What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘက်ညီမျှတစွာ လျှောက်လှမ်းခြင်းဖြင့် ဖွံ့ဖြိုးလာမည့် မြန်မာ့ အထည်ချုပ် လုပ်ငန်း

လက်ရှိတွင် ဥရောပဈေးကွက်သို့ အဓိက တင်ပို့နေရသည့် မြန်မာ့အထည်ချုပ် လုပ်ငန်းသည် စိန်ခေါ်မှုများစွာ တွေ့ကြုံဖြတ်သန်းနေရသော အခြေအနေတွင် ရှိနေသည်။

၂ဝ၁၄ ခုနှစ်မှ စတင်ဖွံ့ဖြိုးလာသည့် မြန်မာ့အထည်ချုပ် လုပ်ငန်းမှ ထုတ်ကုန်များကို အဓိကအားဖြင့် ဥရောပအပြင် ဂျပန်နှင့် တခြားဈေးကွက်များသို့ တင်ပို့လျက်ရှိသည်။

ဈေးကွက်အနေအထားအရ တိုးတက်မှုမှာ တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းခန့်အထိ တိုးတက်လျက်ရှိကာ ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၇ ဘီလီယံရရှိခဲ့ရာ နှစ်စဉ်တိုးတက်မှုနှုန်းအရ ၂ဝ၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ခန့်မှန်းထားသော်လည်း စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

‘’အမေရိကန်ဈေးကွက်က တဖြည်းဖြည်း တက်လာတယ်။ ဈေးကွက် အနေအထားကတော့ တစ်နှစ်ထက်တစ်နှစ် တက်လာတယ်။အဲဒီလိုတက်လာတာကို ထိန်းကျောင်းပြီး ဆက်တက်ဖို့ကိုတော့ ကြိုးပမ်းဆောင်ရွက်နေ ပါတယ်’’ ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုး ကပြောသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ပုံစံသည် လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခြင်းဖြစ်ပြီး အဓိကကုန်ကြမ်း အများစုမှာ တရုတ် နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။

လတ်တလောတွင် ကြီးမားသည့် အခက်အခဲများ မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှု မလုံလောက်သည့် အခက်အခဲများနှင့် တွေ့ကြုံနေရပြီး သေးငယ်သည့် အခက်အခဲများပင် တွေ့ကြုံရခြင်း ကြာမြင့်ပါက ယှဉ်ပြိုင်မှုကို အားလျော့စေနိုင်ကြောင်း Unique HTT မှ ဒါရိုက်တာ ဦးအောင်မျိုးဟိန်းက ပြောသည်။

‘’အဓိက လမ်းပန်းဆက်သွယ်ရေးက ကားပိတ်တာပဲ။ ကျွန်တော့်ဝန်ထမ်း ၄ဝ ရာခိုင်နှုန်းလောက် နေ့တိုင်းလိုလို ကားပိတ်လို့ နောက်ကျကြတာ၊ တချို့ရက်ဆို တော်တော် အခြေအနေဆိုးတယ်။ နံနက် ၉ နာရီခွဲမှ ရောက်လာကြတဲ့သူတွေတောင် ရှိတယ်။ဒီဇယ်ဈေးကလည်း နှစ်ဆလောက် တက်သွားတော့ တော်တော်လေး အခက်တွေ့စေပါတယ်’’ ဟု ဦးအောင်မျိုးဟိန်း ကပြောသည်။

ယခင်က လုပ်ငန်းခွင်တွင် လူမှုဘဝ တိုးတက်စေရန် ဆောင်ရွက်ရသည့်စနစ် အောင်မြင်သွားသည့်အခါ အော်ဒါရရှိမှုများ ရှိခဲ့သော်လည်း အနည်းဆုံး လုပ်ခလစာ တိုးမြှင့်လိုက်ရာတွင် ဈေးနှုန်းမကိုက်သောကြောင့် ဝယ်သူများထံမှ ချုပ်ခများ တိုးတောင်းလိုက်သဖြင့် စက်ရုံပြောင်းသွားသော အတွေ့အကြုံများ ရှိနေကြောင်း မင်္ဂလာဒုံရှိ စြေူန အထည်ချုပ်စက်ရုံမှ ပိုင်ရှင် ဒေါ်ကြွေကြွေဇင်ကပြောသည်။

‘’အလုပ်သမားသမဂ္ဂတွေက ဝယ်သူတွေဆီက ချုပ်ခတိုးတောင်းကြည့်ပါ ဆိုတဲ့အခါမှာ ပေးတဲ့ဝယ်သူ အလွန်နည်းပါတယ်။ တစ်ထည်ကို အမေရိကန်ဒေါ်လာ အနည်းငယ် တိုးတောင်းလိုက်တာတောင်မှ ပြည်ပနိုင်ငံကို ရောက်သွားတဲ့ အော်ဒါတွေ အများကြီး ရှိပါတယ်’’ ဟု ဒေါ်ကြွေကြွေဇင်က ၎င်းတို့၏ အခက်အခဲကို ပြောသည်။

