုလုပ်ခ မရကြဘူး။
‘‘ကျမက စက်ရုံမှူးကို ပြောပြတယ်။ သူတို့ကို သင်တန်းလည်း ပေးမထားဘူး။ ဒီတော့ အရည်အချင်း မပြည့်မီကြဘူး။ အဲဒါကြောင့် တစ်နာရီမှာ ဘောင်းဘီရှည် အထည် ၁၂၀ ပြီးဖို့ မမျှော်လင့်အပ်ဘူး။ အတင်းတွန်းပြီး ခိုင်းရင် ထုတ်ကုန်တွေ ထိခိုက်ပျက်စီးအောင် သူတို့ လုပ်ကြလိမ့်မယ်’’
အခုတော့ သူမက ဟိုတယ်တစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာ လုပ်ကိုင်နေတယ်။ ရတဲ့လလက စက်ရုံမှ ရတဲ့လခနဲ့ မတိမ်းမယိမ်းပဲ။ ဒါပေမဲ့ ဒဏ်မပိဘူး။ စိတ်ချမ်းသာတယ်။

 

အပိုင်း(၂)ကို ဆက်လက်ဖတ်ရှုရန် အောက်ပါ ပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်

http://www.textiledirectory.com.mm/articles/item/757-made-in-ethiopia-by-china-part-two.html

ETHI link 2

Read 1986 times
Rate this item
(0 votes)