What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးအားဖြည့်ဆောင်ရွက်လျက်ရှိဟု ကျန်းမာရေးဝန်ကြီးပြော

စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးအားဖြည့်ဆောင်ရွက်လျက်ရှိဟု ကျန်းမာရေးဝန်ကြီးပြော google

ယခုအချိန်၌ လူအများစုဝေးရာနေရာများဖြစ်သည့် ဈေးများမှ တစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးတို့ကိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြည်သူများသို့ အသိပေးထုတ်ပြန် ပြောကြားခဲ့သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကယခုအချိန်၌ အဓိကဆောင်ရွက်နေသည့် အချက် (၃)ချက်မှာဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများအားရောဂါကူးစက်မှုမဖြစ်စေရေးနှင့် လူနာများအသက်သေဆုံးမှုမရှိစေရေး၊ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုသည့်နေရာ၊ အဆောက်အဦ (Quarantine center) များပိုမိုရရှိရေးနှင့် စနစ်တကျ ပီပြင်စွာစီမံခန့်ခွဲမှုရရှိနိုင်ရေးနှင့် ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကိုစုံစမ်း၊ ဖော်ထုတ်ရှာဖွေကာ (Contact tracing) ဓါတ်ခွဲစစ်ဆေးပြီးလိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

 

ကပ်ရောဂါသည် မြန်မာနိုင်ငံ၌ မည်သည့်အချိန်၌ ပြီးဆုံးမည်ကိုအတိအကျ မပြောနိုင်သော်လည်း ပြည်သူများပူးပေါင်းပါဝင်မှုနှင့် စည်းကမ်းလိုက်နာမှုကောင်းလျှင် ကောင်းသလို၊ များလျှင်များသလိုကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန် ကျဆင်းသွားပြီး နိုင်နင်းသောအခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်မှာသေချာကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

 

ယခုအချိန်၌ အထိရောက်ဆုံးနှင့် ငွေကုန်ကြေးကျမရှိဆုံးနည်းဗျူဟာမှာ ပြည်သူများမိမိအိမ်တွင်သာ နေထိုင်ပြီးမဖြစ်မနေကိစ္စရပ်များအတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းပင် ဖြစ်ကြောင်း ၊ ကပ်ရောဂါ ထပ်မံပျံ့နှံ့ကူးစက်မှုကိုအနည်းဆုံးဖြစ်စေရန် မိမိတို့၏ ပြည်သူ့ကျန်းမာရေးပညာရှင်များက လုပ်သင့်လုပ်ထိုက်သည်များအားလုံးကိုဆောင်ရွက်နေသည့်အပြင် ကပ်ရောဂါ ဗေဒသဘောသဘာဝအရ ပြောင်းလဲနေသည့်ဖြစ်စဉ်ပေါ်မူတည်၍ မိမိတို့သည် နည်းဗျူဟာများကိုလိုအပ်လျှင် လိုအပ်သလိုပြောင်းလဲကျင့်သုံးလျက်ရှိကြောင်းလည်းပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွက် စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သောနေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်၏ ထိရောက်မှုမှာအနည်းဆုံး (၂)ပတ်အကြာမှသိသာထင်ရှားသောအကျိုးရလဒ် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

 

ယခုလောလောဆယ်၌ လူနာများသေဆုံးမှုနည်းပါးစေရန် မိမိတို့၏ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ နှီးနွှယ်ဘာသာရပ်အမျိုးမျိုးမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆေးရုံအုပ်ကြီးများကဆေးရုံများ၌ လူနာများအားနေ့မအား၊ ညမနားအစွမ်းကုန် ကုသပေးလျက်ရှိကြောင်း ၊ ထို့အပြင် ကုသရေးပိုင်းဆိုင်ရာဝန်ထမ်းများနှင့် ပညာရှင်များအဆင်ပြေစွာလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ အထူးပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်းပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦးရှိပြီးသေဆုံးသူပေါင်း ၁၀၀ ဦးထိရှိလာခဲ့ကြောင်းသိရသည်။

 

Xinhua

Read 621 times
Rate this item
(0 votes)