What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Levi’s ပဲ့ကိုင် မစ္စတာဘာ့သ်

Levi Strauss ရဲ့ စီအီးအိုက အသက် ၆၀ နှစ်ရှိပြီ။ ကုမ္ပဏီစည်းကမ်းနဲ့အညီ ဂျင်းအင်္ကျိနဲ့ ဂျင်းဘောင်းဘီကို ယူနီဖောင်းအဖြစ် ဆင်မြန်းထားတယ်။


သူက ကမ္ဘာပေါ်မှာ ဂျင်းဘောင်းဘီဆိုတာကို စတင်တီထွင်ခဲ့တဲ့ Levi Strauss ဂျင်းထည်လုပ်ငန်းကြီးရဲ့ စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့တာ အခုဆိုရင် သက်တမ်း ၆ နှစ် ရှိပြီ။ ကုမ္ပဏီကို အကျဘက်နေ ဦးမော့သွားအောင် သူဆွဲလှည့်ပေးနိုင်ခဲ့တယ်။ သူ့အမည်က မစ္စတာဘာ့သ် Mr Bergh တဲ့။

သူငယ်စဉ်က နယူးယောက် ဆင်ခြေဖုံးမှာ ကြီးပြင်းခဲတယ်။ ကံမကောင်း အကြောင်းမလှတဲ့ အချိန်ကာလတွေ ဖြတ်သန်းခဲ့တယ်။ သူ့ဖခင်က ကြော်ငြာကိုယ်စားလှယ် လုပ်တယ်။ တစ်နေ့ ၁၄ နာရီ အလုပ်လုပ်ရတယ်။ သူက အရက်သမားစစ်စစ် ဖြစ်နေတာမို့ အိမ်မှာ လင်မယား ရန်ဖြစ်ကြတာ ဘာ့သ် ကြုံရတယ်။ ‘‘အဖေက မူးနေတယ်။ အဖေနဲ့အမေ အမြဲ ရန်ဖြစ်ကြတယ်’’ လို့ သူက ပြောပြလေ့ရှိတယ်။ တစ်ရက်မှာတော့ အမေက အဖေ့ကို အိမ်ကနေ ဆင်းဖို့ ပြတ်ပြတ်သားသား ပြောလိုက်တော့ အဖေ တုန်လှုပ်သွားတယ်။ အရက်ဖြတ်တဲ့အသင်းမှာ အရက်ဖြတ်တာ တကယ်ပြတ်သွားတယ်။ ဖခင်က
ဘ၀ကို ပြန်တည်ဆောက်တယ်။ ဘာ့သ်က အဖေ့အမှားမျိုး သူ မမှားဖို့ သံန္နိဋ္ဌာန် ချခဲ့တယ်။ သူ့အဖေပြုနေကျ ဆူပူအော်ဟစ်တာမျိုးကို သူ မလုပ်ဘူး။ သူ့ရဲ့ စီမံခန့်ခွဲပုံ စတိုင်လ်ကို အခုလို ဘာ့သ်က ပြောပြတယ်။ ‘‘အရမ်း ပွင့်လင်းထားတယ်။ ရိုးဖြောင့်တယ်။ ပွင့်လင်း မြင်သာတယ်။ ခင်ဗျား မြင်တာ အမှန်ပဲ ဖြစ်နေစေတယ်’’

 97479495 chip

သူက လက်တွေ့ဘ၀နဲ့ တကယ့်ကို နီးနီးစပ်စပ် ဖြစ်နေစေတယ်။ သူက လူထူးလူဆန်း မဟုတ်ဘူး။ သူလိုငါလို လူသာ ဖြစ်တယ်လို့ သူက ခံယူထားတယ်။
‘‘ကျွန်တော် ဘောင်းဘီရှည်ဝတ်ရင် လူတိုင်း ၀တ်ကြတဲ့အတိုင်း ၀တ်ပါတယ်။ တစ်ကြိမ်မှာ ခြေတစ်ဖက်ပဲ ထိုးထည့်ပြီး ၀တ်တယ်’’
ဒါပေမဲ့ သူက လုပ်စရာရှိတာတွေကို ပြတ်ပြတ်သားသား လုပ်တယ်။ Levi’s ကို ပြုပြင် ပြောင်းလဲပစ်တယ်။ ရက်စက်ရာကျမျိုးကို လိုအပ်ရင် သူလုပ်ဖို့ ၀န်မလေးဘူး။

