What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘင်္ဂလားဒေ့ရှ်ရဲ့ ရေနံစိမ်း

နိုင်ဂျီးရီးယားသည် အာဖရိကမှ ရေနံစိမ်း ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ရေနံထွက်သည့် နိုင်ငံမဟုတ်ချေ။ ဘင်္ဂလားဒေ့ရှ်၏ ရေနံစိမ်းမှာ အထည်အလိပ်များ ဖြစ်သည်။


နိုင်ဂျီးရီးယားမှ တင်ပို့သည့် ရေနံစိမ်းများကို အများဆုံး ၀ယ်ယူသည့် နိုင်ငံမှာ အိန္ဒိယ ဖြစ်သည်။ နှစ်စဉ် ရေနံစိမ်း ကန်ဒေါ်လာ ၁၀ ဘီလျံ ၀န်းကျင် ရှိသည်။ သို့သော် ရေနံမဟုတ်သည့် ပြည်ပပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဘီလျံအောက်တွင်သာ ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်သည် အထည်အလိပ် ပြည်ပပို့ကုန် တစ်မျိုးတည်းကပင်လျှင် ကန်ဒေါ်လာ ၂၈ ဘီလျံ ၀န်းကျင် ရှိသည်။

သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်၏ ရေနံစိမ်းသည် ချုပ်လုပ်ခြင်း မပြုရသေးသော အထည်အလိပ်များဖြစ်သည်ဟု ဆိုကြသည်။ ပြည်ပပို့ကုန်ဝင်ငွေ၏ ၇၀ % ကျော်သည် အထည်အလိပ်ကဏ္ဍမှ ဖြစ်ပြီး တိုင်းပြည် ဂျီဒီပီ၏ ၁၃% ရှိသည်။

ထိုသို့ မြင့်မြင့်မားမား ဖြစ်ရသည်မှာ အစိုးရအဆက်ဆက်၏ မူဝါဒ မှန်ကန်မှုကြောင့် ဖြစ်သည်မှာ အဓိကအကြောင်းတစ်ချက် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရင်းနှီးမြှုပ်နှံသူတို့ ပိုမိုအဆင်ပြေစေသော မူဝါဒများ ရှိသည်ဟု နာမည်ကောင်း ရထားသည်။ ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်မှာ ဘင်္ဂလားဒေ့ရှ်သည် အခွန်ကင်းလွတ်ခွင့်ဖြင့် အထည်အလိပ်တင်ပို့နိုင်သော နိုင်ငံ ၃၇ နိုင်ငံ ရှိနေပြီး အီးယူ၊ ကနေဒါနှင့် သြစတေးလျတို့ ပါဝင်သည်။
ထိုကောင်းချက်ကို နိုင်ဂျီးရီးယားတွင် မတွေ့ကြရချေ။ မှားယွင်းသော ကုန်သွယ်ရေး မူဝါဒများကို ဆက်လက်ကျင့်သုံးနေသည်။ အမျိုးသားစီးပွား ကာကွယ်သည့် မူဝါဒများကိုလည်း တသီတတန်း ကျင့်သုံးထားသည်။ သို့ဖြစ်ရာ လွတ်လပ်စွာကုန်သွယ်ရေးကို ရဖို့ ခဲယဉ်းနေစေသည်။

၂၀၁၁ ခုနှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူအချို့ကို ဖိတ်ခေါ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်တွင် ၀င်ရောက်လုပ်ကိုင်ဖို့ ပိုမိုလွယ်ကူချောမွေ့ကြောင့် တွေ့ရှိခဲ့ကြသည်။

