What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Victoria’s Secret ရဲ့ နောက်ကွယ်မှ လျှို့ဝှက်ချက်

 စန်ဖရန်စစ္စကိုမြို့မှ နာမည်ကျော် Golden Gate တံတားကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တဲ့သူဟာ Victoria’s Secret ကို တစ်ချိန်တုန်းက စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်မှာ ရိုင်ရေမွန်လို့ အမည်ရှိတဲ့ အမျိုးသားတစ်ဦးက ကုန်တိုက်တစ်ခုမှာ သူ့ဇနီးအတွက် အတွင်းခံ သွားဝယ်တယ်။ အဲဒီအခြေအနေထဲမှာ သူ နေရထိုင်ရာ အတော်ခက်တယ်။ ရှေ့မျက်နှာ နောက်ထားပြီး အတွင်းခံတွေကို လိုက်ကြည့်ပြီး သူ ရွေးချယ်တယ်။ သူတွေ့သမျှက ညဘက် အိပ်ရာထဲ ၀တ်ဆင်တဲ့ ဂါဝန်တွေ ဖြစ်နေတယ်။ ပန်းအလှတွေ ဆေးဆိုးပန်းရိုက်ထားတဲ့အဆင်တွေ။ တာဝန်ကျ အရောင်းစာရေးမက သူ့ကို လာကူပေးပါတယ်။ ဒါပေမဲ့ သူ့ကို လိင်သဘာဝ ဖောက်ပြန်သူတစ်ဦးလို့ ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်တာ သူခံရတယ်။
အဲဒီလို အမျိုးသမီးအတွင်းခံတွေ ရောင်းတဲ့အပိုင်းမှာ သူဈေးဝယ်တာ သူ့အဖို့ ခရီးရှည်တစ်ခု ထွက်ရသလို ဖြစ်ခဲ့ပေမဲ့ အလကားတွေ မဖြစ်ခဲ့ဘူး။ ရိုင်ရေမွန်ရဲ့ ခေါင်းထဲမှာ စိတ်ကူးကောင်းတစ်ခု ရလိုက်တယ်။ အဲဒီစိတ်ကူးဟာ ယခုအခါ အမျိုးသမီးသီးသန့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ အတွင်းခံထည်လုပ်ငန်းကြီး ၀ိတိုရိယရဲ့ လျှို့ဝှက်ချက် Victoria’s Secret ကို ဤကမ္ဘာမှာ ပေါ်ပေါက်စေခဲ့ပါတယ်။

ရိုင်ရေမွန်က ကုန်တိုက်မှာ ဆိုးဆိုးဝါးဝါး ကြုံခဲ့တဲ့အပြင် စိတ်တိုင်းကျ အတွင်းခံကို သူ မရခဲ့ဘူး။ သူက အမျိုးသမီးအတွင်းခံ ဈေးကွက်ကို စူးစမ်းလေ့လာကြည့်တယ်။ အဲဒီမှာ အတော်ကြီး လစ်ဟာနေတာကို သူ တွေ့ရတယ်။
အမျိုးသမီး အတွင်းခံတွေကို အမျိုးသားတစ်ဦးက ၀ယ်ယူဖို့ ရွေးချယ်တာကို စိတ်ထဲမှာ တစ်မျိုးတစ်မည် မဖြစ်ရဘဲ ပုံမှန်ဖြစ်နေကျ တစ်ခုလို ၀ယ်လို့ရတဲ့နေရာရယ်လို့ မရှိသလောက် ရှားနေတယ်။ အဲဒါကို ရိုင်ရေမွန်က ပြောင်းလဲလိုတယ်။
အဆင့်အတန်း မြင့်မြင့် ပထမတန်းစား အမျိုးသမီးအတွင်းခံတွေကို ထုတ်လုပ်ပြီး ဆိုင်တင်မယ်။ ၀င်ဝယ်တဲ့ အမျိုးသားတွေအဖို့ ဂုဏ်တစ်ခုလို ဖြစ်နေစေမယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေမို့ အရောင်းစာရေးမတွေက ပြက်ချော်ချော် လုပ်ရဲကြတော့မှာ မဟုတ်ဘူး။ ဈေးဝယ်သူ အမျိုးသားကို တလေးတစားဖြင့် အလေားထားပြီး ဆက်ဆံကူညီပေးကြလိမ့်မယ်။ သူက အဲဒီအကြံကို ရခဲ့တာ အကြံကောင်းပါ။ ဒါ့ပေမဲ အချိန်ကာလ လွဲနေတယ်။

