တရုတ်နိုင်ငံ ကွမ်းရှီးဒေသရဲ့ ပညာရေး ဦးစီးဌာန၊ ကွမ်းရှီး နိုင်ငံတကာ စီးပွားရေး အသက်မွေးမှု ကောလိပ် နှင့် ကွမ်းရှီး ချည်မျှင် စက်မှုကျောင်းတို့ ပူးပေါင်း စီစဉ်တဲ့
သင်ကြားမှု အစီအစဉ်မှာ မြန်မာလူငယ်အယောက် နှစ်ဆယ်ကို သွားရောက် ပညာသင်ကြားစေမယ် လို့ မြန်မာနိုင်ငံအထည်အလိပ် လုပ်ငန်း အသင်း က ပြောပါတယ်။
ဒီအစီအစဉ်မှာဆိုရင် ဝါတွေကို ချည်ငင်ခြင်း၊ ယက်လုပ်ခြင်း၊ ဆေးဆိုးခြင်း အတတ်ပညာတွေကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်၊ နန်နင်းမြို့ သို့ ဂျွန်လ ၁၀ ရက်နေ့မှာ သွားရောက် လေ့လာရမှာ ဖြစ်ပါတယ်။
သွားရောက် သင်ကြားရမယ့်သူတွေကတော့ ဝမ်းတွင်း၊ မိတ္ထီလာ၊ ပြည်၊ ရွှေတောင် နဲ့ ရွှေဘိုက အထည်အလိပ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အထည်အလိပ် လုပ်ငန်း ဥက္ကဌ ဦးတင်မျိုးဝင်းက ပြောခဲ့ပါတယ်။
အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကတော့ အထည်အလိပ် ထုတ်လုပ်မှုက အရေးပါတဲ့အတွက် နိုင်ငံတကာ ဈေးကွက်ကို ပို့ကုန်တွေ ပိုမို တင်ပို့နိုင်စေရန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ချည်မျှင်နဲ့ အထည်အလိပ်တွေ နိုင်ငံတကာ အဆင့်အတန်းနဲ့ အညီ အရည်အသွေးပြည့်မီရန်နှင့် ခေတ်မီစက်သစ်တွေကို အသုံးပြုနိုင်တဲ့ အရည်အချင်းရှိသော ဝန်ထမ်းတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပါတယ်။
ကုန်ကျစရိတ်အနေနဲ့ တရုတ်အစိုးရက မြန်မာလူငယ်တွေအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်ကို တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကို သွားရောက်မယ့် လေယာဉ်လက်မှတ်ရဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ မြန်မာ လူငယ်တွေက ပေးဆောင် ရမယ်လို့ သိရှိရပါတယ်။
ပညာသွားရောက် သင်ယူဖို့ ဘာလို့ တရုတ်နိုင်ငံကို ရွေးချယ်ခဲ့သလဲ ဆိုရင်တော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဝါဂွမ်းနဲ့ အထည်အလိပ် စက်မှုလုပ်ငန်းအတွက် ပထမနေရာမှာ ရပ်တည်လျှက် ရှိတာကြောင့်ပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းရှိ ချည်မျှင်နှင့် အထည်အလိပ်တွေကို ဝယ်လိုအားထက် ကျော်လွန်ပြီး ရောင်းချနေရတဲ့အထိ အထည်ချုပ်လုပ်ငန်းမှာ အောင်မြင်တဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်လို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လကလည်း မြန်မာလူငယ်တွေ ကွမ်းရှီး ချည်မျှင် စက်မှုကျောင်းကို သွားရောက် လေ့လာ ခဲ့ပါသေးတယ်။
အဲ့ဒီလူငယ်တွေ ပြန်ရောက်လာပြီးတဲ့နောက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သူတို့ အသုံးပြုခဲ့တဲ့ စက်တွေ၊ စက်မှုလုပ်ငန်း၏သဘောသဘာဝတွေ၊ သင်ကြားပေးတဲ့ ဆရာတွေ အရည်အချင်း ပြည့်မီခြင်း ရှိမရှိ ကို စစ်တမ်းကောက်ယူပြီး အဆင်ပြေတယ်ဆိုမှ နောက်ထပ် သွားရောက်လေ့လာဖို့အတွက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ သုံးဖွဲ့ ရွေးချယ်ထားပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ တရုတ်နိုင်ငံသို့ ပညာသင်စေလွှတ်မှာ ဖြစ်ပါတယ်။
ဝါဂွမ်းနဲ့ အထည်အလိပ်လုပ်ငန်းကဏ္ဍဟာ မြန်မာနိုင်ငံ ပို့ကုန် မဟာဗျူဟာအတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်လို့ စက်မှုလုပ်ငန်း အဖွဲ့အစည်း ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး က ပြောကြား ခဲ့ပါတယ်။
Source: Myanmar Time
Myanmar Textile and Garment Directory