What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူ ၇၀၀ ကျော်ရှိသည့် အထည်ချုပ်စက်ရုံမှ လုပ်သား တဦးတွင် ကိုဗစ်ပိုးတွေ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူ ၇၀၀ ကျော် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင် ဟီရှန်အထည်ချုပ်စက်ရုံမှ

အလုပ်သမတဦးထံတွင် စက်တင်ဘာ ၁၉ ရက်နေ့က ကူးစက်မြန် COVID – 19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့၊ ဟီရှန်အထည်ချုပ်စက်ရုံမှ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတဦးမှာ စက်တင်ဘာ ၁၆ ရက်နေ့က စတင်၍ ဖျားနာနေသဖြင့် စက်ရုံမှခွင့်ယူပြီးနောက် သူမနေထိုင်ရာ ကန်ကြီးထောင့်မြို့နယ်အတွင်းမှ ကျေးရွာရှိ သားဖွားဆေးခန်းတွင် ဆေးထိုးခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အနံ့ပျောက်သွားသည့်အတွက် ပုသိမ်မြို့ရှိ လူထု အခြေပြုဆေးခန်း – Community Fever Clinic သို့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ပြသခဲ့ပြီး အဆိုပါ ဆေးခန်းမှ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ လွဲှပြောင်းပို့ဆောင်ခဲ့ရာ ပုသိမ်ဆေးရုံ၌ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “ပိုးတွေ့လူနာကို လောလောဆယ် ပုသိမ်ဆေးရုံကြီးမှာ ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။ သူမနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူ ၂၀ ဦးကို ကွာရန်တင်းထည့်ထားပါတယ်။ နောက်ထပ်လည်း ထပ်ရှာနေပါတယ်” ဟု ပြောသည်။

ပိုးတွေ့ခဲ့သူလူနာအမျိုးသမီးမှာ COVID – 19 ရောဂါပိုး ရှိသူနှင့် ထိတွေ့ခဲ့မှုမရှိသလို ခရီးသွားရာဇဝင်မရှိသူလည်းဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံက သိရသည်။

ဟီရှန်အထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာ အမျိုးသမီးအလုပ်သမားနှင့် တိုက်ရိုက်ထိတွေ့ခဲ့သဖြင့် ပုသိမ် ကွာရန်တင်းစင်တာတွင် အသွားအလာကန့်သတ်ထားသူများမှာ သူမနှင့် ကားအတူစီးခဲ့သူ ၇ ဦး၊ စက်ရုံတွင် အလုပ်အတူလုပ်သူ စက်ရုံအလုပ်သမား ၈ ဦးနှင့် လူနာ၏မိသားစုဝင် ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လူ ၂၀ ဦးထဲမှ အရေးကြီးသူ ၉ ဦးကို ယနေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ကိုဗစ်လူနာ တွေ့ရှိခဲ့သည့် ဟီရှန်အထည်ချုပ်စက်ရုံကို ယာယီပိတ်ထားပြီး လူအင်အား ၇၀၀ ကျော် ရှိသည့် စက်ရုံအလုပ်သမားနှင့် ဝန်ထမ်းအားလုံး အပြင်မထွက်ဘဲ နေအိမ်၌ Stay at Home နေထိုင်ကြရန် ဧရာဝတီတိုင်း ပြညန်သူ့ကျန်းမာရေးဦးစီးဌာနက ညွန်ကြားထားသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က ”စက်ရုံကို အချိန်ကာလတစ်ခုအထိ ယာယီပိတ်သိမ်း ထားသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိမ်းချုပ်ရေးကော်မတီကို ကျနော်တို့ ကျန်းမာရေး ဌာနက တင်ပြထားပါတယ်” ဟု ပြောသည်။

ပိုးတွေ့လူနာ အလုပ်သမားမှာ နေမကောင်းဖြစ်သည့် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ အလုပ်မဆင်း စေဘဲ ခွင့်ဖြင့်နေအိမ်တွင် နားနေခဲ့ခြင်းကြောင်း၊ သူမ အနံ့မရ၍ ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ချိန်မှစတင်ကာ သူမနှင့်အတူ အလုပ် လုပ်ခဲ့သူ အလုပ်သမား ၄၀ ကျော်ကို ခွင့်ပေး၍ အလုပ်မဆင်းခိုင်းဘဲ နေအိမ်တွင် နားစေခဲ့ကြောင်း ဟီရှန် အထည်ချုပ်စက်ရုံ တာဝန်ရှိသူက ပြောသည်။

အခု အခြေအနေမှာ စက်ရုံအနေနဲ့ ကိုယ့်ဘာသာ ရပ်နားလိုက်လို့ မရဘူး။ အစိုးရဌာနတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်နေပါတယ်

ဟီရှန်အထည်ချုပ်စက်ရုံ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ တာဝန်ရှိသူတဦးက “စက်ရုံက သူနေမကောင်းတဲ့ နေ့ကစပြီး အလုပ်မဆင်းဘဲ အိမ်မှာပဲနားဖို့ ခွင့်ပေးထားပါတယ်။ သူက Fever Clinic ကို လာပြပြီး ဆေးရုံကြီးကို ရောက်တဲ့နေ့မှာပဲ သူနဲ့ပတ်သတ်တဲ့ ဝန်ထမ်း ၄၀ ကျော်ကို ကျနော်တို့ ပေးနားခဲ့ပါတယ်။ အခု အခြေအနေမှာ စက်ရုံအနေနဲ့ ကိုယ့်ဘာသာ ရပ်နားလိုက်လို့ မရဘူး။ အစိုးရဌာနတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်နေပါတယ်” ဟု ပြောသည်။

ပြည်ပမှ ကုန်ကြမ်းရယူ၍ ကုန်ချောထုတ်လုပ်ကာ ပြန်လည်တင်ပို့သည့် ပုသိမ်စက်မှုဇုန်မှ တရုတ်နိုင်ငံသားပိုင် ဟီရှန် အထည်ချုပ် စက်ရုံမှာ ၂၀၁၅ ခုနှစ်ကစတင်၍ လည်ပတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အလုပ်သမားပေါင်း ၇၀၀ ကျော် အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ကူးစက်မြန် COVID – 19 ရောဂါပိုး တွေ့ရှိသူများ တဖြည်းဖြည်းများပြားလာခဲ့ရာ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ စာရင်းအရ ကိုဗစ် အတည်ပြုလူနာ ၁၀၆ ဦး ရှိပြီး တိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုရှိသည့်အနက် မြို့နယ် ၂၁ ခုတွင် COVID – 19 ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှုအများဆုံးမှာ ပုသိမ်မြို့နယ်ဖြစ်ပြီး ဖျာပုံနှင့် မအူပင်တို့မှာ ဒုတိယနှင့် တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

 

irrawaddy

Read 699 times
Rate this item
(0 votes)