သူအကြံရတဲ့ ၁၉၅၀။ ၁၉၆၀ လောက်မှာ အမျိုးသမီးတွေအတွက် အတွင်းခံတွေက ပုံတုံးတုံးတွေ။ အလန်းစားတွေ မရှိဘူး။ sexy မဖြစ်ဘူး။ ပြီးတော သာမန်ကာ လျှံကာတွေ ချည်းပဲ။ လက်တွေ့ ၀တ်ကြည့်ရင် အဆင်ပြေမယ်။ စိတ်ချရတယ်ဆိုတယ် တော်ပြီ။ အတွင်းခံအလန်းစားအတွက် ငွေတွေ အများကြီး အကုန်ခံလိုသူ နည်းပါတယ်။
ဘယ်လိုအချိန်အခါမျိုးကျမှ အလန်းစားကို ၀ယ်ကြသလဲ။ ပျားရည်ဆမ်းခရီး ထွက်မယ့်သူတွေ ၀ယ်ကြတယ်။ ဒီလောက်ပဲ ရောင်းအားက ရှိတယ်။
ရိုင်ရေမွန်က ဈေးကွက်အနေအထားကို ပြောင်းလဲပစ်ဖို့ စတင်လုပ်ကိုင်တယ်။ သူက brand အမည်ကို ၀ိတိုရိယရဲ့ လျှို့ဝှက်ချက် Victoria’s Secret လို့ ပေးလိုက်တယ်။ အင်္ဂလန်မှာ ၀ိတိုရိယ ခေတ်တစ်ခေတ် ရှိတယ်။ အဲဒီခေတ်မှာ အမျိုးသမီးတွေက ခြေဖျား ဖုံးလုနီးပါးဖြစ်နေတဲ့ ဂါဝန်ကို ၀တ်ရတယ်။ ခါးအောက်ပိုင်းမှာ ခေါင်းလောင်းကြီးလို ကားထားတယ်။ တင်အလှ ကောက်ကြောင်း မမြင်သာဘူး။ အဲဒီလို ၀တ်စားတာ အထက်တန်းကျတယ်။ ဘယ်ပွဲတက်ရင် ဘယ်လိုဟာမျိုး ၀တ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိသေးတယ်။ ဒီတော့ ၀ိတိုရိယ အ၀တ်အစားကို အထက်တန်းလွှာရဲ့ အ၀တ်အစားလို့ လူတွေ နားလည်ထားကြတယ်။ ဂုဏ်သရေရှိ အမျိုးကောင်း သမီးတွေရဲ့ ၀တ်ဆင်မှုဆိုပါတော့။ ဒီတော့ အတွင်းထဲမှာ ဘယ်လိုလဲဆိုတာကို လျှို့ဝှက်ချက် ဖြစ်နေစေတယ်။ လျှို့ဝှက်ချက်များဖြစ်အောင် လုံလုံခြုံခြုံ ၀တ်စားထားကြရတယ်။
ရိုင်ရေမွန်ရဲ့ စိတ်ကူးက တော်လှန်ပြောင်းလဲရေး စိတ်ကူးကောင်းပါ။ ထပမနှစ်မှာ နာမည်နဲ့တင် အလုပ်ဖြစ်တယ်။ အထက်တန်းစား အထက်တန်းလွှာရဲ့ အတွင်းခံတွေလို့ လူတွေက နားလည်လိုက်ကြတယ်။ ဒီတော့ Victoria’s Secret ၀င်ငွေ ကန်ဒေါ်လာ ၅ သိန်း ရတယ်။ သူ့အောင်မြင်မှုက ဖက်ရှင်ဈေးကွက်ထဲ လစ်ဟာနေတဲ့ အပေါက်ကို ဖြည့်ပေးနိုင်ခဲ့လို့ ရရှိတဲ အောင်မြင်မှုမျိုး