Levi Strauss & Co ကို စန်ဖရန်စစ္စကိုမြို့မှာ အခြချလုပ်ကိုင်တဲ့ လက်ကားကုန်သည် Levi Strauss က ထူထောင်ခဲ့တယ်။ သူက အသက် ၁၈ နှစ်မှာ အမေရိကသို့ ပြောင်းရွှေ့အခြေချခဲ့သူ။ အကြမ်းခံတဲ့ ဂျင်းဘောင်းဘီတွေ ထုတ်လုပ်ရောင်းချခဲ့တာ အလွန်အမင်း အောင်မြင်သွားခဲ့တယ်။ ဂျင်းဘောင်းဘီဟာ ခေတ်အဆက်ဆက် မျိုးဆက် အဆက်ဆက် ဘယ်တော့မှ မရိုးနိုင်တဲ့ စတိုင်လ် ဖြစ်လာခဲ့တယ်။ Levi’s ဟာ ဂျင်းထည်တို့ရဲ့ ဘုရင် ဖြစ်သွားတယ်။ ကုမ္ပဏီရဲ့ အရေးအပါဆုံး ထုတ်ကုန်က Levi 501 ဂျင်းဘောင်းဘီ။ အဲဒီလို အောင်မြင်ကျော်ကြားတဲ့ Levi Strauss ကို မစ္စတာဘာ့သ် ရောက်ရှိလာချိန် ၂၀၁၁ ခုနှစ်မှာ Levi Strauss က လမ်းပျောက်နေတယ်။
မစ္စတာဘာ့သ်က Procter & Gamble (P&G) မှာ နှစ်အတန်ကြာလုပ်ခဲ့ပြီး အကြီးတန်း အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လုပ်သက် ၂၈ ရပြီးချိန်မှာ
သူက Old Spice အနံ့အသက်ပျောက်ဆေးကို အဓိကအားဖြင့် တာဝန်ယူရတယ်။ သူ့အဖို့ P&G မှာ စီအီးအို ဖြစ်ဖို့ လမ်းမမြင်ဘူး။ ဒီတော့ Levi Strauss က စီအီးအိုအဖြစ် ကမ်းလှမ်းတော့ သူ လက်ခံလိုက်တယ်။ သူက BRAND ကို ကျွမ်းကျင်တယ်။ နိုင်ငံတကာအတွေ့အကြုံတွေလည်း ရှိထားတယ်။ သူ့နဲ့ အံကိုက် ဖြစ်နေတယ်။ ‘‘အခွင့်အလမ်းက အရမ်းကောင်းနေတော့ လက်လွှတ်မခံနိုင်ဘူး။ တစ်မူထူးခြားအောင် လုပ်ဖို့ အခွင့်အလမ်းတွေလည်း ရှိနေတယ်။ နာမည်ကောင်း တွင်ကျန်ရစ်မယ့် အခွင့်အလမ်းလည်း ဖြစ်နေတယ်’’ လို့ သူက ပြောပြတယ်။

တစ်နှစ်တာအရောင်းပမာဏက ၁၉၉၇ မှာ စံချိန်အမြင့်ဆုံး ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၇.၁ ဘီလျံဖိုး ရှိခဲ့တယ်။ နောက်တော့ ကျဆင်းသွားလိုက်တာ ၂၀၀၀ ပြည့်နှစ်လွန်မှာ ကန်ဒေါ်လာ ၄ ဘီလျံဖိုးပဲ တစ်နှစ်တာ အရောင်းပမာဏ ရှိတော့တယ်။ ပြိုင်ဘက်လုပ်ငန်းတွေက ဝေစုတွေ ဖဲ့ယူနေကြတယ်။
ဘာ့သ်က ချေးငွေတွေ အမြောက်အမြား ရယူပြီး Strauss မိသားစု မျိုးဆက်တွေ လက်ထဲမှ ရှယ်ယာတွေကို ၀ယ်ယူပြီး Levi Strauss ကို စုစည်းလိုက်တဲ့အတွက် ပိုင်ဆိုင်မှုကို ကျစ်လစ်တောင့်တင်းသွားစေတယ်။ ကုန်ကျစရိတ်တွေ လျှော့ချတယ်။ အရောင်းမြှင့်တင်ဖို့ အသုံးစရိတ်တွေကို လျှော့ချတယ်။ ငွေသားကို စုဆောင်းတယ်။