၁၉၇၂ ခုနှစ်တွင် ပါကစ္စတန်အောက်မှ လွတ်မြောက်ခဲ့ပြီးသောအခါ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဆိုရှယ်လစ်စီးပွားရေး မူဝါဒကို ရွေးချယ်ခဲ့သည်။ သို့ဖြစ်ရာ တိုင်းပြည်အတွင်းရှိ ကြီးကြီးမားမား လုပ်ငန်းများ အကုန်လုံကို ပြည်သူပိုင်သိမ်းခဲ့ရာ အထည်အလိပ်စက်ရုံကြီးများ ပြည်သူပိုင်သိမ်းခံရသည်။
သို့သော် နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းရှင်ဆန်ဆန် နည်းလမ်းများကို သုံးစွဲခဲ့သည်။ ဈေးကွက်စီးပွားရေးမူဝါဒကို ကျင့်သုံးသည့်အပြင် နိုင်ငံပိုင် အထည်အလိပ်စက်ရုံများကို ပုဂ္ဂလိကပိုင်အဖြစ်သို့ လက်လွှဲပြောင်းပေးခဲ့သည်။
သို့ဖြစ်ရာ အထည်အလိပ်ကဏ္ဍတွင် စိတ်ချလက်ချဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ကြသည်။ ယခုအခါ လူဦးရေ လေးသန်းခွဲမှ ငါးသန်းအထိ အလုပ်အကိုင်များ ပေးထားသည့် ကုန်ထုတ်ကဏ္ဍတစ်ခုအဖြစ်သို့ ရောက်ရှိသည်။ ယခုအခါ ပြည်ပပို့ကုန် အဓိကပြုသည့် စီးပွားရေးကို ကျင့်သုံးလျက်ရှိရာ အထည်အလိပ်များအပြင် ချုပ်ထည်များကိုပါ တင်ပို့လျက် ရှိသည်။ ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်သည် အထည်အလိပ်မူဝါဒ ချမှတ်ခဲ့ရာ ပြည်ပတင်ပို့သည့် ဈေးကွက်ကို ချဲ့ထွင်ရန် ရည်မှန်းချက် ထားရှိသည်။
ထိုမူဝါဒ၏ အဓိကအချက်မှာ အထည်အလိပ်ကဏ္ဍ တောင့်တင်းအောင် မြှင့်တင်ပေးပြီး ပြည်တွင်း အထည်အလိပ် လိုအပ်ချက်ကို ပြည့်မီစေမည့်အပြင် အလယ်အလတ်နှင့် အမြင့်တန်း အထည်အလိပ်များကို ပြည်ပပို့ကုန်အထည်ချုပ်ကဏ္ဍသို့ ပေးသွင်းပြီး တန်ဖိုးထပ်ဖြည့်စေရန် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ဂျီးယားတို့တွင် ကွဲလွဲသော အခြေအနေ အကြောင်းရင်းများ ရှိနေပြီး ဆင်ဆင်တူသောအချက်များလည်း ရှိနေသည်။ လူဦးရေသည် ဘင်္ဂလားဒေ့ရှ်တွင် ၁၆၃ သန်း ရှိပြီး နိုင်ဂျီးရီးယားတွင် ၁၉၃ သန်း ရှိသည်။ နှစ်နိုင်ငံစလုံးတွင် စွမ်းအင်နှင့်ပတ်သက်၍ စိန်ခေါ်မှုများ အသီးသီး ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်တွင် ဓာတ်ငွေ့ မလုံလောက်ခြင်းကြောင့် စက်ရုံအများအပြား နစ်နာထိခိုက်ကြသည်။ နိုင်ဂျီးရီးယားသည် ရေနံစိမ်း ထွက်သော်လည်း စွမ်းအင်စရိတ်စက မြင့်မားနေသဖြင့် ကုန်ထုတ်လုပ်ငန်းများ ကုန်ကျစရိတ်ကြီးမားနေသည်။ ဘင်္ဂလားဒေ့ရှ်သည် ဓာတ်ငွေ့နှင့် လျှပ်စစ် မလောက်ငခြင်းကို စီမံခန့်ခွဲရန် ပိုကောင်းမွန်သည့် နည်းလမ်းကို ရှာဖွေကျင့်သုံးနေသည်။

အထည်အလိပ်လုပ်ငန်းကဏ္ဍအတွက် လိုအပ်သည့် ကုန်ကြမ်းများကို နှစ်နိုင်ငံစလုံးတွင် ပြည်ပမှ တင်သွင်းကြရသည်။ သို့ဖြစ်ရာ နိုင်ငံခြားငွေများ ယိုစီးထွက်သည်။
နှစ်နိုင်ငံစလုံးသည် အလယ်အလတ်တန်း၏ အနိမ့်ပိုင်းတွင် ရှိသော တစ်ဦးချင်းပျမ်းမျှဝင်ငွေ ရှိကြသည်။

ကြီးမားစွာ ကွဲပြားနေသည်မှာ မူဝါဒနှင့် စီးပွားရေးဝန်းကျင်တို့တွင် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဗိုင်းငင်ခြင်း၊ ရက်လုပ်ခြင်း၊ ဇာထိုးခြင်း၊ စက်ရက်ကန်း၊ ဆေးဆိုးပန်းရိုက်၊ အချောကိုင်တို့ ကောင်းကောင်းလုပ်နိုင်ကြသည်။ လက်ရှိ အထည်အလိပ်လုပ်ငန်းများသည် စက်ရုံအသစ်များ ထူထောင်ပြီး လုပ်ငန်းအရွယ်အစား ကြီးမားခြင်း၏ အားသာချက်ကို ရယူကြသည်။

နိုင်ဂျီးရီးယားသည် ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်လွန်အထိ အထည်အလိပ် ထုတ်လုပ်သည့် အချက်အချာ ဖြစ်ခဲ့ဖူးသည်။ ကုမ္ပဏီကြီးများ ဖြစ်သော Asaba Textile Mills, Aba Textile Mills, Kaduna Textile Mills, Afprint Nigeria Plc နှင့် Enpee Industries တို့သည် ထင်ရှားသည်။ သို့သော် ယခုအခါ ယုတ်လျော့ကုန်ပြီ ဖြစ်သည်။ အဓိကအကြောင်းမှာ အာရှမှ အထည်အလိပ်များကို မှောင်ခိုတင်သွင်းမှု များပြားနေသောကြောင့် ဖြစ်သည်။ မထိန်းနိုင်မသိမ်းနိုင်လောက်အောင် များပြားနေသည်။ နောက်ထပ် အကြောင်းတရားများမှာ စွမ်းအင်စရိတ်စက မြင့်မားခြင်း၊ စက်ရုံများအတွက် ၀ါဂွမ်း မရရှိခြင်း၊ အစိုးရ၏ အားပေးခြင်းကို မရရှိခြင်းတို့ ဖြစ်သည်။

 

textiledirectory.com.mm

Read 835 times
Rate this item
(0 votes)