ဖြစ်ပါတယ်။ အတွင်းခံ အထက်တန်းစားဆိုတဲ့ အင်ပါယာတစ်ခုကို အမျိုးသမီး အ၀တ်အစားလောကမှ သူ ထူထောင်နိုင်သွားတယ်။ ဈေးကွက်ထဲမှာ သူ့ရဲ့ Victoria’s Secret မှ တစ်ပါး အခြား အထက်တန်းစား အတွင်းခံ မရှိသလောက် ဖြစ်နေတယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ Victoria’s Secret တစ်မျိုးတည်း ရှိပေမဲ့ ရေရှည်မှာတော့ ပြိုင်ဘက်တွေ ၀င်လာစမြဲပဲ။
၁၉၈၂ ခုနှစ်မှာ Victoria’s Secret က တစ်နှစ်ကို ကန်ဒေါ်လာ ၄ သန်းကျော် ၀င်နေပြီ။ ဒါပေမဲ့ ဒေ၀ါလီ ခံရလုနီးပါး ဖြစ်နေတယ်။ ဘာလိုနေမှန်း ရိုင်ရေမွန် အဖြေရှာမရဘူး။ လိုနေမှန်းတော့ သူသိတယ်။
အဲဒီအချိန်ကာလမှာ လက်စလီ ၀က်စနာဆိုတဲ့ အမျိုးသားတစ်ဦးက Victoria’s Secret ရဲ့ အရောင်းခန်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ကြည့်ဖြစ်တယ်။ သူက စီးပွားရေးသမား။ လက်လီအရောင်းပိုင်းကို အထာကျွမ်းတယ်။ သူက Victoria’s Secret ဆိုင်ကို ၀င်ကြည့်ပြီးချိန်မှာ ဘာမှားနေသလဲဆိုတာ သူ တွေ့တယ်။
ဘာမှားနေတာလဲ။ ရိုင်ရေမွန်ရဲ့ တော်လှန်ပြောင်းလဲတဲ့ စိတ်ကူးက အမျိုးသမီး အတွင်းခံဆိုင်တွေထဲ အမျိုးသားတွေ လာရောက်ကြည့်ရှုမယ်။ ရွေးချယ်မယ်ဆိုရင် အဆင်ပြေအောင် လုပ်ဖို့ဆိုတော့ Victoria’s Secret ရဲ့ ပစ်မှတ်က အမျိုးသားတွေဖြစ်နေတယ်။ ကတ်တလောက်တွေ၊ ဆိုင်မှာ ခင်းကျင်းထားပုံတွေက အမျိုးသားတွေအတွက်တော့ အဆင်ပြေနေတယ်။ အမျိုးသမီးတွေအဖို့ ရှက်ကိုးရှက်ကန်း ဖြစ်စရာ ဖြစ်နေတယ်။ တစ်ချိန်တုန်းက ရိုင်ရေမွန် အမျိုးသမီးအတွင်းခံ ၀ယ်ဖို့ ဆိုင်ထဲ ၀င်ကြည့်စဉ် ကြုံရတဲ့အဖြစ်မျိုးကို အမျိုးသမီးဈေးဝယ်သူတွေ Victoria’s Secret ရဲ့ ဆိုင်တွေမှာ ကြုံနေရတာ ဖြစ်ပါတယ်။ အမျိုးသမီး အတွင်းခံဆိုင်ထဲကို အမျိုးသမီးတစ်ဦး ၀င်ကြည့်တာ အဲဒီလို ဖြစ်လိမ့်မယ်လို့ ရိုင်ရေမွန် မတွေးမိဘူး။