မစ္စတာဘာ့သ်က Levi’s အနေဖြင့် ကြိုးစားရုန်းကန်နေရတဲ့အခြေအနေကို ရောက်နေတယ်လို့ သုံးသပ်တယ်။ ထိပ်ပိုင်းမှာ မန်နေဂျာ ၆၀ ဦးကို တစ်ယောက်ချင်း သူခေါ်တွေ့တယ်။ Levi’s ရဲ့ ကောင်းချက် ညံ့ချက်တွေကို မေးခွန်းခြောက်ခုဖြင့် ဖြေဆိုခိုင်းတယ်။ ၁၅ ယောက်ကို တွေ့ဆုံ မေးမြန်းပြီးချိန်မှာ ဘာတွေ လုပ်ရမယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိသွားတယ်လို့ သူက ပြောပြတယ်။ ‘‘ဘာ မဟာဗျူဟာမှ မရှိဘူး။ ကုမ္ပဏီတစ်လွှား ချိန်ညှိမှု မရှိဘူး။ လူတွေက မချင့်မရဲ ဖြစ်နေကြတယ်’’

မစ္စတာဘာ့သ်က ထုတ်လုပ်မှု အဆင်ပြေစေဖို့ ပံ့ပိုးမှု အင်္ဂါရပ်တွေအတွက် အကုန်အကျခံတယ်။ အမျိုးအစားတွေ တိုးချဲ့ထုတ်လုပ်စေတယ်။ အထူးသဖြင့် အမျိုးသမီးဝတ် ဂျင်းထည်တွေ တိုးချဲ့ထုတ်လုပ်တယ်။ မထိုးဖောက်ရသေးတဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ကို နယ်မြေချဲ့ထွင်တယ်။
အီးကော့်မတ်စ်ကို အရင်က အပြင်လုပ်ငန်းငှားရမ်းပြီး လုပ်ကိုင်နေခဲ့တာကို ကုမ္ပဏီမှ ကိုယ်တိုင်လုပ်ကိုင်စေတယ်။ ခေတ်မီအောင် မွမ်းမံတယ်။ တိုးချဲ့တယ်။

