What's new

×

Warning

JUser: :_load: Unable to load user with ID: 845


GTI အင်းစိန်တွင် ဖက်ရှင်နည်းပညာသင်တန်းကျေင်း ဖွင့်လှစ်မည်

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ဖက်ရှင်နည်းပညာ သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနှင့် ညှိနှိုင်းလျက်ရှိပြီး ကနဦးအနေဖြင့် အထည်ချုပ်နည်းပညာ ဆရာဖြစ်သင်တန်းကို ပြည်ပပညာရှင်များဖြင့် သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ဒေါ်ခိုင်ခိုင်နွယ်က “လောလောဆယ်မှာတော့ အထည်ချုပ်နည်းပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တိုးချဲ့လုပ်သွားမယ်။ နောက်ပိုင်းမှာတော့ ဖက်ရှင်နည်းပညာ သင်တန်းကျောင်းဖွင့်လှစ်နိုင်ဖို့အထိ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ဆက်လက်၍၎င်းက “အဲဒီသင်တန်းကျောင်းမှာဆိုရင် တစ်နေရာတည်းမှာ အထည်ချုပ်နဲ့ ပတ်သက်တဲ့ နည်းပညာတွေလည်းသင်မယ်။ စက်ပြင်တဲ့ သင်တန်းအပြင် ဒီဇိုင်းဆွဲတဲ့ သင်တန်းတွေ၊ ယက်လုပ်တဲ့သင်တန်းတွေလည်း သင်မယ်။ ဝယ်သူနဲ့လုပ်ငန်းရှင်တွေ ဆွေးနွေးလို့ရ မယ့်နေရာ တွေလည်းပါမယ်။
တစ်နေရာတည်းမှာ အထည်နဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေ တစ်နေရာတည်းကနေ ပေးဖို့အတွက် အနာဂတ်မျှော်မှန်းချက်ပါ။
ဒါတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ပြောနေတာတွေရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဖက်ရှင်နည်းပညာ သင်တန်းကျောင်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ြမို့နယ်ရှိ GTI ကျောင်း၌ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ ကနဦး ခြေလှမ်းအနေဖြင့် အဆိုပါကျောင်း၌ ပထမအကြိမ် အထည်ချုပ် နည်းပညာ ဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှစတင်၍ တစ်လခွဲကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဖက်ရှင်နည်းပညာနှင့် အထည်ချုပ်ကဏ္ဍ ရေရှည်တွင်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်မည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံမှ ပညာရှင်သုံးဦးက အထည်ချုပ်လုပ်မှု၊ အုပ်ချုပ်မှု၊ အလုပ်ခန့်ထားမှု၊ စက်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှု၊ လုပ်ငန်းခွင်ဆိုင်ရာစီမံခန့်ခွဲမှု စသည့် အထည်ချုပ်ဆိုင်ရာ ပညာရပ်များကိုသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ရှေ့ခရီးစဉ်အတွက် ဒီသင်တန်းဟာ ပထမခြေလှမ်းဖြစ်တဲ့အတွက် နောက်တက်မယ့်ခြေလှမ်းတွေကလည်း မြန်မာနိုင်ငံမှာ အထည်နဲ့ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးပြီးတော့အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရရှိလာပြီး တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတစ်ခုအထိ ပံ့ပိုးဖို့ရည်ရွယ်ထားပါတယ်”ဟု ပြောသည်။
ဆက်လက်၍၎င်းက “အခုဆိုရင်ကျွန်မတို့ရဲ့ အထည်ချုပ်လုပ်ငန်းက ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးတွေမှာ တော်တော်ဖွံ့ဖြိုးနေပြီ။ အဲဒီလို စက်ရုံတွေရှိတဲ့ နေရာမျိုးကို ဆရာဖြစ်သင်တန်းဆင်းထားတဲ့ သင်တန်းကျောင်းတွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေလွှတ်ပြီးတော့ သင်ကြားပေးမယ်။ အဲဒီနေရာမှာရှိတဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအနေနဲ့ ဒီပညာတွေရပြီး အလုပ်ရုံထဲဝင်လို့ရအောင်အထိ ရည်ရွယ်ချက်ရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် အခြေခံစက်ချုပ် နည်းပညာသင်တန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်း၌ အခမဲ့သင်တန်းများ ပို့ချပေးလျက်ရှိသည်။ အဆိုပါ သင်တန်းများကို ၁၅ ရက်တစ်ကြိမ် ခေါ်ယူလေ့ရှိကာ သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ပြီး သင်ကြားရာတွင် စက်ရုံများကို နှစ်ရက်ကြာ ကွင်းဆင်းလေ့လာမှုလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများနှင့်ပတ်သက်၍ ဒေါ်ခိုင်ခိုင်နွယ်က “သင်တန်းသား၊ သင်တန်းသူတွေကို သင်ကြားရေးနဲ့ စာအုပ်စာတမ်းတွေ ကျွန်မတို့က အခမဲ့ပေးတယ်။ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးလုပ်တဲ့အခါမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ သင်တန်းသား၊ သင်တန်းသူတွေကို ထမင်းကျွေးတဲ့အပြင် လမ်းစရိတ်လည်း ထောက်ပံ့ပေးပါတယ်။ ဒါ့ကြောင့် သင်တန်းတက်တဲ့သူတွေလည်း ပိုများလာပါတယ်။ သင်တန်းဆင်းတဲ့ သူတွေထဲက ၉၅ ရာခိုင်နှုန်းလောက်က စက်ရုံ၊ အလုပ်ရုံတွေထဲကို ရောက်ကြပါတယ်”ဟု ဆိုသည်။
နိုင်ငံတစ်ဝန်း၌ အထည်ချုပ်စက်ရုံများ တိုးတက်လာခြင်း ရင်းနှီးမြှပ်နှံမှုများပိုမိုဝင်ရောက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ပို့ကုန်တန်ဖိုးမြှင့်တင်နိုင်ခြင်းတို့ကြောင့် လက်ရှိတွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် ကိုရီးယားနိုင်ငံ၊ တတိယအနေဖြင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း၌ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင် အထည်ချုပ် စက်ရုံပေါင်း ၅၀ဝ ကျော်ရှိပြီး ယင်းအထည်ချုပ် စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမား ငါးသိန်းခန့်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထည်ချုပ် စက်ရုံပေါင်း ၄၀ဝ ကျော်ရှိပြီး အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမား လေးသိန်းခန့်ရှိကြောင်း သိရသည်။

 

Source:myanmar digital news

Read 5879 times
Rate this item
(1 Vote)