အလုပ်သမား အခွင့်အရေးများအား လိုက်နာဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ပူးပေါင်း၍ အထည်ချုပ်လုပ်ငန်းများ၌ ကလေးလုပ်သားမခန့်အပ်ရေးကို အပိုင်းသုံးပိုင်းဖြင့် ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ထံမှ သိရသည်။
အဆိုပါ အစီအစဉ်ကို အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ပထမပိုင်းအနေဖြင့် အသင်းဝင်များ၏ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ဆောင်မည်ဖြစ်ပြီး ဒုတိယပိုင်းတွင် တစ်ဆင့်ခံအလုပ်ရုံများ၌ လုပ်ဆောင်ကာ တတိယပိုင်းတွင် ပြည်တွင်းလုပ်ငန်းများအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အသိပညာပေးခြင်းကိုစတင်ပြီး အသိပညာပေးခြင်း၊ စစ်တမ်းကောက်ယူခြင်း စသည်တို့ကို ဦးစားပေးအနေဖြင့် သိရှိစေရန် လုပ်ဆောင်မည်ဖြစ်သည်။
အလုပ်သမားအခွင့်အရေးများကို လိုက်နာသည့်အနေဖြင့် အဓိက ကလေးလုပ်သားကို စတင်ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်ပြီး ဆက်လက်၍ အလုပ်ရှင်နှင့်အလုပ်သမားကြား လေးစားလိုက်နာသည့်သဘောနှင့် လူ့အခွင့်အရေးများကို လိုက်နာရမည့် အပိုင်းများအား ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Source: Myawady