ထိပ်ပိုင်းမှာလည်း လူတွေ လဲတယ်။ သူစကိုင်ပြီး ၁၈ လအတွင်းမှာ ထိပ်ပိုင်းမှ ၁၁ ဦး နှုတ်ထွက်ခဲ့တယ်။ လက်ရှိ စီနီယာမန်နေဂျာ ၁၅၀ ဦးမှာလည်း လူဟောင်း အတော်နည်းသွားပြီ။ သုံးပုံနှစ်ပုံဟာ Levi Strauss Co မှာ လုပ်သက် သုံးနှစ်နဲ့ အောက်သာ ရှိကြသူတွေ ဖြစ်ပါတယ်။
‘‘လုပ်ငန်း ပြန်ဦးမော့ဖို့အတွက် ပြောင်းဖို့ လိုတယ်။ ပြောင်းတဲ့အခါ လုပ်ပုံတွေပဲ ပြောင်းလို့ မရဘူး။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုပါ ပြောင်းမှ ရမယ်။ ယဉ်ကျေးမှုကို ပြောင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းဆောင်ပိုင်းကို ပြောင်းလဲပစ်တာပဲ’’
လို့ သူ့အယူအဆကို ဘာ့သ်က ပြောပြတယ်။
ရုံခါတာ ကြမ်းတယ်။ အကြီးအကျယ် ပြောင်းတယ်။ စိတ်မချမ်းမြေ့စရာတွေ ဖြစ်ကုန်တယ်ဆိုတာ ဘာ့သ်က ၀န်ခံတယ်။ ‘‘လွယ်ကူပေမဲ့ မှားနေတာတွေကို ဆက်လုပ်နေမယ့်အစား ခက်ခဲကြမ်းတမ်းတဲ့ မှန်ကန်သောလုပ်ရပ်ကို လုပ်မှဖြစ်မယ်’’ လို့ သူက ရှင်းပြတယ်။
အခုလို ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး တကယ်လည်း ပြတ်ပြတ်သားသား လုပ်တတ်တာဟာ စစ်တပ်ထဲမှာ သူ တာဝန်ထမ်းခဲ့စဉ်က သင်ယူခဲ့တာလား။ သူက စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ၂ နှစ်တိုင်တိုင် စစ်မှုထမ်းခဲ့တယ်။ သူက ပြောပြတယ်။ ‘‘ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချတတ်ဖို့အတွက် လိုအပ်တဲ့ တတ်ပွန်မှုအစုံအတွဲတွေကို ကျွန်တော် တပ်ထဲမှာ ရခဲ့တယ်။ ပြီးတော့ ဦးဆောင်မှု အတတ်ပညာကိုလည်း ကျွန်တော် သင်ယူခဲ့ရတယ်။ စစ်တပ်ဆိုတာ ကာကွယ်ရေးသက်သက်ပဲလို့ ဆိုကြတာ မှားတယ်။ ကိုယ့်ထက် ရာထူးကြီးတဲ့သူတွေကို အလေးပြုတတ်အောင် သင်ပေးတာပဲ ရှိတယ်လို့ ပြောကြတာလည်း မှားတယ်။ ခင်ဗျားကို လေးစားအောင် လုပ်မှ လေးစားခံရမယ်။ ခင်ဗျားကို ယုံကြည်အောင်လုပ်မှ ယုံကြည်မှုတွေကို ခင်ဗျား ခံယူရရှိမယ်။ ယုံကြည်စိတ်ချမှုကို တည်ဆောက်ယူရတယ်။ ရာထူးရှိရုံနဲ့ ခင်ဗျား မရဘူး။ ခင်ဗျား ဆုံးဖြတ်ပေးစရာရှိတာတွေကို ခေါင်းမရှောင်ဘဲ စိတ်ပါလက်ပါဖြင့် ဆုံးဖြတ်ပေးရမယ်။ လူတွေကို သွန်သင်ရမယ်။ သင်တန်းပေးရမယ်။ အဲဒီ တတ်ပွန်မှုတွေကို ကော်ပိုရေးရှင်း အလုပ်ထဲ ယူဆောင်ပြီး သုံးစွဲလို့ရတယ်’’
စစ်တပ်တွင် ရာထူးတိုးဖို့ နှေးကွေးတယ်။ မစ္စတာဘာ့သ်က ရှေ့လှေကားထစ်တွေကို မြန်မြန်တက်ချင်တယ်။ P&G မှာ အလုပ်တစ်နေရာ ရဖို့ရှိလာတာ့ သူ တပ်ကနေ ထွက်လိုက်တယ်။ P&G မှာ အလုပ်ဝင်လုပ်တာ Levi Strauss ကို စီအီးအိုအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်တဲ့အထိပဲ ဆိုပါတော့။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အထိ Levi Strauss က ငါးနှစ်ဆက်တိုက် အမြတ်အစွန်း ရရှိခဲ့တယ်။ ဒါပေမဲ့ ရောင်းအားတက်သလောက် အမြတ်က တက်မလာဘူး။ ဒီတော့ ကုန်ကျစရိတ်သက်သာဖို့နဲ့ အချိန်ကုန်သက်သာဖို့ ခေတ်မီနည်းပညာတွေနဲ့ စက်ကိရိယာတွေ အစားထိုးသုံးစွဲဖို့ ဆောင်ရွက်လျက် ရှိတယ်။ မစ္စတာဘာ့သ်က အခုလို သုံးသပ်ပြတယ်။
‘‘အခု ကျွန်တော်တို့ ရောက်ရှိနေတဲ့ အနေအထားကို ကျွန်တော် ကျေနပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမယ့်ဟာတွေ အများကြီး ကျန်နေသေးတယ်’’

လေဆာဖြင့် ဂျင်းဘောင်းဘီ အရောင်ချခြင်းအကြောင်း ဆောင်းပါးလင့်ခ်

ဘောင်းဘီတစ်ထည် စက္ကန့် ၉၀

http://www.textiledirectory.com.mm/articles/item/723-levi-strauss.html

Read 1135 times
Rate this item
(0 votes)