ဒီဇိုင်နာ Tommy Hilfiger ဟာ ယခုအပတ်ထဲမှာ မသန်စွမ်းသူတွေအတွက်ရည်ရွယ်ပြီး နွေဦးရာသီဖက်ရှင်ဒီဇိုင်း ကတ်တလောက်အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
၂၀၁၆ခုနှစ်တုန်းက Hilfiger က ကလေးတွေအတွက်ရည်ရွယ်ထားတဲ့ အ၀တ်အစားဒီဇိုင်းသစ်တွေနဲ့ မိတ်ဆက်ခဲ့ပါသေးတယ်။Hilfiger က Runway of Dreams အမည်ရတဲ့ ကုသိုလ်ဖြစ်အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး ကိုယ်လက်အင်္ဂါချို့ယွင်းနေသူတွေ ၀တ်ဆင်နိုင်မယ့် ဖက်ရှင်ဒီဇိုင်းတွေကိုဖန်တီးခဲ့ပါတယ်။
၂၀၁၇ခုနှစ်အရောက်မှာတော့ Hilfiger က အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်နေတဲ့ အရွယ်ရောက်သူ လူကြီးတွေအတွက်ရည်ရွယ်ပြီး ဖက်ရှင်ဒီဇိုင်းတွေ ထပ်မံဖန်တီးခဲ့ပါတယ်။
Hilfiger ရဲ့ဒီဇိုင်းတွေထဲမှာ ပုံမှန်တွေ့နေကျပုံစံတွေဖြစ်တဲ့ ၀တ်စုံတွေ၊ ဘောင်းဘီရှည်၊ ဂျက်ကတ်၊ စကတ်နဲ့ ဘောင်းဘီတိုတွေလည်း ပါဝင်ပါတယ်။
ဝတ်စုံတွေမှာထူးခြားတာကတော့ မသန်စွမ်းသူတွေအတွက် ဖက်ရှင်ကျရမယ့်အပြင် အလွယ်တကူလည်းဝတ်ဆင်နိုင်အောင် သံလိုက်ကြယ်သီးတွေ၊ အချုံ့အချဲ့ပြုလုပ်နိုင်တဲ့အနားကွပ်တွေ၊ ၀တ်ရတာလွယ်ကူမယ့် ကပ်ခွာပုံဒီဇိုင်းတွေနဲ့အတူ လက်တစ်ဖက်ထဲနဲ့အတင်အချ ဖွင့်ပိတ်နိုင်တဲ့ ဇစ်တွေနဲ့ ချုပ်လုပ်ထားတာကိုတွေ့ရပါတယ်။မသန်စွမ်းသူတွေအတွက်တော့ ဖက်ရှင်လဲကျ ၀တ်ရလဲ အဆင်ပြေစေမှာပါ။
source:shwe mom