ထိုကဲ့သို့ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ခြင်းသည် ပြည်ပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အနည်းဆုံး လုပ်ခလစာသည် နည်းပါးနေသေးကြောင်း၊ ထို့ပြင် အလုပ်သမားများ ရရှိသည့် လုပ်ခလစာသည် လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်း၊ အဆောင်ငှားရမ်းခများနှင့် လောက်ငစေရန် ခြိုးခြံနေရဆဲဖြစ်ကြောင်း သိရသည်။ အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ တစ်ခုတည်း၌ လုပ်ကိုင်နေသည့် လုပ်ငန်း မဟုတ်ဘဲ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံတို့၌လည်း လုပ်ကိုင်နေကြသည့် လုပ်ငန်းဖြစ်ရာ ဈေးကွက်ချင်း၊အရည်အသွေးချင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဈေးကွက်ရပ်တန့်စေမည့် ကိစ္စရပ်များအား နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း နှစ်ဖက်ကို စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။ ဈေးကွက်ကို ရိုက်ခတ်စေနိုင်သည့် အကြောင်းရင်းများတွင် စက်ရုံတချို့၌ လမ်းပေါက်များ ပိတ်ပြီး ဆန္ဒထုတ်ဖော်မှုများ ရှိနေခြင်းလည်း ပါဝင်ကာ အေးချမ်းစွာ ညှိနှိုင်း ဆောင်ရွက်ခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊အလုပ်ရှင်၊ အလုပ်သမားစသည့်သက်ဆိုင်ရာဌာနများပါဝင်သည့် အကြံပေးဘုတ်အဖွဲ့များ ဖွဲ့စည်းကာ ခက်ခဲနေသော အထည်ချုပ် လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ပါက အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)မှ နည်းပညာဆိုင်ရာ အကြံပေး အရာရှိချုပ်နှင့် စီမံကိန်း မန်နေဂျာ Mr. Catherine Vaillancourt- Laflamme က သုံးသပ်ပြောသည်။

ထို့ပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးများ အပြင် လျှပ်စစ်ကဏ္ဍ၊ အခွန်အခကဏ္ဍ၊ အလုပ်သမားများနှင့် ကုန်ထုတ်လုပ်မှုများကို ကျွမ်းကျင်စေရန် လုပ်ဆောင်ပေးသော ကဏ္ဍများလည်း ပါဝင်နိုင်သည့်အပြင် ဘဏ္ဍာရေး ကဏ္ဍတွင် ချေးငွေရရှိရန်ဆိုသည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင် သည့် ကဏ္ဍများလည်း ပါဝင်နိုင်ကြောင်း၊ ဆွေးနွေးပွဲများ ပြုလုပ် ရာတွင် မြေပြင်အခြေအနေများကို သိနေသည့် အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်ရှင်များက ၎င်းတို့သိထားသော မြေပြင်အခြေအနေများကို ဆွေးနွေးပွဲစားပွဲပေါ်သို့ ယူဆောင်လာရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန ကလည်း လာရောက်နားထောင်ကာ ဖြေရှင်းနိုင်မှသာလျှင် မြန်မာ့အထည်ချုပ် လုပ်ငန်း ရှေ့သို့ တိုးတက်မည်ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းများတွင် အလုပ်သမား အခွင့်အရေးများ အပါအဝင် အလုပ်ရှင်များလည်း မနစ်နာရစေရန် နိုင်ငံတကာနှင့်ညီသည့် အလုပ်သမား ဥပဒေများနှင့်နှစ်ဖက်စလုံးအတွက် ဘက်မလိုက်သည့် စီမံခန့်ခွဲမှု လိုအပ်သည့်အပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ လာပါကလည်း မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေရန် လိုအပ်ကြောင်း သိရသည်။

ပြည်ပဝင်ငွေများလည်း နှစ်စဉ်ဘီလီယံနှင့် ချီ၍ ရှာဖွေပေးနိုင်သည့်အပြင် လုပ်သား ငါးသိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးနေသော မြန်မာ့အထည်ချုပ်လုပ်ငန်းသည် လှုပ်ရှားရုန်းကန်ရင်း နှစ်စဉ်ဝင်ငွေများ တိုးတက်လာခြင်း စသည့်အရွေ့များနှင့်အတူ ဆက်လက်ချီတက်နေပြီဖြစ်သည်။

ထိုသို့သော အလုပ်အကိုင် အခွင့်အလမ်းကောင်းများ သိန်းချီပေးနေသည့် မြန်မာ့ အထည်ချုပ်လုပ်ငန်းကို သက်ဆိုင်ရာနှင့် အလုပ်ရှင်၊ အလုပ်သမားများ ဘက်ညီမျှတစွာ ခြေလှမ်းညီညီ လှမ်းကြခြင်းဖြင့် ပိုမိုကောင်းမွန် ဖွံ့ဖြိုးသည့် အနာဂတ်များဆီသို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

source နေနှင်း မြ၀တီ စီးပွားရေးကဏ္ဍ

Read 928 times
Rate this item
(0 votes)