ရိုင်ရေမွန်က စိတ်ကူးကောင်းကို ရတယ်။ အကောင်အထည်ဖော်တယ်။ အောင်မြင်တယ်။ ဒါပေမဲ့ ဆက်လက်ချဲ့ထွင်နိုင်ခြင်း မရှိတော့ တန့်နေတယ်။ အရှုံးပေါ်နေတယ်။
ဝက်စနာက Victoria’s Secret ရဲ့ စွမ်းပကားရှိနေပုံကို မြင်တယ်။ ဒီတော့ ရိုင်ရေမွန်ဆီကနေ သူ အပြီးအပြတ် ၀ယ်လိုက်တယ်။ ၁၉၈၂ ခုနှစ်မှာ ကန်ဒေါ်လာ ၁ သန်းနဲ့ ဈေးတည့်ပြီး အရောင်းအ၀ယ် ဖြစ်သွားတယ်။
ဝက်စနာက တစ်ဆစ်ချိုးပေးလိုက်တယ်။ အမျိုးသားတွေရော အမျိုးသမီးတွေရော ဆိုင်မှာ လာဝယ်ရင် စိတ်ထဲ မသက်မသာ မဖြစ်ရအောင် လုပ်တယ်။ အဲဒီအတွက် မော်ဒယ်တွေကို Victoria’s Secret အတွင်းခံတွေ ၀တ်ပြီး ဓာတ်ပုံတွေရိုက်၊ စာမျက်နှာတွေပေါ်မှာ ပုံတွေ တင်တယ်။ အခုလို ၀တ်ကြတာ မဆန်းပါဘူး။ ရှက်ကိုးရှက်ကန်း ဖြစ်စရာမလိုဘူးဆိုတဲ့ သဘောထားအမြင်ရအောင် ၀က်စနာက ဖန်တီးယူတယ်။ အဲဒီအခါမှာ ရလဒ်က ဘယ်လို ဖြစ်သွားသလဲဆိုတော့ ဆိုင်တွေမှာ အမျိုးသမီးတွေ လာဝယ်ကြတယ်။ အမျိုးသားတွေကတော့ ဆိုင်ကို မလာဘူး။ ကက်တလောက်တွေကြည့်ပြီး ၀ယ်ကြတယ်။ ၀ယ်ယူဖို့ လမ်းကြောင်း ၂ ကြောင်း ခွဲပေးထားလိုက်တာ ဖြစ်ပါတယ်။
ဝက်စနာ ၀က်ဝက်ကွဲ အောင်မြင်သွားတယ်။ အလန်းစား အတွင်းခံတွေ ၀တ်ထားမှ အဆင့်ရှိတဲ့မိန်းမ ဖြစ်မယ်ဆိုတဲ့ သဘောထားအမြင်ကို ပြောင်းလဲခံယူလာကြတယ်။
၁၉၉၅ ခုနှစ်မှာ Victoria’s Secret ရဲ့ တန်ဖိုးက ကန်ဒေါ်လာ ၁.၉ ဘီလျံ ဖြစ်နေပြီ။ ဆိုင်ပေါင်း ၆၇၀ ခုကို ကမ္ဘာတစ်လွှားမှာ ဖွင့်ထားတယ်။ Victoria’s Secret Fashion Show ပွဲကို ငွေကြေးအမြောက်အမြား အကုန်ခံပြီး နှစ်စဉ်ကျင်းပတယ်။
ရိုင်ရေမွန်က Victoria’s Secret ကို ရောင်းချလိုက်ပြီးတဲ့နောက်မှာ ကလေး အ၀တ်အစား လက်လီဆိုင် လုပ်ကိုင်တာ၁၉၈၆ ခုနှစ်မှာ ဒေ၀ါလီခံရတဲ့အထိ အရှုံးပေါ်တယ်။ အဲဒီနောက် လင်မယား ကွာရှင်းပြတ်စဲလိုက်ကြတယ်။
စီးပွားရေး မအောင်မြင်၊ အိမ်ထောင်ရေးပြိုကွဲ၊ သူ့လက်က လွတ်သွားတဲ့ငါးက ကြီး။
၁၉၉၃ ခုနှစ်မှာ ရိုင်ရေမွန်က စန်ဖရန်စစ္စကိုမြို့မှ နာမည်ကျော် Golden Gate တံတားကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တယ်။

 

2017 Victoria’s Secret Fashion Show ရဲ့ ထူးခြားချက်များ ဖတ်ရှုရန် ဤလင့်ခ် ကို နှိပ်ပါ

v

 

Victoria’s Secret Fashion Show 2017 အနီးကပ် လေ့လာတင်ပြချက် ဆောင်းပါး ဖတ်ရှုရန် ဤလင့်ခ်ကို နှိပ်ပါ

Mercedes Benz Arena Shanghai China

ကိုးကား။ The Tragic Story Behind Victorias Secret (Huffington Post), Roy Raymond (Time), Roy Raymond 47 Began Victorias Secret (The New York Times), Leslie Wexner (Forbes),

Read 7733 times
Rate this item
(0 votes)